Thursday, March 19, 2009
ဖိုးလမင်းကြီးရေ...ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ပေးပါ (ပီတိ...၂)
မျက်မှောင်အမြဲကုတ်ထားပြီး အတွေးခေါင်လွန်းတဲ့ ကောင်လေးတယောက်ကတော့ မောင်နှမ အားလုံးထဲမှာ အသွင်မတူတဲ့ 
စုန်းပြူးလေးအဖြစ် ကပ်သီးကပ်သတ် ရပ်တည်နေရတာပါဘဲ..။
ဘာတွေကလွဲမှားနေသလဲဆိုတာကိုလည်း ၈ နှစ်အရွယ်လောက်ကောင်လေးက ဘယ် လိုတိတိကျကျ ပြောနိုင်မှာလဲ...။
သူလုပ်ချင်တာထက် သူလုပ်သင့်တာကိုလုပ်လိုက်တိုင်း မိဘ၂ပါးရဲ့  ထောပနာ ဂုဏ်ပြုလက်သံလေးတွေကို မျက်ရည်နဲ့ ထုပ်ပိုးပြီး
ခြံနောက်မှာ ငေးနေတတ်တာပေါ့...။
ဒါပေမယ့် မညီမျှမှုတွေ ၊သနားစရာ ဘ၀တွေကိုတော့ သိတယ်..။
ငယ်တုန်းကပါ....ကြာနေပြီဖြစ်ပေမယ့် ပြန်တွေးလိုက်တိုင်း ခုချိန်ထိ “ ငါ မှန်တာပေါ့” လို့  တဖက်သတ်တွေးကောင်းတုန်းပါဘဲ..။
ကျနော်က အဘွားနဲ့ အဒေါ်တွေနဲ့ နေတာပျော်ရွှင်ပေမယ့် အဖေတို့ က သိပ်ကြည့်မရတာကြောင့် သင်တန်းမောင်းဘို့ ဆိုပြီး တချက်လွှတ်အမိန့် နဲ့ အိမ်ကိုပြန်ခေါ်ကြတယ်..။
အဘွားနဲ့ အဒေါ်တွေကတော့ ဆိုင်သာဆိုင်မပိုင်ကြတော့ မျက်ရည်လည်ရွဲနဲ့ ပြန်ထည့်ပေး၇တာပါဘဲ..။ ကိုယ့်အ၀တ်အစားလေးတွေကိုထုပ်ပြီး ပါသွားတော့ “ ငါ့ မြေး မပျော်ရင် ပြန်ပြေးလာခဲ့ တဲ့ ”...။
မိဘတွေအိမ်ရောက်ပေမယ့် မောင်နှမတွေကြားထဲမှာ သူစိမ်းတယောက်လိုပါဘဲ...။ မနွေးထွေးဘူး...။
ခိုင်းလိုက်ကြတာဆိုတာကလည်း...။
၃ ရက်လောက်နေတော့ ညနေစောင်းလေးမှာ မှန်အိမ်( ရေနံဆီ မီးအိမ်) ထွန်းဘို့ ရေနံဆီသွားဝယ်ခိုင်းတယ်..။ ပိုက်ဆံ ၆ ကျပ်လားမသိဘူး..ပေးလိုက်တယ်..။ ရေနံဆီသွားဝယ်ရင် အဘွားတို့ အိမ်ရှေ့ က ဖြတ်ရမှာမို့  စိတ်ကတော့ သိပ်မကောင်းဘူး...။
ဝင်နေရင် ကြာလို့ ဆိုပြီး ရိုက်ဦးမှာဆိုတော့ မ၀င်ရဲ ဘူး၊ နောက်တခုက အဘွားနဲ့  မွေးစားအမေ( အဒေါ်) တို့ မျက်ရည်ကျမှာ သိနေတော့ မ၀င်ချင်ဘူး..ကိုယ်လဲ ငိုမှာပါဘဲ။
တိတ်တိတ်လေးဖြတ်သွားရင်း ရေနံဆီိရောင်းတဲ့ အိမ်ရောက်တော့ ရေနံဆီဝယ်ပြီး ပြန်လာတာပါဘဲ...မှောင်စတော့ ပြုနေပြီ..။
ငယ်ကတည်းက သိပ်ပြီးလမ်းမြန်မြန်မလျှောက်တတ်တာရယ် ခပ်လွမ်းလွမ်းနဲ့ လျှောက်နေတာကြောင့်ထင်ပါရဲ့ နဲနဲ မှောင်သွားတာ...။
ရုပ်ရှင်ရုံအဟောင်းနားရောက်တော့ မန်ကျည်းပင်အုပ်အုပ်မည်းမည်းကြီးအောက်မှာ ကုန်းကုန်းကွကွနဲ့ တွေ့ တော့ ကြက်သီိးတောင်ထမိသေးတယ်..။ အဘွားပြောဘူးတာက ဒီမန်ကျည်းပင်ကြီးပေါ်မှာ လူနီ( မှင်စာ ) ရှိဘူးတယ်တဲ့ ..ဂျပန်ခေတ်တုန်းကဆို ကင်းစောင့်နေတဲ့ ဂျပန်တွေကို မန်ကျည်းပင်ပေါ်ကဆင်းလာပြီး ညတိုင်း နပန်းလုံးလို့ ၈ျပန်တွေ မနေရဲဘူးတဲ့ ..။
ဒီအပင်အောက်က မဖြတ်ရင်လဲ အိမ်ပြန်လို့ မ၇တော့ ရှေ့ တိုးသွားမှ မှောင်ရီရီထဲမှာ လူနီမဟုတ်ဘဲ အဘွားအို တစ်ယောက်ဆိုတာသိရတာ...။ သူက ဘာရှာနေတာမှန်းမသိဘူး...မြေကြီးထဲကို ဟိုစမ်းစမ်း ဒီိစမ်းစမ်းနဲ့ ..ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတာ...။ ကိုယ်ကလည်း လူမှန်းသိတော့ မကြောက်တာရယ် ဘာဖြစ်နေတာလဲဆိုတာ သိချင်လာတာပေါ့..။
“ အဘွား...ဘာဖြစ်လို့ လဲ...”
“ သြော်..ကလေး၇ယ်၊ အဘွား ဆန်ဝယ်မယ့်ပိုက်ဆံ ကျပျောက်သွားလို့ ပါကွယ်...ငါ့နှယ် ဒုက္ခရောက်ပုံများ...ကွယ်တို့ ”
“ အဘွားက ဘယ်နားမှာ ကျပျောက်တာလဲ..”
“ မသိပါဘူးကွယ်”
နီးနီးကပ်ကပ်သေချာကြည့်မှ ဒီအဘွားကို သိတာ...သူ့ သားနဲ့ သူ့ ချွေးမက ဆင်းရဲလွန်းလို့  သပိတ်ကျင်းဘက်လားမသိဘူး..
ရွှေသွားကျင်တာ ပြန်လာတော့ ဖျားပြီးပြန်လာတာ...နောက် လင်မယား၂ယောက်လုံး...သေသွားတော့ ကျန်ခဲ့ တဲ့ ကလေးလေး ၃ယောက်( မြေး) နဲ့  နေနေတာတဲ့ ..။ အဘွားနဲ့ အဒေါ်ပြောဘူးတာ...အဘွားတို့ အိမ်ရှေ့ ကဖြတ်ပြီိး အသုဘချတုန်းက အဒေါ်ပြထားလို့ 
သေချာမှတ်မိတာ..။
ကိုယ်လည်းဝိုင်းရှာပေမယ့် ဖုန်ထူတဲ့ အညာမှာ ပိုက်ဆံကျပျောက်တာကိုရှာဘို့ မလွယ်ပါဘူး...။ကျပ်စေ့ မူးစေ့ဆိုပိုဆိုးသေးတယ်။
ဘာလုပ်ရမလည်းဆိုတာစဉ်းစားရင်း ခေါင်းတောင်မူးတယ်..။
တဖက်က ကြောက်စိတ်၊ တဖက်က ကူညီချင်စိတ်..။ နောက်ဆုံးတော့ ဖြစ်ချင်တာဖြစ် လို့ ဆုံးဖြတ်ပြီး...
“ အဘွားမရှာနဲ့ တော့ တွေ့ မှာ မဟုတ်တော့ဘူး”
“ မတွေ့ ရင်ကွယ်...အဘွားမြေးတွေ ဘာမှ မစားရတော့ဘူးကွဲ့ ...သူတို့ ခမြာ မနက်ကလဲ ဘေးအိမ်ကထမင်းရည်ဘဲ သောက်ရတာ...နေ့ လည်က အဘွား စပါးကောက်သင်းကောက်လို့ ၇တာလေးနဲ့ ဆန်ဝယ်ပြီး ထမင်းချက်ရမှာ...”
“ အဘွားခနစောင့်ပါ...ဘယ်မှမသွားနဲ့ ကျနော်ပြန်လာမယ်...စောင့်နေနော်...”
ပြောပြီိးတာနဲ့ ရေနံဆိရောင်းတဲ့ အိမ်ကို အမြန်ပြန်ပြေးတာပါဘဲ...။
“ ဦိးမောင်...ဦးမောင် ကျနော်ဒီရေနံဆီ မ၀ယ်တော့ဘူး...ပိုက်ဆံပြန်ပေးပါ”
“ ဟာ....ရှုပ်ရှုပ်ယှက်ယှက်...ဘာလဲကွာ..ပြန်ယူလို့ မရဘူးကွ..”
“ ဦးမောင်ကလည်း...ကျနော် အဘွားဒေါ်တင်ရဲ့ မြေးပါ...မနက်ဖြန်ကျ ပြန်ဝယ်မှာပါ... ၅ကျပ်ဘဲ ပြန်ပေးပါ..ရေနံဆီတွေ ပြန်ယူပါ”
“ ဒေါ်တင်မြေးလား....ပေးပေး..”
ဆောင့်ကြီးအောင့်ကြီးယူပြီး ရေနံဆီတွေကို ဂါလံပုံးထဲပြန်ထည့်ပြီး...
“ ရော့ ၅ကျပ်...မင်းဘဲပြောတာနော်...နောက်မှ ငါ့ဆီ လာမရှုပ်နဲ့ ”
“ ဟုတ်ကဲ့”
ရတဲ့ ပိုက်ဆံလေးယူပြီး မန်ကျည်းပင်းဆီ ပြန်ပြေးတာပေါ့..။
ဟိုရောက်တော့ အဘွားထိုင်ငိုနေတုန်းဘဲ..။
“ အဘွားလာ...ဆန်သွားဝယ်ရအောင်...”
“ ပိုက်ဆံမှမတွေ့ တာငါ့မြေးရယ်...”
“ ကျနော့်မှာ ရှိတယ် ...လာအဘွားမြန်မြန်လုပ်..မှောင်နေပြီ...ကျနော်က သံလမ်းနားက သရဏဂုံတင်တဲ့ ကုက္ကိုပင်ကြီးဖြတ်ပြီးပြန်ရမှာ ..ကျနော်ကြောက်တယ်..”
“ အေးကွယ် အေးအေး....ပိုက်ဆံ ဘယ်က၇တာလဲ...မင်းက ဘယ်သူတုန်းဟဲ့ ”
“ ကျနော့်မုန့် ဘိုးတွေပါ...ကျနော်က ဒေါ်တင်ရဲ့ မြေးပါ”
“ အော်...အမတင်ရဲ့ မြေးလား...ကျမ္မာပါစေ ချမ်းသာပါစေကွယ်”
သူ့ လက်ကိုဆွဲပြီး ဆန်ဆိုင်ထိလိုက်ဝယ်ပေးလိုက်တယ်...၅ ကျပ်ဘိုးဆိုတော့ ရတော့၇တယ်...ဆန်နို့ ဆီဘူး ဘယ်နှစ်ဘူး လဲတော့မသိပါဘူး..။
“ အဘွား..ကျနော် လိုက်မပို့ နိုင်တော့ဘူး...ပြန်တတ်လား”
“ အေးအေး...အဘွားပြန်တတ်တယ်..”
“ ကျနော်သွားတော့မယ်”
“ အမလေး...ကျေးဇူးကြီးပါပေ့ ကလေး၇ယ်...သုတ်သုတ်သွားဟဲ့ ...”
ကြောက်ကြောက်နဲ့ မှောင်ထဲမှာ အပြေးပြန်လာပေမယ့်...အိမ်ရှေ့ ရောက်တော့ တုန့်ကနဲ ဖြစ်သွားတာပါဘဲ...။
အိမ်ရှေ့ က လူခေါ်ခေါင်းလောင်းလေးလှုပ်လိုက်မှ အမက ခြံတံခါး လာဖွင့်ပေးရင်း..
“ နင်ကတော့ဟယ်...ကြာလိုက်တာ..”
“ လာစမ်းဒီိကောင်”....
မိုးချူန်းသံလို အနားက အဖေ့အသံကို ကြားလိုက်ရတာဘဲ..။
“ ဘာလို့ ဒီလောက်ကြာတာလဲ...ဘယ်မှာဆော့နေလဲ...ဘယ်ဝင်နေလဲ”
“..................”
“ ငါမေးတာမကြားဘူးလား..ဖြေလေကွာ”
“ ပိုက်ဆံကျပျောက်သွားလို့ ...ရှာနေတာ”
“ ဘယ်ပိုက်ဆံ ပျောက်တာလဲ”
“ ရေနံဆီဝယ်မယ့်ပိုက်ဆံ....”
“ မင်း...ညာနေတာမဟုတ်လား...”
“.............”
“ ဘာလုပ်လိုက်လဲ...ဒီပိုက်ဆံ”
“..............”
“ ငါမေးနေတာကို....ဖြောင်း”
“ပြောစမ်း...”
“ ကျပျောက်တာ”
“ ဖြောင်း”
“ဖြောင်း....”
မျက်စေ့ ထဲမှာ မီးပွင့်တွေလို ဘဲ...ဆက်တိုက်။
နား၇င်းတွေ ဇက်ပိုးတွေလဲ ပူသွားတာဘဲ...။
မလိမ်ဘဲ အမှန်အတိုင်းပြောရင်...တော်ကြာ ကလေးဆီက ပိုက်ဆံ လိမ်သွားတယ်ထင်ပြီး ပြန်လိုက်တောင်းနေရင် ဒုက္ခ။
အဖေက သူ့ လက်စွဲတော် ကြိမ်လုံးယူပြီး
မှတ်လောက်အောင်ရိုက်ပြီးမှ အဖေကသူ့ ရှေ့ က မောင်းထုတ်လိုက်တယ်...။
ကျန်တဲ့ မောင်နှမတွေက ကြည့်နေတာပါဘဲ...။
သတင်းမေးဖော်တောင်မရဘူး..။ နာလိုက်တာ...။
ညအိပ်တော့ တစ်ယောက်တည်း နာကျင်တာတွေပွတ်သပ်ရင်း ဒီအချိန်ဆို ဟိုမြေးအဘွားတွေ ထမင်းစားနေကြလောက်ပြီ.....
လို့ တွေး၇င်း...နာကျင်ပီတိတွေနဲ့ ကျနော် အိပ်ပျော်သွားခဲ့တာပါဘဲ...။
မှတ်မှတ်ယယ အဲဒီညက ကျနော့်ကို ထမင်းမကျွေးဘူး။
( ငယ်စဉ်က ကိုယ်တွေ့ လေးကို သတိတယဖြင့်....)
သစ်နက်ဆူး
Subscribe to:
Post Comments (Atom)
ဒီလို စိတ်ဓာတ်ကောင်းလေးတွေကြောင့် ဘာလုပ်လုပ် အောင်မြင်နေတာပဲ.. ကံ ကံ၏ အကျိုးကို ခံစားနေရတာပေါ့....
ReplyDeleteထပ်တူ ပီတိစား ပီတိပွားမိပါတယ်...
ကိုသစ်ရေ့ ပီတိတွေကို ဝေမျှခံစား မုဒိတာ ပွားသွားပါတယ်ဗျာ...
ReplyDeleteကိုဆူးအဖေက ဆုံးမတာ ပြင်းထန်တယ်နော်။ အခုလို စာရေးလိုက်တော့ ရင်ထဲပေါ့သွားပြီး ဒဏ်ရာတွေ သက်သာတာပေါ့။
ReplyDeleteအဲဒီနေ့က ကိုယ်မစားလိုက်ရပေမယ့် မြေးအဖွားတွေ ထမင်းမငတ်တာ ကြည်နူးမိပါတယ်။ ကောင်းမှု အမျှဝေငှလို့ သာဓုခေါ်လိုက်ပါတယ်။
ထမင်းငတ်ခံ၊ အရိုက်ခံပြီးရလာတဲ့ ပီတိလေး အဖိုးတန်ပါတယ်..။
ReplyDeleteသာဓု သာဓု သာဓု
ReplyDeleteဒီအရွယ်နဲ့ ဒီလိုအများအကျိုးဆောင်ရွက်နိုင်တာ ဖတ်ရလို. သာဓုသုံးကြိမ် ခေါ်မိပါတယ်
ReplyDeleteအစ်ကိုရေ အရိုက်ခံရတယ်ဆိုတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ကောင်းတာလုပ်ခဲ့တာဆိုတော့ အစ်ကိုလည်း တူသောအကျိုးကိုတနေ့ခံစားရမှာပါ။ ဝေမျှခံစားသွားပါတယ်။
ReplyDeleteကောင်း၏။ နာနာကြင်ကြင်နဲ့ ပီတိဖြစ်မိတယ်။
ReplyDeleteနက်ရှိုင်းစွာ--ခံစားရသော---
ReplyDeleteနာကျဉ်မှုတွေလား-------------
ကိုဆူးရေ..
ReplyDeleteပီတိတွေ မျှဝေ ခံစားသွားတယ်။ အကိုအရိုက်ခံ ခဲ့ရတာ စိတ်မကောင်းပေမယ့် မြေးအဖွားတွေ အတွက် ကြည်နူးပါတယ်.
ဂုဏ်ယူပါတယ် အကို
ဖတ်ပြီး စိတ်မကောင်း ဖြစ်သွားသလို အသက်ငယ်ငယ် လေးနဲ့  အလျှူဒါန ပြုခဲ့တာ ချီးကျူးပါတယ်ရှင့်
ReplyDelete