Monday, September 27, 2010

အလွမ်း

စာတွေမရေးဖြစ်ခဲ့ တာ..တော်တော်ပင်ကြာခဲ့ ပြီ..။
ပန်းချီလဲ မရေးဖြစ်..။
စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းနဲ့ ပင်.။ တခါတရံဆိုတာထက် စိတ်က ကိုယ်မှီထိုင်နေကျ ထနောင်းပင်တွေကို သတိယနေမိတယ်..။
ကိုယ့်ကိုကိုယ် မပျော်တာတော့ သိနေတယ်..။
ငယ်တုန်းက သင်ခဲ့ ရတဲ့ ရှေးအမည်မသိစာဆိုရဲ့ ကဗျာလေးကို အထပ်ထပ် စိတ်နဲ့ ရွတ်ဆိုမိတာလဲ ခဏခဏ။
ငယ်တုန်းက ဆောင်းတွင်းမီးလှုံရင်းထိုကဗျာလေးကို သတိ၇တာနဲ့ မီးလှုံနေတဲ့ လက်တွေ ပြန်ရုပ်မိဘူးတာကို သတိရသည်..။
တောထဲသွားရင်း ရှားပင်တွေကို ကြည့်ပြီးကြေကွဲသလို ဖြစ်ဘူးခဲ့ သည်..။
ကိုယ်ကပင် စိတ်ပျော့ညံ့လွန်းတာလား..။
လွမ်းတတ်လွန်းတာလား....။
အမှတ်ရဆုံးစာကြောင်းလေးကို ထပ်ခါထပ်ခါရွတ်ရင်း.. ကိုယ့်ရင်တွေ ပူရပါသည်..။

.......
.......
နေ၀င်စ...ချိုး(ဂျိုး)မရယ် ကူ.....
......
......
......
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင် ရဲရဲငယ်ကင်သည်.....
ရှားရဲမီးတွင်....... ရဲရဲငယ်.....ကင်သည်.....။

သစ်နက်ဆူး

Wednesday, July 28, 2010

သေဆုံးခြင်းမန္တာန်

နှလုံးသားရင်ပြင်ဟာ
အနိုင်အရှုံးသတ်ပုတ်ရတဲ့  ကွင်းပြင်တခုမဟုတ်ခဲ့ ပါဘူး
တိတ်တခိုးကြည်နူးခြင်းများးနဲ့ ပျော်နေရမယ့်အချိန်……
သို့ မဟုတ်…………..
တိတ်တခိုးကြည်နူးနေတဲ့ အချိန်မှာ
မင်း ဘာကြောင့်များ သတ်ကွင်းတခုအဖြစ်ကျေငြာခဲ့ ရတာလဲ..။
နှလုံးသားထဲကပန်းတပွင့်ကို မန္တာန်တွေ မှုတ်ရင်း
ငါပျော်ရွှင်ခြင်းကို မြေသြဇာဖြစ်စေခဲ့ တယ်..
ဘာအတွက်ကြောင့် ဘာတွေမှားခဲ့ ရတာလေလဲ
မြတ်နိုးခြင်းတရားတွေ…
သံယောဇဉ်စကားတွေ အထပ်ထပ်ရွတ်ခဲ့ ရတဲ့ ပန်း
နမ်းရှိုက်မိခါမှ ..
(……….) ရေ..မင်းက နှင်းဆီပန်းမဟုတ်ဘဲ
ငါ့ကို ရစ်ပတ်ဆွဲယူ အသေသတ်မယ့် အသားစားပန်း
ဘာဘဲဖြစ်ဖြစ်လေ…
မင်းသတ်လိုက်ပါ….
မသေခင်အချိန်လေးမှာ ငါသိလိုက်တာက
မန္တာန်မှားခဲ့ တဲ့ 
မှော်ဆရာ ဥယာဉ်မှုးရဲ့ နှလုံးသား
သူပျိုးတဲ့ ပန်းအတွက်ချစ်ခြင်းများနဲ့ အသေခံသွားလိမ့်မယ်။


သစ်နက်ဆူး

Tuesday, March 16, 2010

အနီး အဝေး

လူသည် ဘ၀တခုကို စွဲလန်းခြင်းစိတ်ဖြင့် အရင်းခံကာ ဖြစ်တည်ကြသည်..။ မွေးဖွားခြင်းမတိုင်မှီက စတင် သန္ဓေတည်သော စွဲလန်းစိတ်သည်
( ဘုရား ၊ရဟန္တာမှ အပ) သေသည်အထိတိုင် ဖယ်ခွာဘို့ မလွယ်လှပေ။
ဘ၀ဘ၀များစွာက စွဲလန်းခြင်းကြောင့် ဘ၀များစွာကိုပင် ထပ်ဖြစ်စေသည်။ လောကုတ္တရာလမ်းအမြင်အရ ရုပ်နာမ်တွဲပြီးဖြစ်ပေါ်လာသော သတ္တ၀ါတိုင်း စွဲလန်းစိတ် မကင်းပေ..။
ထို့ ထက် ပိုသည်က လူ့ နယ်ပယ် သို့ ဝင်ရောက်လာပြီးသည့်နောက် ကျင်လည်ကြီးပြင်းရသော အသိုင်းအ၀န်းတွင် ရှေးရိုးစွဲလန်းမှုတို့ ကိုထပ်မံသင်ယူရခြင်းပင်ဖြစ်သည်..။ နေမှု၊ထိုင်မှု၊ ပြောမှု၊ဆိုမှု
အပါအ၀င် ယုံကြည်မှုများကိုပါ ခေါက်ရိုးကျ လိုက်နာရတော့သည်…။
ထိုလိုက်နာသင်ယူရသော သဘောတရားတို့ သည်ပင်လျှင် အနီးအဝေး သဘောကို ဖြစ်ပေါ်စေသည်။
မျိုးကွဲ ငါးတစ်ကောင်ကို အခြားမျိုးမတူသော ငါးအုပ်ထဲသို့ ရောထည့်လိုက်သော်လည်း ထိုငါးသည် ဘ၀ ပြောင်းမသွားနိုင်ပေ။ ဥပမာ…ငါးခူတစ်ကောင်ကို ငါးသလောက်မွေးထားသော ကန်ထဲသို့ ထည့်လိုက်သော်လည်း ထိုငါးခူသည် ငါးသလောက်ဖြစ်မသွားပါ..။ သူ့ တွင် ကိုယ်ပိုင်အမူအရာ၊ ကိုယ်ပိုင်အရောင်အဆင်း ရှိနေခြင်းကြောင့်ပင်ဖြစ်သည်..။ သို့ သော် သဘာဝသတ်မှတ်ချက်နှင့် မူသေ
ရုပ်ဖြစ်တည်မှုအရ..သူသည် လုံးဝငြင်းမရသော ငါးစစ်စစ်တစ်ကောင်သာ ဖြစ်သည်။
ကျနော်သည် ငယ်ကတည်းက မိဘများနှင့်အတူနေရသော်လည်း ဝေးနေခဲ့ သည်..။
ကျနော် အကြိမ်တော်တော်များများ စဉ်းစားခဲ့ သည်..စဉ်းစားပြီးတိုင်းလည်း ကျနော်ပြုံးတတ်သည်။
ကျနော့်သား နောင်နောင်ကို မွေးကင်းစ ကတည်းက…ဥပမာ မမိုးချိုသင်း…သို့ မဟုတ်..ပေါက်…သို့ မဟုတ် မမခင်ဦးမေ၊ ပန်ဒို၊မသက်ဝေ….သူတို့ တွေထဲက တစ်ယောက်ယောက်ကိုများ ၊ဇာတိလမ်းပြတ်၊ ဇာတိပျောက်ကျနော် ပေးခဲ့ လျှင်၊ နောင်နောင် ကြီးလာသောအခါ ကျနော့်ကို အဖေဟု သတ်မှတ်မည်မဟုတ် သလို၊ နာယူကြီးပြင်းမှုသဘောတရား၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်ပုံ၊ နေထိုင်မှု စ၇ိုက်
တို့ သည် ကျနော်နှင့် လားလားမျှ တူမည်မဟုတ်ပေ..။
ဆိုလိုခြင်သည်က လူတစ်ယောက် ကြီးပြင်းရသော ပါတ်ဝန်းကျင်နှင့် ဆိုးပေးလိုက်သော အရောင် သဘောကို ပြောလိုခြင်းပင်။
ကျနော်က ပုံစံခွက်ဆန်သော ဘ၀ကို မကြိုက်တတ်ပါ၊ သို့ ပေမယ့် စဉ်းစားခြင်းကိုတော့ ကြိုက်သည်။
ငါးတစ်ကောင် ဘ၀ပြောင်းမသွားသော်လည်း လူသည် စဉ်းစားဆင်ခြင်တတ်သော သဘောနှင့် မသိမသာလေးညင်သာစွာကပ်ပါလာတတ်သော စွဲလန်းခြင်းကြောင့် ဘ၀တွေခြားနိုင်သည်..။
လမ်းတွေ ပြောင်းနိုင်သည်..။ ရပ်တည်မှုတွေ ပြောဆိုမှုတွေ ပြောင်းလဲနိုင်သည်။ အထူးခြားဆုံးကား
နီးလျှက်နဲ့ ဝေးသွားနိုင်သည်..။
ဘာသာရေးသဘောတရားတွေကို ကျနော်မပြောချင် ၊မရေးချင်သော်လည်း မိဘရင်ခွင်နှင့်
ဝေးခဲ့ ရသော ၊ဝေးနေဆဲဖြစ်သော ကျနော်ကတော့ ကျနော်ကြုံတွေ့ ရသော အကြောင်းအရာ၏
အ၇င်းခံ ကို ပြောမှရမည်။
မှတ်မှတ်ရရ ကျနော် ၃တန်းအရွယ်လောက်ကဖြစ်သည်၊ အိမ်တောင်ဘက် မြက်ခင်းပြင်ကြီးထဲတွင် နွားတွေ မြက်စားနေသည်ကို ကြည့်ရင်း ကမ္ဘာကြီးသည် အပြားကြီး၊ အပေါ်က မိုးတိမ် အခုံးကြီးနှင့် အုပ်ထားခြင်း မဟုတ်ကြောင်းကို ဘယ်ကနေဘယ်လို စဉ်းစားလိုက်မိမှန်းကို မသိပါ..။
ဒါပေမယ့် ကျနော်သိလိုက်သော အကြောင်းအရာကို အိမ်သို့ ပြန်ပြေးလာပြိး အကိုအကြီးဆုံးကို
ကမ္ဘာကြီးသည် အပြားကြီး မဖြစ်နိုင်ကြောင်း နေ၀င် နေထွက်ခြင်းသည် အရှေ့ မှ ထွက်ပြီး အနောက်အရပ်သို့ ဝင်ခြင်းကြောင့် ကမ္ဘာသည် လုံးကို လုံးရမည်။ အကယ်ရွေ့ အပြားကြီးကို အမိုးအုပ်ထားပါက ဒီနေ့ ..မနက် နေလုးံသည် အရှေ့ မှ ထွက်ပြီး အနောက်ကို ၀င်လျှင် နောက်နေ့ မနက်လင်းလျှင် နေ သည် အနောက်အရပ်မှပြန်ထွက်ကိုထွက်၇မည်..ယခု အနောက်က နေမထွက်ဘဲ အရှေ့ အ၇ပ်ကပင် နေပြန်ထွက်ခြင်းကြောင့် ၊ ကမ္ဘာကြီးသည် လုံးနေသည်ဟုပြောပြသောအခါ နဖူးကို လက်သီးနှင့် ခတ်ဆတ်ဆတ် ထိုးပြီးသည့်နောက် အဖေတို့ ကို သံတော်ဦးတင်ပြီးသကာလ တမျိုးလုံးတစ်ဆွေလုံး တစ်မိသားစုလုံး ပြားနေသော ကမ္ဘာကြီးကို ကျနော်တစ်ယောက်ထဲ ထူးထူးခြားခြား လုံးသောကြောင့် ညနေစာထမင်းလုံးဝမကျွေးဘဲ ထားလေသည်။
ကလေးတွေး ကလေးအသိနှင့် ကျနော်စဉ်းစားပြောဆိုလိုက်သော အလုံးအပြားဇာတ်လမ်းသည်
အနီးအဝေး၏ အစဟု ကျနော် ထိုစဉ်က မထင်ခဲ့ ပါ..။
ကျနော် ၄တန်း ကျောင်းသားအရွယ်တွင် အမေ့ ၏ဖခင် ကျနော့် အဘိုး ဗလီကျောင်းတွင် ၀တ်ပြုအပြီး
စားသောက်မှုများအားလုံးပြီးသော အချိန်တွင် ကျောင်းသမံတလင်းပေါ်တွင် ပစ်ချထားခဲ့ သော ဌက်ပျောခွံကို နင်းပြီး ချော်လဲကျပြီး ဦးဏှောက်သွေးကြောပြတ်ကာ ဆုံးပါးခဲ့ သည်။ထိုစဉ်က ကျနော်မငိုပါ။
ငိုရမည်ဟု မသိပါ.။ မမ( အမ ၀မ်းကွဲ )လက်စွမ်းပြ လိမ်းပေးထားသော သနပ်ခါး ပါးကွက်ကြားလေးနှင့်
အိမ်ရှေ့ မှာထိုင်နေတုန်း မမအမျိုးသား ကိုချစ်ဆွေက “ညီညီ မင်းအဘိုးဆုံးတာ မင်းက မငိုဘဲနဲ့ သနပ်ခါးတွေလိမ်းပြီး လာထိုင်နေတယ်…ဖျက်လိုက်ဖျက်လိုက်” သူပြောမှ သနပ်ခါးဖျက်ရမည်ဆိုတာသိပြီး တံတွေးနှင့် ပွတ်သတ် ဖျက်လိုက်ရသည်..။
ငိုရမတဲ့ လား………
ငိုရမတဲ့ လား……..
ဒါဆို……ဘာသာရေးနေ့ ကြီးများတွင် လှုဒါန်းသောသဘောဖြင့် နွားများကို သတ်ကာ အရပ်ဝေကြသည်။
မသတ်ဖြတ်မှီ နွားကို ပန်းတွေ ဆင်ပေးထားပြီး တိုင်မှာ ချည်ထားချိန်တွင် နွားများ မျက်ရည်ကျနေသည်ကို ကျနော်အများကြီိးတွေ့ ဘူးပါသည်။ ဆိတ်ကလေးတွေဆို လျှင် မျက်ရည်ကျရုံတင်မက အဆက်မပြတ် အော်နေတတ်သည်..။
သေဆုံးခြင်း …သတ်ဖြတ်ခြင်း
ငိုကြွေးခြင်း…………………….
“သေ”သောအခါ ငိုကြပြီး…“ သတ်” သောအခါ အဘယ်ကြောင့် မငိုသနည်း…
အသတ်ခံရသူတို့ ၏ မျက်ရည်ကို အဘယ်အကြောင်းအရာက မမြင်မတွေ့နိုင်အောင် ကာဆီးထားသနည်း။
အဘိုးဆုံးသောနေ့ ……၄တန်းကျောင်းသားအရွယ်တွင်
“တိရိစ္ဆာန်သတ္တ၀ါ၊တို့ သည် လူသားများစားရန် ……………………..မှ ဖန်ဆင်း ပေးထားသည် ဟူသော
စကားသည်..တဖက်သားကို မညှာတာရာရောက်သည်..မညီမျှဟု တွေးမိလိုက်သည်နှင့် မမယောင်္ကျားကို ကျနော် အမေကြီး( အဖေ့မိခင်) တို့ အိမ်သွားတော့မယ်ဟုပြောပြီး တခါတည်း ထထွက်ခဲ့ သည်.။
နောက်နေ့ မာမီ( ကျနော့်အမေ)နှင့် တွေ့ သောအခါ “မင်းမနေ့ က မင်း“သာသာ”(အဘိုး)မရပ်ဒ်( အသုဘ အခမ်းအနား)မှာတုန်းက ကပါရ်ဆန်(သချိင်္ုင်း) မှာ မတွေ့ ဘူး ..ဘယ်သွားနေလဲ ”ဟု မေးသောအခါ
“ အမေကြီးတို့ အိမ်မှာ ပန်းချီဆွဲနေတယ်” ဟု ပြောပြီးသောအခါ မာမီ ထပ်ငို လေသည်..။
မာမီငိုနေသည်ကို ကြည့်ပြီး ကျနော်စိတ်မကောင်းပါ..။
တဖြည်းဖြည်းနဲ့ ကျနော်ပိုပြီး ဝေးခဲ့ လေပြီ..။
စာဖတ်အားကောင်းလာသည်နှင့်အမျှ ကျနော်သည် အိမ်မှာ သီးခြားအရောင် တစ်ရောင်ဖြစ်လာခဲ့ သည်..။
ဘယ်လိုမှ ရောစပ်မခံသော …ဆန့် ကျင်ဖက် အသွင်ဆောင်သည့် အရောင်ဖြစ်လာသောအခါ…..
ကျနော် မိဘရင်ခွင်နှင့် အဝေးကြီးဝေးခဲ့ ပေပြီ။
…………………..
…………………..
…………………..
သမီးကြီး ၆နှစ်အရွယ်လောက်တုန်းက ကျနော် ပန်းချီဆွဲခြင်း ခဏနားသည့်အချိန်တွင် သမီးနှင့် အတူဆော့သည်။ လက်ဝှေ့ ထိုးတမ်း နပန်းလုံးတန်း ကစားသည်၊ ပထမ သမီးကို အနိုင်ပေးပြီး ကိုယ်က အောက်ကဘဲနေပေးသည်..သူမောနေမှ ခြေတွေ လက်တွေကို ကိုယ်က ချူပ်ထားပြီး သူမရုန်းနိုင်ချိန်ဆို ကျနော်က သမီး မေးစေ့ လေးကို ကိုင်ပြီး…
“ ကိုင်း…ဘာတတ်နိုင်သေးလဲ …ကိုယ့်လူ..”ဟု ပြုံးပြီးမေးလျှင်…
“ ဘာမှ မတတ်နိုင်တော့ပါဘူး ဖေ့ဖေ ရယ်” ဟု သမီးက ပြောတတ်သည်။
………………………….------…………………………
ကျနော် ပြည်တွင်းမှာ နေထိုင်စဉ်ကလည်း မိဘကို ငွေကြေးထောက်ပံ့ဘူးပါသည်။
ထိုင်းနိုင်ငံမှာ နေထိုင်တုန်းကလည်း တတ်နိုင်သလောက် ထောက်ပံ့ပါသည်။ သို့ သော် ကျနော် မထောက်ပံ့လျှင်လည်း ဘာမှကို မှုစရာမလိုအောင် အဖေတို့ က စီးပွားရေးကောင်းပါသည်..။
ဥရောပ ရောက်ပြီိးသည့်နောက်တော့ ထူးထူးဆန်းဆန်း ပစ္စည်းတွေပို့ ပေးပါသည်..။ ငွေကြေးလဲ
တော်တော်များများ ထောက်ပံ့ပေးခဲ့ပါသည်။ နာရီ၊ ကင်မရာ အမျိုးမျိုး ၀ယ်ပေးခဲ့ ရာက
အဖေက …ငါးမျှားတန် ကောင်းကောင်း ၀ယ်ပေးပါ..တဲ့..။
ငါးမျှားတန်က ဈေးမကြီးပါ….သို့ သော် ကျနော် ဘယ်လိုစိတ်နဲ့ ဝယ်ရမှန်း မသိ။
ကွင်းဆက်တွေကို စဉ်းစားနေရင်း လက်တွန့် နေခဲ့သည်။ ငွေကိုသာ ခဏခဏ ပို့ ပြီး၊ ငါးမျှားတန်ကို မေ့ချင်ယောင်သော်လည်း အဖေကတော့ ခဏခဏ ထပ်မှာခဲ့ သည်..။
ကိုယ်တိုင် သူ့ အသက်သတ်ခြင်းသည် အကုသိုလ်အလုပ်ဟု စွဲလန်းနေစိတ်နှင့် ကြံရာပါဖြစ်မှာ
ကြောက်ပြီး မ၀ယ်ပေးခြင်းသာ ဖြစ်သည်။
“ မြစ်၏ တစ်ဖက်ကမ်းမှ ဟိုမှာဘက်ကမ်းသို့ ဖောင်ကို အသုံးပြုပြီး ကူးခတ်သွားသူသည် တစ်ဖက်ကမ်းသို့ ရောက်သောအခါ မိမိစီးနင်းလာသော ဖောင်ကို သယ်ယူပြီး ထမ်းသယ်သွားစရာမလို ပေ”။
ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်ရှုစေသော တရားသဘောကို နှလုံးသွင်းပြီး…………………………
သူငယ်ချင်း (ငါးမျှား ဆရာကြီး) အကူအညီဖြင့် ငါးမျှားတန် အကောင်းစား တလက် ၀ယ်ပို့ ပေးခဲ့လေသည်..။ ပို့ ပေြး့ပီးနောက် အဖေ့ဘက်ကလဲ ဘာမှ မပြော ကိုယ့်ဘက်ကလဲ ၀ယ်ပေးခဲ့သည့်
အဖြစ်ကို မေ့ နိုင်အောင် နေထိုင်ခဲ့ လေသည်..။
ငွေကိုတော့ ၂လတခါ အလုံးအရင်းနဲ့ ပို့ ပေးပြီး ကျေးဇူးဆပ်ခဲ့ ပါသည်..။
ငါးမျှားတန်လေးကိုလဲ မေ့သလောက်ဖြစ်နေခဲ့ ပေပြီိ..။
…………………………………
…………………...
ဲ ပြီးခဲ့တဲ့ တပါတ်နှစ်ပါတ်လောက်က မမက သူ့ တူမတွေနဲ့ သူ့ ယောင်းမအတွက် အမရပူရ ကြိုးကြီးချိတ်ထမီနဲ့ 
မေရှင် ရင်ဖုံးအကျီ င်္လေးတွေ ပို့ ပေးလာရင်း ပါလာသည့် စာတွေကို အားရပါးရဖတ်ရသည်…
အဖေ ရေးလိုက်သော စာလဲ ဖတ်ရပါသည်...............။
“ ညီညီရေ…မင်းပို့ ထားတဲ့ ငွေတွေကို စုစည်းထားပြီး အလုပ်တခု လုပ်ထားတယ်..အရင်က မပြောသေးတာက လုပ်ငန်းလဲ အကောင်အထည် မပြနိုင်သေးသလို…နောက် မင်းကိုလဲ ၀မ်းသာစေချင်
လို့ ပါ..မင်းပို့ ထားတဲ့ ငွေတွေနဲ့  အပါတို့  ၃ဧကကျယ်တဲ့ မြေနေရာဝယ်ပြီး ငါးမွေးမြူရေးကန် ၂ကန် လုပ်တယ်၊ နောက် မြေဧက ၁ဧက အကျယ်မှာက ငါးကန်တစ်ကန် သပ်သပ်တူးထားပြီး ငါးတွေ မွေးခဲ့ တာ။
အခု ငါးတွေ ဖော်တော့ ပိသာချိန် ၃၀၀၀ ကျော်လောက်ရတယ်..
လောလောဆယ် လက်ငင်းရငွေကတင် သိန်း ၄၀ ကျော်နေပြီိ…နောက်ထပ်ရတဲ့ ငွေတွေနဲ့  ငါးကန်ကိုလဲ ထပ်ချဲ့ ဦးမယ်ကွာ…
ဒါမင်းဝမ်းသာစေချင်လို့ အခုမှ ထုတ်ပြောတာကွ..။ မင်းလဲ ကျမ္မာရေးဂရုစိုက်ဦး………………………………
………………………………………………..xxxxxxxxxxxxxxxxx---+++====….”
။။။။။။။
သမီးနဲ့ ဆော့ကစားရင်း ကျနော် မေးစဉ်က သမီးက ဖြေခဲ့ သည်…
ယခု ကျနော့်အဖေက ဘာမှ မမေးပါ..။
ကျနော့်ဘာသာ တစ်ယောက်တည်း ပြုံးပြီး ဖြေနေပါသည်
“ ဘာမှ….မတတ်နိုင်တော့ပါဘူး…ဖေ့ဖေ”
……………..
……………..
ကမ္ဘာ အပြားကြီးပေါ်တွင် ကျနော့်အဖေက ငါးကန်ကြီးများတူးပြီး မွေးမြူရောင်းချရင်း ပျော်နေလေသည်..
ကမ္ဘာလုံးကြီး၏ အစွန်းတစ်ဖက်ဖျားက ကျနော်ကတော့ အနီးအဝေး သဘောကို တွေးရင်း ပြုံးပြုံးကြီးလုပ်နေသည်………………။ ။
သစ်နက်ဆူး

။ ။.မည်သည့်ဘာသာကိုမျှစော်ကားလိုစိတ် ၊ မရှိပါ ၊ ကျနော်လက်ခံကျင့်ကြံနေသော ဗုဒ္ဓဘာသာဝင်များထဲတွင်လဲ လူသတ် သမား၊သားသတ်သမားများစွာရှိပါသည်..။ ဘာသဘာရေးကို ပြောဆိုခြင်းထက် အယူအဆ မတူသော မိသားစုထဲက လူတစ်ယောက်၏ စိတ်အနီးအဝေးကို ပြောလိုချင်းသာ ဖြစ်ပါသည်။ ။

Thursday, March 11, 2010

ရှင်ကွဲ (သို့ မဟုတ် ) လမ်းခွဲ

ဘာဘဲပြောပြော လမ်းခွဲကြပြီဆိုကတည်းက အရာအာလုံးသည် ပြီးဆုံးသွားပြီ.။
ဘ၀ကိုဖြတ်သန်းရာတွင် လက်တွဲဖော်…လက်တွဲဘက်အဖြစ် အပြန်အလှန်နားလည်မှုတွေနဲ့ 
လျှောက်လှမ်းခဲ့ ကြပေမယ့်…
အခုချိန်မှာတော့ အရာအားလုံးသည် ပကတိ သူစိမ်းသက်သက်..။ သားသမီး ၃ယောက် ရှိလို့  သမီးကြီးတောင် အသက်၂၀ ပြည့်ခဲ့ ပြီ..။
ကိုယ့်ရဲ့ ယတိပြတ်စကားကြောင့် သမီးရဲ့ အဖေ့ ပေါ်တွင် နားမလည်နိုင်သော ဝေခွဲရခက်သောမျက်နှာ။
မျက်လုံးကြည်ကြည်လေးနဲ့ ကိုယ့်ကို အခန်းထောင့်က ကြည့်နေသော သားလေးရဲ့ မျက်နှာ..။

ကိုယ်က အရာရာကို သံယောဇဉ်နဲ့ တွေးဆစဉ်းစားသူဖြစ်ပေမယ့်…
“ ရှင် ..တစ်ကယ်ပြတ်နိုင်မလား စောင့်ကြည့်ရသေးတာပေါ့…” ဆိုတဲ့ စကားနဲ့ ပြုံးထေ့ထေ့ မျက်နှာကပင်
ကိုယ့်မာနကို နိုးဆွလိုက်သလို..။
သားသမီး တွေမရခင်ကတည်းက လက်တွဲလာခဲ့ တဲ့ သူမ (မဒမ်ဆူး)နှုတ်က ဒီလိုစကားမျိုးထွက်လာမှတော့….။
……
ကိုယ်က သူတော်ကောင်းတစ်ယောက်မဟုတ်ပေမယ့် လူကောင်းတစ်ယောက်အဖြစ် ကြိုးစားနေထိုင်ခဲ့သည်..
သူမကို သံယောဇဉ်တွယ်ခဲ့ လေသမျှ ကိုယ်ကသာ အရှုံးဖြစ်ခဲ့ တာတွေ…။
သူမက အမြင် အသွင်လှပပေမယ့် သူမကြောင့် စကားဝိုင်းကနေ ထ”ထွက်ခဲ့ ရတာတွေ….
သူမကို ပါတ်ဝန်းကျင်ကတားမြစ်တဲ့ ကြားက ရဲရဲကြီး လက်တွဲပြီး ရင်ဆိုင်ခဲ့ တာတွေ..
ဟိုတုန်းကတော့ သူမနဲ့ အတူ နှင်းပွင့်တွေ ကြား ဖြတ်သန်းဘူးသည်..
နှင်းငွေ့ တွေကြား ဖြတ်သွားဘူးသည်….မိုးစက်တွေကြား …နေပူကျဲကျဲ လက်တွဲဘူးသည်..။
ကိုယ်စိတ်ဓါတ်ကျဆင်းနေချိန်တွေမှာ သူမက အားပေးဖေါ်ဖြစ်ခဲ့ ဘူးသည်
ကိုယ်အားငယ်ချိန်မှာ သူမက အားအင်တွေပေးဘူးသည်
ကိုယ့်စိတ်တွေ ထွေပြားရှုပ်ထွေးနေချိန်မှာ သူမက လမ်းစလေးတွေ ချပြပေးဘူးသည်

ဒီကျေးဇူးတွေ ဒီိသံယောဇဉ်တွေနဲ့ ကိုယ်က သူမအပေါ် ပစ်ပစ်ကာကာ မလုပ်ရက်ပေမယ့်…
သူမရဲ့  ဟန်ဆောင်ပြုံးတွေ….
အားအင်အဖြစ် လိမ်ညာခဲ့ တဲ့ အရိပ်အယောင်တွေ…
အရာအားလုံးကို သေချာစေ့စေ့တွေးမှ သူမရဲ့ အပြုအမူ..သူမရဲ့ ပုံရိပ်တွေက လိမ်ရက်နိုင်သူကြီးအဖြစ် ကိုယ်သိလာရပြီ..။
သူမကြောင့် ကိုယ်ရင်မောခဲ့ ရတာတွေ…
သူမကြောင့် ပါတ်ဝန်းကျင်မှာ အသက်ရှုကျပ်ခဲ့ ၇တာတွေ…။
သိပေမယ့်…သံယောဇဉ်ဆိုတဲ့ စကားလေးက…ကိုယ့်ကို တွေဝေစေခဲ့ သည်…။
ခုတော့ …
ကိုယ့်မာနနဲ့ သံယောဇဉ်ကို ပြိုင်ဆိုင်တဲ့ ပွဲ..။ လှည့်မကြည့်တမ်း လမ်းခွဲတဲ့ ပွဲ..။
မနေ့ ညနေခင်းကတည်းက လမ်းခွဲခြင်းပြသနာက ကိုယ့်အိမ်မှာ စခဲ့ သည်..။
အစားကို အကုန်မစားတတ်ပေမယ့် စကားကိုတော့ ကိုယ်က အကုန်ပြောလိုက်ခဲ့ ပြီ..။
“ ငါ့မာနကို ထိလာရင်တော့ ငါက ဘွာမခတ်တတ်ဘူး…ပြတ်တယ်”
ကိုယ့်စကားကြောင့် ကိုယ့်အမျိုးသမီးမျက်နှာ တစ်ချက်ပျက်သွားသလို..
သမီးကြီးရဲ့ အံ့သြတဲ့ မျက်လုံးများ…မယုံနိုင်တဲ့ မျက်လုံးများ…( ပြောပြီးရင် မပြင်တတ်တဲ့ အဖေရဲ့ အကျင့်ကို
သိနေတဲ့ သမီးက တခွန်းမှ ၀င်မပြောပါ)
သူမကို ကိုယ့်ဦးနှောက်…ကိုယ့်နှလုံးသား..ကိုယ့်စိတ်ကူး…..အာလုံးထဲက ဆွဲထုတ် ပစ်လိုက်ပြီ။
အနှစ်၂၀ကျော် လက်တွဲ လာတဲ့ သံယောဇဉ်..ရင်က တစ်လှပ်လှပ်ခုန်သည်
နောက်ဆုံးအနေနဲ့ ကြည့်မိသော ကိုယ့်ရင်မှာ ပင်ပန်းနွမ်းလျှလျှ…။
……
အိပ်ယာဝင်အချိန်မှာ အထီးကျန်လွန်းသည်..
သားက အယင်ညတွေထက် ကိုယ့်နားကို ပိုတိုးကပ်ပြီးအိပ်သည်..
သူ့ အသိ သူ့ အရွယ် ငယ်ပေမယ့် ကိုယ့်အဖေရင်မှာ ဘယ်လိုခံစားပြီး အနေခက်နေမှာကို သူသိပါလိမ့် မည်။
……
အနက်မိုးလင်တော့ ကိုယ့်ဘေးနားမှ သူမ မရှိပါ..
မနေ့ ညနေက လမ်းခွဲဘို့ ပြောပြီးချိန်ကတည်းက သူမသည် အခါတိုင်းလို ကိုယ့်အနားမှာ မရှိပါ..။
ကိုယ်တော်တော် ခံစားရမှာဘဲလို့ …ထင်ထားခဲ့ သမျှ..ကိုယ့်ကိုကိုယ်တောင် အံ့သြမိသည်..။
ကိုယ် သူမအတွက် ဘာမှ မခံစားရ…ဘာခံစားမှုမှ မဖြစ်။
အနှစ် ၂၀ ကျော် သံယောဇဉ်ဆိုတဲ့ စကားက ခုတော့ ရယ်မောစရာ..။
ညနေ ၄နာရီလောက်မှ သူမကို လှမ်းတွေ့ ရခိုက် သူမရဲ့ သံယောဇဉ် မျက်ဝန်းများနဲ့ အကြည့်ကို
တခါမှ မသိခဲ့ ဘူးသော လူတစ်ယောက်လို ကိုယ့်က မာနတရားနဲ့ ရင်းပြီး ပြုံးပြလိုက်သည်..။
ကိုယ့်တို့ လမ်းခွဲခဲ့ ပြီလေ..
ကိုယ့်တို့  လမ်းခွဲခဲ့ ပြီ….
သြော်…..ခုတော့လဲ သက်ဆိုင်ခဲ့ သမျှ အရာအားလုံး အငွေ့ အဖြစ် လွင့်ပျယ်သွားခဲ့ ပြီဘဲ..။
သူငယ်ချင်းလိုဘဲ ဆက်လို့  ခေါ်မည်ခိုင်လို့ လဲ ကိုယ်မပြော..
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်လို့ လဲ..ကိုယ်မပြောပါ..။
မင်းမကျေနပ်လို့  တစ်ဖက်သတ်ရေးတယ်ထင်ရင်..မင်းဘက်ကလဲ လူတစ်ကာသိအောင် ချပြနိုင်ခွင့်ရှိပါတယ်
ပြောခွင့်ရှိပါတယ်..။
ကိုယ့်ဘက်ကတော့ ထပ်ပြောချင်တယ်….သံယောဇဉ်ပြတ်…မေ့ ပစ်နိုင်တယ်။။


------------xxxxxxxxxxxxxxxxxx--------------



ကိုယ့်ဆုံးဖြတ်ချက်ကြောင့်…သမီးကြီး၊သမီးငယ်နဲ့ သားနောင်နောင်တို့ ပျော်ရွှင်နိုင်ကြပါစေ..။
အင်းးးးး …..ဘာလို လိုနဲ့ အနှစ် ၂၀ကျော်သောက်လာတဲ့ ဆေးလိပ်ကို လမ်းခွဲပြီးဖြတ်လိုက်တာ ဒီနေ့ ဆို 5ရက်ရှိပြီ။

သစ်နက်ဆူး

Monday, March 8, 2010

တစ်ရေးနိုး....ကိုယ့်အကြိုက်

ကိုအောင်(ပျူနိုင်ငံ)က ကိုယ့်အကြိုက်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မှတ်မှတ်ယယ တက် ဂ်ထားတယ်..။
ကျနော်ကလဲ တော်တော် ကို ရေးချင်ပါတယ်…ဟိုအကြောင်း ဒီအကြောင်း၊ဟိုအလုပ် ဒီအလုပ်တွေ
နဲ့ ပတ်ချာလည်ရင်း ခုမှသာရေးဖြစ်တာ..။
ကိုယ့်အကြိုက်ဆိုတဲ့ ခေါင်းစဉ်က အမှတ်တမဲ့ ဆိုရင်တော့ လွယ်သလိုရှိပေမယ့် သူ့ ထဲမှာ အနက်အဓိပ္ပါယ်တွေက လေးနက်နေသလို..။
ပထမဆုံးကိုယ့်အကြိုက်ပြောရမယ်ဆို…………….
တရားမျှတမှုကို ကြိုက်တယ်…
လူမျိုးရေးမခွဲခြားမှုကို ကြိုက်တယ်….
အသားအရောင်မခွဲခြားမှုကို ကြိုက်တယ်…
ဘာသာရေးမခွဲခြားမှုကို ကြိုက်တယ်..။
လေးနက်မှု၊တည်ငြိမ်မှု၊အေးချမ်းမှုကိုကြိုက်တယ်။။
တစ်ဖက်သားရဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်ခြင်းကို ကြိုက်တယ်…။
ကိုယ်တိုင်လဲ မြန်မာဆန်ဆန် ၀တ်စားချင်တယ်..မြန်မာဆန်ဆန်ဝတ်စားထားရင်လဲ ကိုယ်က လေးစားတယ်..
( တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုကို မကြိုက်ဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်)။
ကိုယ်ကြိုက်တဲ့ အစားအစားတွေ ပြောပါဆိုရင်တော့…..
အုန်းထမင်း၊ဒန်ပေါက်၊ဆီထမင်း၊စမူဆာ၊ပလာတာ၊ရွှေကြည်ဆနွင်းမကင်း၊မုန့် ဆီကြော်၊မုန့် ပေါက်ကြော်၊
ပေါက်စီ၊ေ၇မုန့် ၊ မုန့် ပြားသလက်၊မုန့် အုပ်ကလေး( မုန့် လင်မယား)၊ဘိန်းမုန့် ၊ နန်းကြီးသုပ်၊ခေါက်ဆွဲသုပ်၊
ခေါက်ဆွဲကြော်၊ဆမိုင်၊…………..ကောက်ညှင်းပေါင်း၊ခေါဆီ( ခေါပုတ်)
အညာဆန်တဲ့ အစားအစာဆိုရင်…
ရှားသီးဆန်သုပ်၊ထနောင်းရွက်သုပ်၊ညောင်ရေဖူးသုပ်၊ကုက္ကိုရွက်သုပ်၊ဆီတိုဟူး(ဆစ်တိုဟူး)….
အဲဒါတွေကြိုက်တယ်….
နောက်ကြိုက်တာတွေ အများကြီးရှိနိုင်သေးတယ်..။
သိပ်ကလေးဆန်သွားမှာစိုးလို့  ဒီလောက်ဘဲ ရေးပြရတာကို ကြိုက်တယ်….။

သူများတွေ ရေးပြီး မေ့နေလောက်ချိန်မှ...ကိုယ်ကရေးလို့ ....တစ်ရေးနိုး ကိုယ့်အကြိုက်၊။

သစ်နက်ဆူး

Thursday, February 11, 2010

မောင့်ဂွက်ကိုရှာ

မောင့်ဂွက်ကိုရှာ ဆိုလို့  ဘာ...ဘာသာစကားကြီးပါလိမ့် လို့  မတွေးလိုက်ပါနဲ့ ဦး...ရေးတော့အမှန်..ဖတ်တော့ အသံလို့ ဆိုစကားရှိတယ်မဟုတ်လား...။
အသံထွက်အတိုင်းရေးထားလို့ ပါ..
ပြောချင်တာက မောင့်ကွက်ကိုရှာ..။
ဒီလို... လူဆိုတာက မှားတတ်ပါတယ်..မှားနေတာကို အမှန်သိတဲ့ လူက ထောက်ပြပြောဆိုခဲ့ ရင် ပြင်သင့်တယ် မဟုတ်လား..။
ပြောတဲ့ လူက ပြောပေမယ့် ပြုလုပ်ပြောဆိုသူက မပြင်ရင်တော့...တမျိုးကြီးပေါ့။
မနေ့ က Burmese classic ဖျော်ဖြေတင်ဆက်မှုမှာ မနီနီဝင်းရွှေသီချင်းသိဆိုမှုကို နားထောင် ခံစားမိတယ်..။
မှတ်မှတ်ယယ နီနီဝင်းရွှေကို မန္တလေးက ဦးဘသိန်းရေးပေးတဲ့ “ ကိုယ်လိုချင်သောပန်း” ဆိုတဲ့ သီချင်းနဲ့ သူအနုပညာကိုတော်တော်လေး လေးစားစွဲလန်းခဲ့ ဘူးပါတယ်.။
ထို့ အတူဘဲ မေ့ကွက်ကိုရှာ..သီချင်းကိုလဲ ကြိုက်ခဲ့ တာဘဲ..။
ညက နားထောင်ပြီး မနက်၆ နာရီ အလုပ်မသွားခင် အိမ်မှာ ကော်ဖီသောက်ရင်းနဲ့ ရခိုင်မှာ ကခဲ့ တုန်းက အတွေ့ အကြုံလေးကို တွေးရင်း ရယ်မိတယ်..ပြီးတော့ မဒမ်ဆူးကိုပါပြောပြပြီး ၂ယောက်သား ထပ်ရယ်မိပြန်ရော...။
ကျနော် ရခိုင်က ဦးကျော်နုဖြူဇာတ်မှာ ၁နှစ်ကတော့ သူ့ ချွေးမက ရှိုးဆိုတယ်...မြန်မာသံအစီအစဉ်မှာ သူက ၀င်ဆိုတာပါ..
အဲဒီတုန်းက အဆိုတော်လွှမ်းမိုးရဲ့ ပွဲကြိုက်ခင် စီးရီးက ရခိုင်အထိအောင်ကို ပေါက်တာ..။
ဒီသူငယ်ချင်းမက မြန်မာသံအစီအစဉ်မှာ ၀င်ဆိုရင်း ..
“အခု ကျမသီဆိုမယ့် တေးသီချင်းကတော့ “ မောင့်ဂွက်ကိုရှာ” ဖြစ်ပါတယ်ဆိုတော့..။
ကိုယ်ကလဲ မကြားဘူးတော့ နားထောင်နေတာပေါ့...ဆိုမယ့်ဆိုတော့....မေ့ ကွက်ကိုရှာ သီချင်းဖြစ်နေရော...။
သူပြန်ဆင်းလာတော့ သူ့ ယောကျာင်္းကိုရော သူ့ ကိုရော ပြောပြရတာပေါ့..စာသားမှားနေတယ်..
မေ့ ကွက်ကိုရှာ လို့ ဘဲ ဆိုရမယ်ဆိုတော့ သူတို့ လင်မယားက အတင်းကိုငြင်းတော့တာဘဲ..။
လွှမ်းမိုး ခွေကိုတောင် ကက်ဆက်နဲ့ ဖွင့်ပြလိုက်သေးတယ်...။
“တွေ့ လား....လွှမ်းမိုး ကယောင်္ကျားအနေနဲ့ဆိုတော့ သူ့ ချစ်သူကိုမေ လို့ သုံးတယ်... သံစဉ်နဲ့ ဆိုတော့ မေ့ကွက်ကိုရှာဖြစ်တာပေါ့...အခု
ကျနော့်မိန်းမဆိုတော့ မိန်းကလေးက သူ့ ချစ်သူကို မောင်လို့ သုံး၇မှာလေ..”
ခက်ပြီ...သီချင်းထဲက မေ့ ကွက်ကိုရှာဆိုတာ မောင်နဲ့ မယ်( မေ)ကိုဖော်ညွှန်းတာမဟုတ်ဘူး..မေ့ ပျောက်နေတာ မေ့ သွားတာ ..မေ့ နေတာ...မေ့ ပစ်ဘို့ အကွက်ရှာ တာ...ဒါကိုတင်စားတာပါလို့ ပြောတော့ သူတို့ လင်မယားက သူတို့ အဖေဇာတ်ဆရာကိုပါခေါ်လာပြီး ငြင်းတော့တာဘဲဗျာ...။
ကိုယ်လဲ ပြောမရတဲ့ အဆုံး...ကဲ...နင်ဆိုချင်သလိုသာဆိုဟာလို့ ပြောုပီး လက်လွှတ်လိုက်တာပေါ့..။
ကိုယ်က ပြောပြရင်းတီးခေါက်ပြောဆိုကြည့်တော့ လင်မယား၂ယောက်လုံးက အတန်းပညာ ဘာမှမရှိသလောက်ဘဲ...သူ ဆိုမယ့်သီိချင်းကို သူ့ ယောင်္ကျားကဖတ်ပြီး နူတ်တိုက်ချပေး..သို့ မဟုတ် ကက်ဆက်နားထောင်ပြီိး ကျက်ရတာကိုး..။
ဘာဘဲပြောပြောသူ့ အရပ်နဲ့ သူ့ ဇာတ်ကတော့ ဟုတ်နေတာဘဲ.။
ရခိုင်တွေကလဲ မြန်မာသံကြိုက်တယ်ဆိုတော့ ဆုငွေတွေကလဲ ကျပါတယ်..။
သူကလဲ ဆိုမှဆို ...ဆုကျလေဆိုလေ..ကျနော်ထင်တယ် ဆုချတဲ့ သူတွေကလဲ သေချာနားထောင်ပုံမရပါဘူး..။
သူကလဲ တခါတခါဆို ...၁ညမှာ ၂ပြန်လောက်ကို မောင့် ဂွက်ပစ်တာ...။
အဲဒီနှစ်က ဇာတ်ရာသီ တချိန်လုံး ဒီသူငယ်ချင်းမ မောင့်ဂွက်နေတာဗျာ....
မှားနေတာမှန်းသိနေတဲ့ ကိုယ့်မှာ...” အခု ကျမဖြေဖျော်ပေးမယ့် မြန်မာသံ တေးသီချင်းလေးကတော့.....ဆိုတာနဲ့ နားစိတ်ညစ်တော့တာဘဲ...။
မှားနေပါတယ်လို့ ပြောပြတာကိုလဲ လက်မခံဘူး... အမှားကိုလဲ ၀န်မခံရဲဘူး
အမှားကိုပြင်ဘို့ လဲ အသိဥာဏ်မရှိဘူး
ဒီကလေးမ မှားပေမယ့် ပွဲကြည့်ပရိတ်သတ် အနည်းငယ်လောက်ကိုဘဲ စိတ်ညစ်စေတာ..။
ညနေ ၃း၃၀မှာအလုပ်ကပြန်လာတော့ နီနီဝင်းရွှေ သီချင်းကိုပြန်နားထောင်ရင်း မှေးကနဲ အိပ်ပျော်သွားတာ...
အိမ်မက် ထဲမှာဗျာ...
ကျောက်စိမ်းအိမ်တော်ကြီးထဲမှာ ဗိုလ်သန်းရွှေက သီချင်းတပိုဒ်ကိုထပ်ခါထပ်ခါ အော်ဆိုနေတာဗျာ...အောက်ကလိအာသံကြီးနဲ့ ..
........
“ မောင့်ဂွက်ကို...ရှာသူရေ..............” တဲ့ ။
အိပ်မက်ကနိုးလာတော့ တွေးမိသေးတယ်...
ဒီလူကြီးကို ဒေါ်ကြိုင်ကြိုင်များ စာသားအမှားတွေ နုတ်တိုက်ချပေးထားတာလားလို့ ။



သူငယ်ချင်း မြစန္ဒာရေ...အမှတ်တယပေါ့...။
သစ်နက်ဆူး

Monday, February 1, 2010

“၉၇ ”ပါးရောဂါ

“၉၇”ပါးရောဂါ ဆိုတဲ့ အမည်လေးနဲ့ မန္တလေးသိန်းဇော်( ကို) ဇာတ်ပွဲမှာ ပြဇာတ်တွေရေးခဲ့ ဘူးတဲ့  ဆရာဝင်းစည်သူက
ဝတ္တုတိုလေးတစ်ပုဒ်ရေးဘူးတယ်..။ ဖတ်ရင်းနဲ့ ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ ဘူးတဲ့ လုံးစိမ်း( ဇာတ်စကားပါ..အဓိပ္ပါယ်က ဇာတ်ထဲစရောက်ပြီး ပိုးဝင်ကာစ သိပ်ကို ကချင်နေတဲ့ အနူပညာ ဘောက်ဖတ်လေးတွေ ၊ပိုးတုံးလုံးလေးတွေကို ခေါ်တာပါ)
ဘ၀လေးကို ပြန်တွေးပြီးအူထဲမှာ တခွိခွိနေအောင် ရယ်မိတဲ့  ၀တ္တုလေးပါ...။
အနုပညာပိုးဝင်သွားပြီးရင် ကုသဘို့ ထုံး မရှိလို့  ၉၆ပါးရောဂါအပြင် ရောဂါသစ်တခုအနေနဲ့ ဆရာက တင်စားပြိးရေးခဲ့ တာပါ..။ မူရင်းဝတ္တုကို ၁၀ခါကျော်အောင်ပြန်ဖတ်ဖြစ်ပါတယ်..မူရင်းကတော့ ရှာလို့ မတွေ့ ပါ..ရရင်တော့ ပေးဖတ်ချင်ပါတယ်..။
အခု ၉၇ပါးရောဂါသည်လေးတွေ တင်ပေးလိုက်ပါတယ်..။
ကျနော်ကတော့ ၉၇ပါးကျော်ပြီး ၁၀၀တောင် ပြည့်ချင်ချင်ဖြစ်နေလို့  နားနေပါဦးမယ်..။







သစ်နက်ဆူး

Friday, January 1, 2010

NEW YEAR 2010




နှစ်သစ်ကူးအမှတ်တယ အနေနဲ့ တော့ photoshpo cs2 နဲ့ စိတ်ကူးပေါက်ရာ ပုံလေး တစ်ပုံတော့ လုပ်ဖြစ်ပါတယ်...။

သစ်နက်ဆူး

Monday, December 28, 2009

စိတ်နဲ့ ကိုယ်...

ကျနော့် ဘလော့ဂ်လေးကို ကျနော်ပြန်ကြည့်မိတိုင်း ခြောက်သွေ့ စွာနဲ့ အထီးကျန်ခြင်းကို ခံစားရသည်.။ ကိုယ့်ရဲ့  စိတ်အပန်းဖြေရာ..ပညာရှာရာ...ဗဟုသုတလေ့လာရာ..ရင်ဖွင့်ရာနဲ့  ကိုယ်ခင်မင်တွယ်တာသော ရပ်ဝန်းလေးဖြစ်ပေမယ့်
ကိုယ်တိုင်ပင် ၀င်မလည်ချင်အောင်ဖြစ်နေရသည်.။
ငယ်စဉ်ကတည်းက စာနဲ့ မျက်နှာ မခွာနိုင်ဘဲ စာဖတ်ခြင်းကို နှစ်သက်တဲ့ ကိုယ်..
မိဘတွေ ဖွင့်ထားတဲ့ စာအုပ်ဖြန့် ချီရေးဆိုင်ကြီးမှာ အမြဲ လာတတ်ကြသော စာရေးဆရာတချို့ ..။ သူတို့ ဘ၀တွေ ရဲ့ မပြေလည်မှု၊ မလောက်ငှမှုနဲ့ စာပေကိုချစ်တတ်သော...လစဉ်ထုတ်မဂ္ဂဇင်းကို လစဉ်ပုံမှန်ဝယ်နေကြပေမယ့် ..ပိုက်ဆံပုံမှန်မချေနိုင်သော သူတို့ ဘ၀တွေကို ပိုသိလာလေ...သူတို့ ရေးတဲ့ စာတွေကို ပိုမိုတန်ဘိုးထားဖတ်တတ်လေဖြစ်ခဲ့ တဲ့ကိုယ်..။
စာအုပ်ငှားဖတ်လို့ ရက်ပိုကြေးတွေများနေလျှင်...ပြောရခက်သော ခံစားမှုတွေနဲ့ သူတို့ မျက်နှာတွေ ..မိဘတွေ လစ်ပြီဆိုတာနဲ့  ရက်ပိုကြေးလုံးဝ မယူသော ကိုယ့်ကိုလဲ သူတို့ ပိုခင်မင်ခဲ့ ကြ..။
သူတို့ သိသော ပန်းချီဆရာအကြောင်းတွေ ပြောပြ...ကိုယ်ကမေး... သူတို့ သိသလောက် ဆက်သွယ်ပေးရင်း...
ကိုယ်က ပန်းချီဆွဲ...စာအုပ်ဖတ် ကဗျာရေး...။
တစ်ကယ်တော့ ကိုယ်က စာလဲ ရေးချင်...စာလဲဖတ်ချင်ပါ..။
ပန်းချီလဲဆွဲတယ်..။ ပန်းပုလဲ ထုတယ်..။ နောက် ရုပ်ရှင်တည်းဖြတ်တာတွေ..ဘာညာ ပရိုဂရမ်တွေ ကလဲ လေ့လာ ဆိုတော့...။
တစ်ယောက်တည်းနဲ့  အချိန်တွေက မလောက်တော့ဘူး..။
ကိုယ့်ဘလော့ဂ်မှာ ပို့ စ်တင်မယ် ဆို ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ သူများ( ဘလော့ဂ်မိတ်ဆွေ) တွေ ရေးတဲ့ စာကို အရင် ဖတ်ရမှ..။
ဖတ်ရင်လဲ အမျှင်က မပြတ်တော့လူး...လင့်ခ်တွေ တခုပြီးတခု ၀င်သွား လိုက်တာ...၀င်္ကဘာထဲ ရောက်သလိုဘဲ..။
နောက်ဆုံးတော့ စာကမရေးဖြစ်တော့ဘူး...မနက်လဲ အလုပ်သွားရတာ ၆ နာရီဆို အိပ်ယာထ...ဆိုတော့ကာ....
သစ်နက်ဆူးဆိုတာ စိတ်တခု ကိုယ်တခုထဲမဟုတ်တာ ပြသနာဘဲပေါ့...။
ဘလော့ဂ်ဘဲ ဖျက်ပစ်ရကောင်းနိုးနိုး( စိတ်ကူးလိုက်တိုင်း စိတ်ထဲမှာ စိတ်မကောင်းဖြစ်နေမိတာ..ဆိုးတယ်)
ပန်းချီဘဲ ဆွဲရနိုးနိုး...( ပန်းချီကတော့ မဆွဲလို့ မရဘူး...ဆွဲရမှာ..)
.........
ဘာဘဲပြောပြောလေ...
ကိုယ်မရေးလဲ သူများတွေ ရေးနေတာဘဲ..။
ဘလော့၈ါ ယဉ်ကျေးမှုဆိုတာ စာရေးနေယုံလေးနဲ့ မှ မရတာ..
ဧည့်သည်ကို အိမ်ရှင်က ကြိုဆိုဧည့်ခံသလို ...
ကိုယ်ကလဲ ဧည့်သည်လုပ်ပြီး လည်နိုင်မှ...။
ကိုယ်က တာဝန်မကျေနိုင်တာပါ...။
အခုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကို အကျေအလည် ဆွေးနွေးနေတာဘဲ...။
ဘလော့ဂ်လေးကို ဘယ်လိုသဘောထားမလဲ ဆိုတာပေါ့..။
သေချာတာတခုကတော့ ငယ်စဉ်ကတည်းက ...ကိုယ်တိုင်ရေးတာထက်
သူများစာတွေကို မြတ်မြတ်နိုးနိုး ဖတ်တတ်တာဆိုတာပါဘဲ..။
ကိုယ့်ရဲ့ ပို့ စ် အသစ်တွေ ထင်ထင်လင်းလင်း မတင်ပြပေမယ့်...
သူများရေးတဲ့ စာတွေကို တိတ်တိတ်လေးဖတ်နေရရင်လဲ...ကိုယ်က ကြည်နူးနေတာပါဘဲ...။
ကိုယ့်ကိုကိုယ်ချစ်ဘ့ို( ကိုယ့်ကို လူသိဘို့ ထက်) သူများရေးတဲ့ စာလေးတွေကို စွဲလန်းစွာဖတ်နေရရင် ကျေနပ်ပြီ..။

သစ်နက်ဆူး

Sunday, December 13, 2009

ဆောင်းရာသီ ပန်းချီပြပွဲ














ပြီးခဲ့တဲ့သောကြာနေ့ က ဆောင်းရာသီပြပွဲဖွင့်တယ်ဗျ..။ ပြပွဲဖွင့်ချိန်က ည..၆း၀၀။
အေးကလဲအေး။။မှောင်ကလဲမှောင်..။ ဘာဘဲဖြစ်ဖြစ် ဖွင့်ပွဲကတော့ အောင်မြင်ခဲ့တာပါဘဲ...။ ကိုယ့်မှာသာ ပြပွဲဖြစ်မယ့်ရက်ကို အတွက်မှားပြီး...အိမ်ပြောင်းရွှေ့ တဲ့ ကိစ္စတွေနဲ့  ပန်းချီဆွဲဘို့ နေ့ ရွှေ့ ညရွှေ့ လုပ်နေခဲ့ တာ..နောက် စိတ်ကမပါဘူး...စိတ်မပါရင် မဆွဲချင်ဘူး...။
ဒါပေမယ့် မဖြစ်မနေ ပြပွဲမှာ ၀င်ရောက်ပြစေချင်တယ်ဆိုလို့  “၀ုန်း” လိုက်ရသေးတယ်... ၃ကားပါဘဲ..ကားဟောင်း၂ကားနဲ့ ...ရောင်းပြီးသား “ဆေးတံသောက်တဲ့ အဘွားအို” ကားကို ပြန်ငှားပြီးချိတ်ခဲ့ ရတယ်..။
အဲဒီ ၀ုန်းထားတဲ့  ၃ကားနဲ့  ဟိုကားဟောင်း ပန်းတောင်တန်းကားလေးနဲ့  ၄ကား ပေါင်းချိတ်ထားတယ်..။
ပြီးခဲ့ တဲ့ ပွဲတုန်းက ကားအကုန်နီးပါးက ပြပွဲပြီးမှ အိမ်ထိစုံစမ်းပြီး ဆရာဝန် ဇနီးမောင်နှံ့ အကုန်ဝယ်သွားတော့...ပြပွဲအတွက် ဘာမှ မရှိဘူးဖြစ်သွားတာပါ..။
ဘာမှကို မရေးသလောက်ဖြစ်နေတော့ ဒီပြပွဲအကြောင်းလေးကိုဘဲ ပို့ စ်တခုအနေနဲ့  တင်လိုက်ရတာ..။
နောက်အကြောင်းပြသနာတခုက ဒီဘလော့ဂ်လေးဖြစ်ဘို့ ကို ကိုယ်တယောက်ထဲ ကိုယ့်စိတ်တခုထဲနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး...။
စုပေါင်းဆုံဖြတ်ပြီးလုပ်ခဲ့ကြတာ...ဒီဘလော့ဂ်နဲ့ ပါတ်သက်ပြီး ကျနော်တို့ ကြားမှာ အယူအဆများပြီး ကျနော်တို့ ချင်း ကွိုင်တွေ ဖြစ်လာပါတယ်...ဒါကြောင့် ဘလော့ဂ်မှာ ပို့ စ်တွေ ဆက်တိုက်မရေး၊ မတင်ဖြစ်တာပါ..။
ဒီဘလော့ဂ်ရဲ့ အတွင်းရေးပြသနာတွေကို ဘလော့ဂ်ဖတ်သူတွေကို မသိစေချင်ပေမယ့် ဒီဘလော့ဂ်ရဲ့ အတွင်းရေး အားလုံးကို နောက်ပို့ စ်မှာ...ကျနော် အားလုံးပြောပြပါ့မယ်...။
အဲဒီကျရင် သစ်နက်ဆူးဆိုတာ လူဘယ်နှစ်ယောက်လဲ ဆိုတာ မိတ်ဆွေတွေ သိသွားခဲ့ ရင် ကျနော်ကျေနပ်ပြီ...ဘလော့ဂ်နာမည်ကြီးအောင် “ဖွ”တာ မဟုတ်ပါဘူး...ဒီဘလော့က နာမည်ကြီးလဲ မဟုတ်ပါဘူး...။ ဒါပေမယ့် ဒီဘလော့ဂ် အတွင်းရေးတွေ ရေးချပြလိုက်ပြီးရင် ကိစ္စပြီးပြီ..။

ဆူး