Showing posts with label ကိုယ်တွေ့ဖြစ်ရပ်မှန်. Show all posts
Showing posts with label ကိုယ်တွေ့ဖြစ်ရပ်မှန်. Show all posts

Friday, December 26, 2008

“ သွားတိုက်ဆေး”





ကျနော့်ဘ၀မှာတစ်သက်မှာတစ်ခါ၊တစ်ခါမှာတစ်သက်ဆိုသလိုမှတ်မှတ်
ယယ အဖြစ်ဆုံးလေးပေါ့…။ ထူးထူးခြားခြားသွားတိုက်ဆေးလေးပါ…….
အညာမှာမွေးသူမှို့ထင်ပါရဲ…တမာကိုင်းတွေတွေ့ရင်သွားတိုက်တံပူလုပ်
ချင်တယ်…..ဆန်စက်တွေမှာလောင်စာအဖြစ်အသုံးပြုတဲဖွဲပြာဖြူဆွတ်
ဆွတ်လေးတွေ တွေ့ တဲ့အခါသွားတိုက်ချင်လာတာ။
အိမ်မှာပက်ဆိုးဒဲန်တွေရှိပေမယ့်၊တမာတံပူတွေ၊ဖွဲပြာဖြူဖြူတွေ၊ဆားမှုန် ညက်ညက်လေးတွေကိုဆီနဲ့ စိမ်ထားတာတွေလဲအမြဲရှိပါတယ်..။
ငယ်ကတည်းကဒီလိုရိုးရာ သွားတိုက်ဆေးတွေအကုန်သုံးလာတာဆို
တော့ သိတဲ့အတိုင်းပေါ့လေ…တမာပင်တွေ့ လဲ…စိတ်ကစားတယ်
ဖွဲပြာနုနုလေးတွေတွေ့ ရင် စိတ်မထိမ်းနိုင်ဘူးပေါ့…။


မနက်မိုးလင်းသွားတိုက်တဲ့အခါ သမီးတွေက အဖေ့သွားလေးတွေ
ဖွေးနေတာဘဲ လိုချင်လိုက်တာလို့ ပြောတိုင်း ကျနော်သုံးခဲ့ဘူးတဲ့ သွားတိုက်ဆေးအကြောင်းကို ပြန်တွေးရင်း ဘယ်လိုကြီးဖြစ်ဖြစ်သွားမှန်း
မသိဘူး…..။
ဖြစ်ခဲ့တာက ရခိုင်မှာ ဇာတ်က”တုန်းကပါ…ကြာပြီ။ ကျောက်ဖြူမြို့ ကနေ
တောင်ဘက် မိုင်၂၀ကျော်မယ်ထင်တယ်…ကင်းဆိပ်ရွာဆိုတာရှိတယ်..
ငါးလုပ်ငန်းတွေ ပိုက်ဆွဲပိုက်ချလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။
ဟိုတစ်ဖက်ကမ်းဆက်ကူးလိုက်တာနဲ့ လေးတောင် တိုက်နယ်ကိုရောက်တာဘဲ…။ ကျနော်တို့ က နောက်တစ်ညမှ ကပြရမှာဆိုပေမယ့် တစ်ရက်ကြိုကူးလာတာပေါ့…တစ်ညအိပ်ပြီးမှ
နောက်ညမှာဘုရားပွဲ ကပြရမှာ..။
ဇာတ်ကားကြီး ကင်းဆိပ်ကိုရောက်တာနဲ့ အားလုံးဆင်းကြတာပေါ့..။
ပစ္စည်းချသူတွေချ၊နားသူတွေနားပေါ့။ ကိုယ်လဲ ကားပေါ်ကဆင်းတာနဲ့ 
အေးအေးဆေးဆေးနေချင်တော့ ခပ်လှမ်းလှမ်းက သစ်ပင်လေးတစ်ပင်နားကိုသွားပြီး သစ္စာတော်ခံ ဆေးလိပ်လေးန့ဲ နှပ်နေတာပေါ့…။
အေးအေးလူလူအတွေးချဲ့ နေယင်း ဘေးပါတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်
လိုက်တော့….အိုး…ကျနော့်ရဲ့ ခရေဇီ..။
ရွှေညာသားတို့ ရဲ့ ခရေဇီ…မီးလောင်ထားပြီးကာစ ပြာနုနုလေးတွေ
ဖြူဆွတ်နေလိုက်တာမှ ဖွေးဖွေးလှုပ်နေအောင်ကိုဖြူတာ…။
ဖြတ်ကနဲထပြီးသေချာကြည့်လိုက်တော့ မီးငွေ့ ငွေ့ လောင်နေသေးတဲ့ ထင်းတုံးတစ်ချို့ ရယ်…ဘေးနားမှာပြန့်ကျဲနေတဲ့ စပါးခွံတစ်ချို့ ရယ်ကို
တွေ့ လိုက်တာနဲ့ သိပြီ ၊ ဒါဖွဲမီးရှို့ ထားတာ၊။
မိဘတွေကိုတောင်သတိရသေးတယ်…ဓါတုဗေဒသွားတိုက်ဆေး
တွေ ဘယ်လောက်ပေါ်ပေါ် သွားခိုင်တယ်ဆိုပြီိးတမာ၊ဖွဲပြာတွေသုံး
တတ်အောင် အကျင့်လုပ်ပေးထားတာ။
ဒီဖြူဖွေးနေတဲ့ ပြာလေးတွေက အနူးညံ့ဆုံး ဖွဲပြာလေးတွေပေါ့…။
နောက်တစ်ကြိမ်ရဘို့ မလွယ်ဘူးဆိုတော့ ခရီးဆောင်အိပ်ထဲက ပလပ်စတစ်အိတ်လေးထုတ်ပြီး ထည့်တယ်…။သိမ်းတယ်။ နောက်မှ
ရေဘူးကိုထုတ်ပြီး မီးပုံနားမှာ ကျကျနနထိုင်ပြီး ပြာဖြူလေးတွေနဲ့  သွားတိုက်တော့တာပေါ့။
အားရပါးရသွားတိုက်နေတုန်း ရခိုင်အဘိုးကြီးတစ်ယောက် ကျနော့်
အနားရောက်လာပြီး ကြည့်နေတယ်၊ ပြီးတော့ သူပြောတယ်…
ကျနော်ကရောက်ကာစဆိုတော့ သူပြောတဲ့ ရခိုင်စကားနားမလည်
ဘူးဗျ…ဒိတော့သွားတိုက်ရင်းဘဲ လောက၀တ်အနေနဲ့ ပြန်ရယ်ပြလိုက်ပါ
သေးတယ်..။ သူလဲဘာတွေဆက်ပြောမှန်းမသိဘူး…။
ကျနော်ကလည်းသွားတိုက်တာ မပျက်ပေါ့..။
သူပြောတာနားမလည်မှန်းသိတာနဲ့ သူလှည့်ထွက်သွားတယ်..
စကားနားမလည်ပေမယ့် သူ့ မျက်လုံးထဲကအရိပ်အယောင်ကိုဖမ်းကြည့်
တော့ တစ်ခုခုဘဲ..။ ခဏနေတော့ မြန်မာစကားတတ်တဲ့  ဇာတ်ဆရာသားနဲသူပြန်လာတာပါဘဲ…အဖွဲ့ သားတစ်ချို့ လဲပါတာပေါ့..။
“ မင်းသား…ဘာလုပ်နေလဲ ”
“ ဒီမှာဖွဲပြာလေးတွေလှလို့ သွားတိုက်နေတယ်လေ”
“ မတိုက်နဲ့ …”
“ သြော်…ဒီပြာနုလေးတွေက လှလို့ ပါဆိုမှ ”
“ အဲဒါ မကောင်းဘူး ”
“ ကောင်းတယ်…ကိုခင်မောင်လတ်ရဲ့ ၊ သွားဖြူတယ်လေ”
“ အေး…နင်တိုက်ချင်ရင်တိုက်ပေါ့…အခုတော့ မလုပ်နဲ့”
“ ဘာဖြစ်လို့ လဲဗျာ…ဘယ်သူ့ ဟာမှ ခိုးတာမဟုတ်ဘဲနဲ့ ”
“ အခုကမှာ ဘုရားပွဲ တော်တော်စည်ကားတယ်…အနယ်နယ်က
လာကြတယ်…အာဂန္ဓုဘုန်းကြီးတစ်ပါး ဘုရားပွဲလာရင်း နာမကျန်း
ဖြစ်ပြီး ပျံလွန်တော်မူသွားတယ်..”
“ ဘယ်လိုပါတ်သက်နေလို့ လဲ”
“ အခု နင်သွားတိုက်နေတဲ့ပြာတွေက ခုနင်ကဘဲ ဘုန်းကြီးကို မီးရှို့ ထား
တဲ့  အရိုးပြာတွေ ”
စကားဆုံးတာနဲ့ ကျနော်ဖြစ်ပျက်သွားတာစာနဲ့ ရေးပြလို့ တောင်
မတတ်ဘူး။ ရေဘူးထဲကရေတင်မကဘူး၊ ဘေးနားကအိမ်တွေက ရေတွေပါယူပြီး ပလုပ်ကျင်း ပါးစပ်ကိုဆေးလဲ စိတ်ထဲမသန့် ဘူး။
၃-၄ရက်လောက် ဘာမှ စားလို့ မရတော့ဘူးဗျာ…။
ညအိပ်ရင်တောင် လာရယ်ပြနေတဲ့ ဘုန်းကြီးကိုဘဲ မျက်စေ့ထဲအမြဲ
မြင်ယောင်နေတာ…။
ကျနော့်သွားလေးတွေ ဖွေးမဖွေး၊ဖြူမဖြူတော့ မသိဘူး..။
လာရယ်ပြနေတဲ့ ဘုန်းကြီးကတော့ ညအမှောင်ထဲမှာတောင်
သွားလေးတွေကဖွေးဥနေတာဘဲ…။
တစ်သက်မှာ တစ်ခါဘဲ သုံးခဲ့တဲ့ သွားတိုက်ဆေးလေးပေါ့…။
မမေ့နိုင်ဘူး…
လွမ်းတယ်…။

သစ်နက်ဆူး