Tuesday, February 3, 2009

သူပုန်



`` သူပုန် ´´

အဘွားရဲ့ မောင် ...
အဘိုးလေးပေါ့...။
သူရတံဆိပ် ရင်မှာထိုးလို့ 
ဝန်ကြီးမျိုးဟေ့ဆိုပြီး......
တွေ့ သမျှတူသား...
စစ်သားဘဲဖြစ်ရမတဲ့။
အဘွားရဲ့ သား....
ထမင်းစားရင်တောင်
ပုံစံနဲ့ ကျွေးတဲ့ ကျုပ်အဖေလေ....
သားတွေကို သူ့ လိုဘဲ
စစ်ထဲဝင်ရမတဲ့...။
ပန်းချီဆွဲ ကဗျာရေးတဲ့ ကျုပ်ကိုတောင်...
ခပ်ပျော့ပျော့ကောင်တဲ့ ...။
ကျုပ်တို့ က မျိုးဆက်သစ်တွေပါ...
၈၈ မှာ ကျုပ်သောင်းကျန်းတော့
အဘိုးလေးနဲ့ အဖေ..
အမျက်ချောင်းချောင်းထွက်ပြီး..
နာမည်ပန္နက်တယ်....
မျိုးဂုဏ်ဖျက်တဲ့ ......
မိသားစုထဲက သူပုန် တဲ့ ။
ကျုပ်ကတော့...ပုန်ကန်မယ်...
မြန်မာပြည်မှာမွေးတယ်
ဂေါတမဘုရားကိုးကွယ်တယ်
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်...။
တခုတော့ ပြောချင်တယ်...
အဘိုးလေးတို့ စစ်တပ်...
လူစိတ် မကပ်သရွေ့ 
အဖေတို့ ချစ်တဲ့ စစ်သား
မင်းကျင့်တရားဆယ်ပါး ပါယ်ရှားသမျှ
တစ်ပြားမှ မလျှော့
ကျုပ်ကတော့......
သူပုန် ရေးချ သူပုန်ဘဲ...။

သစ်နက်ဆူး
(ဒီကဗျာလေးဖြင့် ..အဘိုးလေးနှင့် အဖေအား ဝေးတစ်မြေမှ ဦးချပူဇော် ပုန်ကန်လိုက်ပါ၏)

10 comments:

  1. သူပုန်ဆိုပေမယ့် မြင့်မြတ်တဲ့သူပုန်၊ ပြည်သူ့သူပုန်။

    ReplyDelete
  2. ဦးချတာလဲ ချပေါ့၊ ပုန်ကန်တာလဲ ပုန်ကန်ပေါ့ ဟုတ်ပြီလား :)))

    ReplyDelete
  3. သပိတ်စုံ သူပုန်ထတယ်ဆိုတာ အုံကြွတဲ့ လူထုတော်လှန်ရေးပါဗျာ။

    ReplyDelete
  4. သူပုန်လုံးကြီးတင် သူပုန်ပဲဗျာ...း)

    ReplyDelete
  5. ဝေးတမြေမှ ပုန်ကန်လိုက်ပါ၏ပေါ့နော်...း) အစစအဆင်ပြေပါစေရှင်....

    ReplyDelete
  6. သူပုန်လုပ်သင့်ချိန်မှာ သူပုန်လုပ်ကိုလုပ်ရမှာပါ အစ်ကို
    အောင်မြင်ပျော်ရွှင်ပါစေ..

    ReplyDelete
  7. " ဦးချပူဇော် ပုန်ကန်လိုက်ပါ၏ " တဲ့လား ။ အဘိုးလေးနှင့် အဖေတော့ အောင့်သက်သက်ဖြစ်သွားမှာဘဲး)း)း)

    ReplyDelete
  8. ကိုဆူး လုံးဝအားပေးတယ်။ သူပုန်အားပေးဖြစ်လည်း ဂရုမစိုက်ဘူး။ :P ဒီကဗျာကို တော်တော်ကြိုက်သွား တယ်။

    ReplyDelete
  9. ကြိုက်တယ် ဒီကဗျာကို...
    ဒါပေမယ့် ရခိုင်လိုဆိုရင်
    "သပုန်"ဆိုတာဆပ်ပြာကို
    ပြောတာနော...

    ReplyDelete
  10. ရခိုင်တွေ လာဖတ်ယင် နာမည်ကြည့်တာနဲ့ ကသစ်ဆူး တယောက် ဇါတ်အကြောင်း၊ ပန်းချီအကြောင်း၊ သီချင်းဆိုပြ ပြီးတော့ အခု သူပုန် ဆိုလို့ ဆပ်ပြာအကြောင်းရေး နေတယ် ထင်ဦးမယ်:P

    ReplyDelete