Friday, March 6, 2009

ဒါလေးပြောမိတာများ...



လူရွှင်တော်အား အသားပေးသော အငြိမ့်ကဏ္ဍကို ကဇာတ်ပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် မတင်ဆက်ရန် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ တင်ဆက်ကပြနေသော မွန်၊ မြန်မာ ဇာတ်သဘင်အားလုံးကို အာဏာပိုင်များက တားမြစ်ထားကြောင်း သိရသည်။

အမည်မဖော်လိုသူ ဇာတ်သဘင် မန်နေဂျာတဦး၏ အဆိုအရ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် အငြိမ့်ကဏ္ဍကို ဖျော်ဖြေရန် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၎င်းက “သူတို့ အဓိကတားမြစ်တာက ပြက်လုံးတွေကြောင့်ပဲ။ ထူးခြားတာက မနှစ်က သီးလေးသီးရဲ့ ပြက်လုံးတွေကို အပျော့စားဖြစ်အောင် ပြန်ပေါင်းထုတ်နေကြတဲ့ ဇာတ်တွေက ဒီ ကျနော်တို့ဘက်မှာ အရမ်းများလာ တာလည်း ပါမှာပေါ့။ သွယ်ဝိုက်ပြီးတော့ ရအောင် ပြက်လုံးထုတ်တာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောပြသည်။

ယင်းအကြောင်းနှင့် ပတ်သက်၍ မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက အဆိုပါကန့်သတ်တားမြစ်သည့် ညွှန်ကြားစာကို ပွင့်လင်းရာသီ ကပွဲစတင်ချိန်မှစ၍ အာဏာပိုင်တို့က မွန်ပြည်နယ် သဘင်ကောင်စီသို့ ပေးပို့ခဲ့ကြောင်းနှင့် ထိုမှတဆင့် ဇာတ်သဘင်များအား သဘင်ကောင်စီက အငြိမ့်ကဏ္ဍကို ပယ်ဖျက်ရန် အသိပေးခဲ့ကြောင်း ပြောကြားသည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးဝင် ဇာတ်ပွဲပေါင်း (၃၀) ကျော်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လှည့်လည်ကပြနေကြသည်။ ဇာတ်ပွဲအများစု၏ တညတာ ဖျော်ဖြေရေး အစီအစဉ်တွင် တေးဂီတ (ခေတ်ဟောင်း၊ ခေတ်ပေါ်)၊ အငြိမ့်၊ ပြဇာတ်၊ နှစ်ပါးသွားတို့ ပါဝင်ကြပြီး တချို့ကဇာတ် များတွင် တခန်းရပ်ဟာသအပြင် နောက်ပိုင်းဇာတ်ထုတ်များလည်း ပါဝင်သည်။

“မွန်မြန်မာဇာတ်ပွဲများ လူရွှင်တော်အသားမပေးရ အမိန့် ထုတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့  ခေတ်ပြိုင်ကသတင်းကိုဖတ်ရတဲ့ အခါ..
မဲ့ ပြုံးပြုံးရင်း အနုပညာသည်တွေကိုလဲ ကိုယ်ချင်းစာမိသလို ကိုယ်ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်လေးကိုပါသတိယမိတယ်..။..
နေရာတကာ အကြောက်လွန်ရောဂါတွေဖြစ်...ဘာပြောပြော သူတို့ ကိုပြောတယ်ထင်နေတတ်တဲ့  အစိုးမရ တွေကို အံ့သြတယ်..။
မမှန်ရင် မခံနိုင်ဘူး..ဆိုတဲ့ စကားလိုပေါ့..သူတို့ မမှန်တော့ ဘာပြောပြော မခံနိုင်ကြဘူး...။
တိုင်းပြည်တပြည်၊ရွာတရွာ၊မြို့ တမြို့ မှာ အုပ်ချုပ်သူ၊ အုပ်ချုပ်ချင်သူတွေကို အမှားတခုခုထောက်ပြတဲ့ အခါ အနုပညာသည်တွေရဲ့ စကား၊ ကလောင်သွား၊စုတ်ချက်....ဖန်တီးမှုအားလုံးဟာ မမှန်တဲ့ အစိုးရအတွက် နာသာခံခက်တွေချည်းပါဘဲ..။
ဒီသတင်းလေးကိုဖတ်မိတော့ ကိုယ်တိုင်ဇာတ်သဘင်လောကကို ကျောခိုင်းထွက်ခွာခဲ့တဲ့ အကြောင်းကိုပြန်တွေးမိတယ်..။
မဟုတ်မခံ ဆတ်ဆတ်ထိမခံတတ်တဲ့ ဗီဇက ဇာတ်မင်းသားဘ၀မှာလဲ မဖျောက်နိုင်ပါဘူး..။
အနုပညာ ဆိုတာ ပြည်သူအတွက်လို့ ကြီးကြီးကျယ်ကျယ်မပြောချင်ပေမယ့် ကောင်မလေးတွေကြိုက်ယုံ..
မျက်စပစ်..ကြာပေးလို့ လာပေးတဲ့ပန်းစီးတွေကြားမှာ နစ်မျောနေတတ်တာမဟုတ်တော့...
ကပြတဲ့ အော်ပဒါ၊ပြဇာတ်တွေတိုင်းမှာ ပရိတ်သတ်အတွက် ဘာပေးနိုင်မလဲ....ဆိုတာစဉ်းစားပြီး လုပ်နေကြပါ..။
နောက်တခုက မတရားအုပ်ချုပ်နေတဲ့ အစိုး၇ လက်ထက်မှာ သူတို့ ကို ပြောချင်တဲ့ စကားလုံးတွေကို စင်တခုဆောက်ပြီး ဟောပြောမယ်ဆိုရင်တော့..ဗေဒင်မေးစရာမလို ၊ကိုင်းကြီးကြီးမှာ နားသွားရမှာကသေချာတယ်..။
ကျနော်မကျေနပ်တာက ဘာလဲ...ကျနော်ဘာကိုပြောချင်သလဲ...ဒါမှမဟုတ် ပြည်သူတွေက ဘာကိုနာကျည်းပြီး ပေါက်ကွဲချင်နေတာလဲ..ကိုယ့်ရင်ကစကားလုံးတွေဘဲ ဖြစ်ဖြစ်၊ ပြည်သူတွေ ပရိတ်သတ်တွေပြောချင်တဲ့ စကားကိုဘဲဖြစ်ဖြစ်
ပြောလို့ ရနိုင်တာက...ကျနော်ချစ်တဲ့ ဇာတ်စင်လေးတွေပါ..။
ကျနော်ပြောချင်တဲ့ အကြောင်းအရာတခုကိုပြောချလိုက်ရင် အနည်းဆုံး...ပွဲခင်းထဲမှာ လူ၂၀၀၀ ကျော်...အများဆုံး...ဗလာပွဲတွေဆို ၅၀၀၀ ကျော်..။
အဲဒါက ကျနော်ရွေးချယ်ထားတဲ့ ကျနော်ချစ်တဲ့ အနုပညာ သတ်ကွင်းဘဲ..။
ပြောတယ်...ငြိတယ်..
ပြောတယ်...ငြိတယ်..ငြိပါများတော့ ဇာတ်ဆရာတွေကတောင် စစ်တပ်နဲ့ နီးရာ၊ ပါတ်သက်ရာပွဲတွေမှာ...ကျနော့်ကို အလိမ္မာလေးနဲ့ သတိပေးနေရတယ်..။ ငြိရင် ဇာတ်ဆရာလဲ နာတာပါဘဲ..။
ကျနော်မမေ့နိုင်တဲ့ ပွဲပေါ့....ကပြတာက .ရေးမြို့ နယ် စစ်တပ် ရှေ့ တန်းပြန်ပွဲ....
ကျနော်ကမှာက“ ပြည်သူ့ သွေး ပြည်သူ့ ဓါး”....အော်ပဒါ..။
စစ်ဝတ်စုံပေးဝတ်လို့ မရတော့...ရာဇ၀င်အ၀တ်အစားနဲ့  ဘုရင့်ရဲ့ စစ်သည်တော်တွေပေါ့..
ကျနော်ကိုယ်တိုင်ကတော့ စစ်ဗိုလ် ၀တ်စုံနဲ့ ရာထူးကို မျက်လှည့်ပြလိုက်တော့ အိမ်ရှေ့ မင်းသားပေါ့ဗျာ..။
မင်းသားက အစကတော့ မဆိုးပါဘူး...
ပြည်သူပြည်သားကို ရင်ကမွေးတဲ့ သားသမီးလို အုပ်ချုပ်တယ်လို့  ညီလာခံမှာ ပြောပေမယ့် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ အုပ်ချုပ်တဲ့  ဘုရင့်သားဆိုတော့ သွေးကတော့ ခပ်ကြွကြွပေါ့..။
တိုက်ရေးခိုက်ရေးကောင်းတော့ အောင်ပွဲကအပြန်မှာ ပြည်သူပြည်သားနဲ့ ဘုရင်က ချီးမြှောက်ကြတာပေါ့...
ရာထူးနဲ့ အပိုင်စားနယ်မြေနဲ့  လုပ်ခွင့်တွေ ရလာတဲ့အခါ...လွတ်လာတယ်...ရိုင်းစိုင်းလာတယ်...
နောက်ဆုံး ထန်းတောမှာ ထန်းရည်သောက်စားရင်း လိုချင်စားချင်တဲ့ ယုန်သားကျပ်ကင်မ၇တော့ ထန်းတောက အဘိုးကြီးကို ပါးနားရိုက်တယ်...
ရွှေရင်သိမ်းစ မိန်းကလေးက ဖခင်ကြီးအရွယ်မို့  မလုပ်သင့်ကြောင်း ၊မိဘချင်းကိုယ်ချင်းစာဘို့ ပြောတဲ့အခါ...
အနာပေါ်ဒုတ်ကျဖြစ်ပြီး “အတင့်ရဲတဲ့ မိန်းကလေး၊ ငါလိုလူကို သတိပေးရဲသလား” ဆိုပြီး မိန်းမပျိုလေးကိုပါ ခြေတော်တင်ဖျက်ဆီးပြီး သတ်လိုက်တာ..။
ဒီတော့မှ အသက်မဲ့နေတဲ့ သမီးအလောင်းကိုဖက်ငိုရင်း သွေးအလူးလူးနဲ့  အဘိုးအိုက...
“ လုပ်ရက်လိုက်တာ..မင်းသားရယ်..ပြည်သူကိုရင်ဝယ်သားလိုချစ်ရမယ့် သူက ၊အခုလိုလုပ်ရက်လေခြင်း....” စတဲ့ စကားတွေနဲ့ မင်းသားကို ပြောတော့တာပေါ့...
မင်းသားကလဲသွေးဆူဆူနဲ့ ဆက်သောက်ပြီး မူးရူးအိပ်ပျော်သွားတာ...
ပြန်နိုးလာမှ သေဆုံးနေတဲ့ သမီးငယ်ကို ဖက်ငိုနေဆဲ အဘိုးအိုကိုတွေ့ ပြီး...ဘာတွေဖြစ်ခဲ့တာလဲ..ပြန်မေး...
ဟိုကလဲ ပြန်ပြောပြ...အဲဒီကျမှ ပြန်စဉ်းစားရင်း နောင်တရပေါ့..( အော်ပဒါ ကပြချိန်က အလွန်ဆုံး ၁နာရီပေါ့..ဒီတော့ မြန်မြန်နောင်တပေးရတယ်...အပြင်မှာဆို အနှစ်၂၀ ကျော်ကြာရင်လဲ ကြာမယ်ပေါ့ဗျာ...မရနိုင်တဲ့လူကတော့ တစ်သက်လုံး ဖြစ်ချင်ဖြစ်မှာပေါ့)...။
နောက်ဆုံးခန်းနားမှာ ပြောမယ့် စကားကို စကားလွှဲပြောပေးဘို့ မန်နေဂျာက တိုးတိုးတိတ်တိတ် လာသတိပေးတယ်...
သိတယ်...ဇာတ်စင်ရှေ့ နားက ကုလားထိုင် ဆက်တီိတွေပေါ်မှာ ထိုင်နေတဲ့  ဘသားချောတွေ မျက်နှာတင်းနေတာ...
ဒါပေမယ့် ကိုယ်ကလဲ စကားပြင်လိုက်တာနဲ့ ဇာတ်ကျောရိုးတည်ထားသမျှက ပျက်တော့မှာ ဆိုတော့၊ စကားကိုမပြင်တော့ဘူး...ပြောလိုက်တဲ့ စကားက ဘာမှလဲ ရိုင်းတာမဟုတ်ပါဘူး...
အဲဒါကို အကြီးအကျယ်စိတ်တွေဆိုးပြီး အော်ပဒါပြီးတာနဲ့ ဝတ်စုံတောင်မချွတ်ရသေးဘူး...လာဆွဲတာပါဘဲ...မေးမြန်းငြင်းခုံပြီး
ကပြမှုတွေကို ဒီမြို့ နယ် အပိုင်တွေမှာ ပါမစ်ပိတ်တာတွေ ဖြစ်လာတော့တာ...
ဒါ ကျနော်ချစ်တဲ့ ဇာတ်စင်တွေကို ကျောခိုင်းဘို့ လမ်းစပါဘဲ...။
ကျနော်က နည်းနည်းလေးဘဲ ပြောတာပါ....
အိမ်ရှေ့ မင်းသား ထန်းတောက မိန်းကလေး သားအဖကိုကြည့်ပြီး၊ ဓါးကိုကိုင်ရင်းနောင်တရမှုနဲ့ ပြောတဲ့ စကားပါ...
“ ပြည်သူအသက်စည်းစိမ်အိုးအိမ်ကို မိမိအသက်နဲ့ ရင်းပြီးကာကွယ်ဘို့  ငါသစ္စာဆိုထားတယ်...အခုတော့ ပြည်သူ့ ဘဏ္ဏာတော်၊ အခွန်တော်ငွေတွေနဲ့ ပြည်သူကိုကာကွယ်ဘို့ ကိုင်ဆောင်ထားတဲ့  ပြည်သူ့ ဓါးနဲ့ ဘဲ...ပြည်သူကိုငါပြန်သတ်နေတယ်...
ဒီလိုလက်နက်၊ ဒီလိုဓါး၊ ဒီလိုရာထူးနဲ့ ငါနဲ့ မတန်လိုက်တာ....
အင်း....ခွေးနဲ့ ပါးချပ်...တခြားစီဘဲ..”
အဲဒါ....
လွန်သွားလား....လို့ ။

9 comments:

  1. ကမ္ဘာပေါ်မှာ အမှန်တရားပြောတဲ့သူတွေ မတရားအလုပ်ခံရတာ များလှပါပကောဗျာ သစ်နက်ဆူးအမှန်တရားကိုဖေါ်ထုတ်တာပဲ ဒါမှ ပြည်သူ့အနုပညာသမားလို့ဂုဏ်ပြုချင်တယ် ခင်ဗျားရှိနေတဲ့နေရာမှာ သဘင်အနုပညာကို ဆက်လက်ဖေါ်ထုတ်နေတာပဲမလား ရောက်တဲ့အရပ်က စင်ပေါ်ကနေ အမှန်တရားတွေကို ဆက်လက်ဖေါ်ထုတ်နိုင်ပါစေဗျား...။

    ReplyDelete
  2. ကိုဆူး ရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်။

    ReplyDelete
  3. အေးလေ သူတို့ကလဲ အရေပါးလိုက်တာ..
    ဆုလေးဘာလေး ချတာမဟုတ်ဘူး။
    ရော့ ၆၅နှစ်.. :)

    ReplyDelete
  4. အဟိ... မချိုသင်းကောမန့်က ရယ်၇တယ်

    ReplyDelete
  5. လွန်ပါဘူး။ ဒါလေးပြောတာများ။ မချိုသင်း ပြောသလို ဆုချလိုက်လည်း ရသားနဲ့။

    ReplyDelete
  6. သီဟသစ်March 8, 2009 at 7:53 AM

    ကိုဆူးက ဆားလေးလက်တစ်ဆုပ်စီ ပေးပေမယ့် သူတို့က ၀ဲပေါက်နေတာကိုး။ စပ်မှာပေါ့။

    ReplyDelete
  7. ပြောတာလွန်သွားလို့ မဟုတ်ဘူးကိုဆူးရေ... တည့်တည့်မှန်သွားတာ..း))

    ReplyDelete
  8. မင်းသာလုပ်ချင်တာ မင်းကျင့်တရားဆယ်ပါး ဆိုသာကိုတောင် မကြားချင် (အမှန်က မကြားရဲတာ။) သူတွေအတွက်တော့ ဟုတ်ကဲ့ “ ကိုဆူး အတော်လွန်ပါသည်။”

    ရဲတွေ လပ်စားတယ်ဆိုတာကို မဝတ အစည်းအဝေးမှာ ဥက္ကဌရဲ့ ပြောစကားကို “ဟုတ်ကဲ့ ရဲတွေ လပ်စားပါတယ်။ အထက်အဖွဲ့စညိးအဆင့်ဆင့်က စားခဲ့တာ ရဲလက်ထဲကြတော့ အရိုးပဲကျန်တော့ အသံပိုမြည်တာပါ ဗိုလ်မှူး” လို့ ပြန်ပြောလို့ ၉၃-၉၄ နှစ်လောက်က ရွှေကျင်စခန်းမှူး on the sport အလုပ်ဖြုတ်ခံထိဘူးပါတယ်။ အခုဆိုရင်တော့ လာထား ၆၅ အနည်းဆုံးပဲ။

    ကိုဆူးရေ အဖော်တွေအများကြီး .......

    ReplyDelete