Friday, October 31, 2008

“ သေခြင်း၏ အခြားမဲ့၌.....” ။ ၁ ။



ကြိမ်ဖန်များစွာ ဘ၀တစ်ခု၌ ဖြစ်တည်ခြင်း၊ မွေးဖွားခြင်း၊သေဆုံးခြင်းတို့ ကို ဖြတ်သန်းကျင်လည်ခဲ့ ရသော်လည်း၊ထိုထိုသော
ဘ၀များစွာထဲမှာပင်၊ မသိနားမလည်မှု၊တွေဝေစွဲလန်းမှုတို့ ဖြင့် ....ဘယ်ကလာမှန်းလဲ ကိုယ်တိုင်မသိ၊ ဘယ်ကိုသွားရမယ်ဆိုတာလဲ
ကိုယ်တိုင်မသိဘဲ လောက အမှောင်တိုက်ထဲတွင် ကိုယ်မပိုင်သော ရုပ်၊ ကိုယ်မနိုင်သော စိတ်တို့ ၏ စေစားခိုင်းစေမှုကိုသာ...
ခုံမင်စွာ ဖြတ်သန်းနေသူတို့ အဘို့  မမြင်မတွေ့ ကြိုတင်မသိနိုင်သော.....သေခြင်းတရားကို မေ့ နေခဲ့ မိသည်....
သေခြင်းတရားကို ကြောက်နေခဲ့ မိသည်.....
တစ်ကယ်တော့ သေခြင်းတရားသည် ကြောက်ရွံ့ စရာ မဟုတ်ပါ...။
လူတစ်ယောက်၊သတ္တ၀ါတစ်ခု သေဆုံးခြင်းသည် ရုပ်ခန္ဒာမှ နာမ်စိတ်ထွက်သွားခြင်းမျှပင်..။
တစ်နည်းပြောရလျှင် အသက်ထွက်သွားခြင်း....။ ထိုသေဆုံးခြင်းသည် လုံးဝမနာကျင် အရမ်းညင်သာသည်...။
ဝေဒနာပြင်းသူ၊ အကုသိုလ်ကြီးမားသူဖြစ်က သေခြင်းကို ပြင်းစွာ ခံစားရသည်ဟု ပြောဆိုနေသော်လည်း အမှန်တစ်ကယ်က သေခြင်း
ကို နာကျင်ကြောက်ရွံ့ နေခြင်းမဖြစ်နိုင်...။
သေခြင်းထက် ကြောက်စရာ အကောင်းဆုံး၊ ထိတ်လန့် အားငယ်စရာ အကောင်းဆုံးသည်ကား ၊ သေခြင်းဆိုသော အသိကို
ကိုယ်တိုင်သိရှိပြီးနောက်...
မိမိကိုယ်တိုင်သိရှိလိုက်ရသော....သေခြင်းအလွန်...စာမျက်နှာ။
သို့ မဟုတ် သေခြင်း၏အခြားတစ်ဖက် ရင်ဆိုင်မှုပင်...။
..............-=-...............
သံယောဇဉ်များဖြင့် ချစ်ခင်လေးစားရသော ဆရာမှာ ဇာတ်မန်နေဂျာ၏ ကလိန်ကျမှုကြောင့် ငွေ အလွဲသုံးစားမှု၊ လိမ်လည်မှုဖြင့်
၇န်ကုန်တရားရုံးသို့  အမှုချိန်းသွားရဘို့ ဖြစ်လာသည်....ဇာတ်ကဘို့ သာ နားလည်ပြီး ငွေကြေးဇယား၊ အ၀င်အထွက် ဘာကိုမှမသိ...။
တစ်ညလုံးကပြပြီး ပင်ပန်းလွန်းပြီး အိပ်နေတတ်သော...သူများကို ယုံတတ်သောဆရာ....။
အင်မတန်ရိုးသားပြီး အသက်၇၀ ကျော်မိခင်အိုကြီးကို လုပ်ကျွေးနေသောဆရာ...။ မျက်ရည်အ၀ဲသားဖြင့် ဇာတ်ကို ကျနော့်လက်ထဲအပ်သည်..။
၂နှစ်ဆိုသော ဇာတ်သဘင်အတွေ့ အကြုံသာ ရှိသေးသည့် ကျနော့်မှာ...လူ၁၀၀ ကျော်ရှိသောဇာတ်ကို မနည်းထိမ်းရသည်..။
တစ်ဖက်အမှုသည်တရားလိုများကလဲ ဇာတ်ကိုပင်ကလို့ မရအောင် ပွဲပါမစ်၊ပွဲမိန့် တွေကအစ အကွက်ကျကျ ပိတ်သည်...။
အမှန်တော့ ဆရာက သူများထံမှ ငွေဖြင့် ဇာတ်ထောင်ခြင်း...။ ပွဲကလို့ ရသမျှငွေကို မန်နေဂျာမှ တစ်ဆင့် ငွေရှင်ထံ မှန်မှန်ပို့ ခိုင်းသည်....။ ဒါပေမယ့် မန်နေဂျာသာ ချမ်းသာသွားသည်...ငွေက ငွေရှင်လက်ထဲမရောက်..။
ဒီတော့ ကတိဖောက်ဖျက်မှု ငွေလိမ်လည်မှုတို့ ဖြင့် ဆရာ ဒုက္ခရောက်လေပြီ...။
ဆရာက ရန်ကုန်ကို သွားနှင့်ပြီ...။ ဆရာသွားပြီး ၁လ လောက်စောင့်သော်လည်း ဆရာပြန်မလာ...။ တစ်ဆင့် သတင်းအရ
ဆရာ့အခြေအနေ မကောင်းဟုသိရသည်....ဆရာက မွန်ဆိုတော့ မြန်မာစကားကိုလဲ ရေလည်အောင်မပြောတတ်...။
မြန်မာပြည်အနှံ့ တော့ နာမည်ကြီးပါသည်..။( ဆရာ့သိက္ခာအတွက် နာမည်မရေးခြင်းကိုတော့ နားလည်ပေးပါ)။
နောက်ဆုံး လူကြုံဖြင့် ဇာတ်တစ်ဖွဲ့ လုံးကို ရန်ကုန်ပြန်သယ်လာဘို့ ၊ မလိုက်ချင်သူတွေကို ငွေကြေးဇယားတွေရှင်းဘို့ လူကြုံဖြင့်မှာသည်..။
နောက်ဆုံးရန်ကုန်ရောက်တော့ ဆရာ ထားပေးသော ချောင်ကျကျ ရပ်ကွက်လေးမှာ ကျနော်နေသည်. ဆရာက မကြာမကြာလာတွေ့ ပါသည်။ ကျနော် ရန်ကုန်ကို မသွားတတ်မလာတတ်မှန်းဆရာသိပါသည်..။
နောက်ဆုံး ဆရာ လာစဉ်က “ သား လိမ်လိမ်မာမာနေခဲ့ ၊ ဒီနေ့ ရုံးချိန်းနေ့ ဘဲ...ညနေလောက်ပြန်လာမယ်” လို့ ဆရာပြောတယ်..။
ကျနော့်လည်ကတုန်းအဖြူရောင် အကျီ်လေးနဲ့ ယောပုဆိုး အနက်လေးကို ဆရာ့ ကို ပေးဝတ်လိုက်သည်..။
ဒါနောက်ဆုံးခွဲခွာရမယ့်နေ့ ဆိုတာ မသိခဲ့ ပါ...။ မိုးချုပ်တဲ့ အထိ ထမင်းမစားဘဲ အိမ်ရှေ့ လေးမှာ ထိုင်စောင့်နေခဲ့ တာ..။
ည ၁၀နာရီလောက်မှ လူကြီးတစ်ယောက်ရောက်လာပြီး...မင်းဆရာ...အင်းစိန်ထဲ ၀င်သွားရပြီ။ ၃နှစ်လား၅နှစ်လားမသိဘူးဟုပြောလာသည်...။
ကိုယ့်မှာ လူမသိအောင်မျက်ရည်ကျခဲ့ ရသည်...။ ကိုယ့်ငွေလေးကုန်လာတော့ အိမ်ရှင်တွေရဲ့ စကားသံ ပြောင်းလာသည်။အစက ကိုယ်ကဘဲ အိမ်စားရိတ် ပေးနေရတာလေ.။။။ရှိသမျှ အ၀တ်တွေလည်း အိမ်ရှင်သားအမိ က ခဏဟု
ပြောပြီး ယူပေါင်ရောင်းထားတာလဲ ကုန်သလောက်ဖြစ်နေပြီ။
သိချင်တာလေးရှိလို့ မှ နံဘေးအိမ်ကို မေးမရသော ရန်ကုန်၊ အပြုံးတုတွေနဲ့ ရန်ကုန်...။ သူစိမ်းဆန်လွန်းသောရန်ကုန်ကို ကြောက်လာသည်....။
နောက်ဆုံးလမ်းထိပ် လ္ဘက်ရည်ဆိုင်လေးမှာ မထင်မှတ်ဘဲ တွေ့ ရသော လူတစ်ယောက်၏ အဆက်အသွယ်ဖြင့် ရခိုင်က ဇာတ်ဆရာကို
သွားဆုံသည်...။
ကိုယ့်မိဘတွေကလည်း တွေ့ ရာ ကြားရာ စုံစမ်းပြီး အတင်းခေါ်မည့် အခြေအနေ၊ ဆရာ့ကို ရုတ်တရက်ခွဲခွာခြင်း စိတ်ဖိစီးမှု များလာတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး...ရခိုင်ကို ရူးရူးမိုက်မိုက်လိုက်သွားတော့သည်...။
အဆင်မပြေမှုဆိုတာ အပေါင်းအဖော်နဲ့ လာတတ်တာ သေချာပင်..။
မမြင်ဘူး၊ မတွေ့ ဘူးသော ရေမြေ တောတောင် သဘာဝကို ငေးရင်း နယ်မြေသစ်ကို ရောက်လာသည်...။ မိုးထဲလေထဲ ပင်လယ်ကိုဖြတ်
လို့ လှိုင်းအမူးတွေမခံနိုင်။ နောက်ဆုံးကျောက်ဖြူကမ်းကို ကပ်မှ သက်ပြင်းချနိုင်သည်..။ ကမ်းနားလ္ဘက်ရည်ဆိုင်လေးမှာ ထိုင်နေစဉ်မှာဘဲ
၁၀၀ တန်ငွေစက္ကူတွေ ဖျက်သိမ်းကြောင်း ရေဒီယိုမှ ကျေညာသောအခါ ကမ္ဘာပျက်မတတ်ခံစားရသည်...မျက်လုံးတွေတောင်ပြာကုန်သည်...။ နောက်ဒေါသစိတ်.. ။ ရုတ်တရက် ပေါက်ကွဲမှုဖြင့် ဇာတ်ဆရာထံမှ စာချုပ်ဖြင့် လက်ခံထားသော စဘော်ငွေ ထည့်ထားသော သားရေအိပ်ကို ယူပြီး ကျောက်ဖြူ ပင်လယ်ရေထဲ အပြီးပစ်ချလိုက်သည်...။
ငွေကြေးကြောင့် ဆရာ ထောင်ထဲ ၀င်ရတာကိုလည်း အခံ ဒေါသဖြင့် နာကျည်းစွာအော်ပစ်လိုက်သည်..။
ဇာတ်ဆရာသားအဖကတော့ တားချိန်တောင်မရလိုက်ဘဲ၊ အမှတ်တမဲ့ လုပ်ရပ်ကြောင့် စိတ်ဆိုးသည်...။
လှိုင်းနဲ့ လေနဲ့ မိုးကလည်းရွာနေတာကြောင့်ဆယ်လို့ မရတော့..။
နောက်ဆုံတော့လည်း လာစမ်းကွာ လောက၊ ဘယ်ပုံစံလာမလဲ ရင်ဆိုင်ဘို့ အသင့် ပြင်ထားသည်...။
မိဘတွေကိုလဲ စိတ်ဆိုးသည်...သားသမီးအဖြစ်ကစွန့် လွှတ်ပြီးရင်လဲ ပစ်ထားလိုက်ပေါ့...အခုတော့ ဒီလိုမဟုတ်..၊
ကျနော်ကသော နေ၇ာတိုင်းကို လိုက်တားသည်...ဟိုလူ့ တရားစွဲ၊ ဒီလူ့ ကို ဖြားယောင်းမှုဖြင့်တရားစွဲ...။
ငယ်ဂုဏ်၊ ငယ်ရုပ်၊ကံ၊စန်း ကောင်းလွန်းသော ကျနော့်အောင်မြင်မှု အညွန့်တွေကို လိုက်ချိုးသလို ဖြစ်နေသည်...။
ရန်ကုန်မှာက ရန်ကုန်လိုက်ခေါ်။ မန္တလေးကတော့ ကားဖြင့်လိုက်လာ....ကနေ ရင်း ပြေးပုန်းရတာတွေ....အောင်မြင်မှု လမ်းစတွေ ပိတ်ခဲ့ ကြသော သူတို့ ကိုမကျေနပ်..။နောက်ဆုံးသူတို့ ခြေရာခံ မရနိုင်သော အဝေးသို့ ပြေးခဲ့ ခြင်းလဲဖြစ်သည်..။
ခုတော့ ဝေးလ့လွန်းသော အရပ်တစ်ခုမှာ...။ အဓိက အကြောင်းက ဆရာ့ကို လွမ်းခြင်း...။တစ်နှစ်တာ တွဲက ခဲ့ ပေမယ့်
ဆရာစားမချန် ပညာအမွေပေးခဲ့သော ကြောင့် ပညာရဲရင့် ပွဲလယ်တင့်ခဲ့သည်....။
အစားအစာမတူသော၊ ဓလေ့စရိုက်မတူ၊စကားပြောမတူသော အခက်အခဲတွေကြားမှာ နေသားကျအောင် ကျိုးစားရသည်..။
ကျိုးစားနေထိုင်၇င်းမှပင် ကလေရာနေရာတိုင်းမျာတွေ့ ရသော...ေ၇တံခွန်တောင်ကျရေ တွေ့ လျှင် ဂျိမ်းစဘွန်းစတိုင်ဖြင့် ရေထဲမှာစိမ်ရင်း ဆေးလိပ်လေးဖွာနေ၇တာကို ပီတိဖြစ်နေရင်း....ဌက်ဖျားဆိုတာကြီးက ဘ၀ထဲကို ရောက်လာသည်...တော်တော်ဆိုးသော အဖျားရောဂါပင်..။
ကွီနိုင်ဆေးတွေ သောက်ပါများတော့ သေတ္တာ ၃၊၄လံးပေါ်မှ ဂျွမ်းထိုးနိုင်သောကျနော်...ကြမ်းပြင်မှာလက်ထောက်ထိုးတာတောင် မလည်တော့...ခြေတွေ မခိုင် ဒူးတွေမခိုင်ဖြစ်လာသည်..။ သူများတွေက ရခိုင်မှာ မဖျားချင်ရင် အရက်သောက်ဘို့ ပြောသော်လည်း လုံးဝမသောက်...။ ဒိတော့ အဖျားကို မခုခံနိုင်..။
တစ်ညတော့ ရှိုးပြီးတာနဲ့ ဝမ်းထဲကပါတုန်တက်လာတော့ မခံနိုင် မိဘတွေကို တရင်း ငိုမိသည်....ရခိုင်ပြည်က ငါ့အတွက် သချိုင်္င်းမြေဘဲဟုသာ တွေး၇င်း ကျိတ်မှိတ်ခံသည်။ မခံနိုင်လောက်အောင်အဖျားတက်နေတုန်း ရခိုင်သားအဖနှစ်ယောက် လာမိတ်ဆက်လို့ တုန်တုန်ယင်ယင်နှင့် ဧည့်ခံစကားပြောရသည်..။သူ့ သားလေးကို သိပ်ချစ်ပုံရသည်... သူ့ သားလေးက ရှိုးမှာ ဘရိတ်ဒန့် စ် ကတာ၊ကြိုးတန်းပေါ်မှာ ကသွားတာကို ကြိုက်လွန်းလို့ မိတ်ဆက်လာကြောင်းပြောရင်း...ဌက်ဖျားတက်နေတာကို သိသွားသည်..။ ခုတော့မကူညီနိုင်သေး...ဇာတ်ကပြီးလို့ ဇာတ်ရာသီပြီးလျှင် သူ့ အိမ်ကိုလာခဲ့ ပါ ၊ဌက်ဖျားပြတ်အောင်ကူညီပေးမည်ဟု ကတိပေးလာသည်...။ လိပ်စာတွေလဲပေးသည်..။
နောက်ဆုံး ဇာတ်ခေါင်းပြုတ်တော့ မြန်မာပြည်မကိုဘဲ ပြန်တော့မည်ဟုတွေးထားပေမယ့် ညကြေးငွေ ရှင်းသောအခါ.......
အဖျားတက်နေလို့ ပဏာမ မကနိုင်တာနဲ့  ဆေးဘိုးတွေဖြတ်သည်ဟုဆိုကာ ဇာတ်ဆရာက ရက်ရက်စက်စက် ငွေတွေကို ဖြတ်ချသည်...။
အားမနာ ပါးမနာ ငွေ၃၀ကျပ်ပေးတော့ ကိုယ့်မှာ အံ့သြလို့ မဆုံး...။ ဘာမှပြောနိုင်စရာအားမရှိ၊ သဘင်ရုံးမရှိ ၊ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်လို့ ပြသနာတက်ရင်တောင်...ကိုယ့်အလောင်း ချောင်းထဲမျောနိုင်သည်...။
နောက်ဆုံးတော့လဲ မလောက်မဌငွေလေးနဲ့ ရန်ကုန် ပြန်လို့ မဖြစ်တဲ့ အဆုံး.....
လိပ်စာပေးခဲ့ သော သားအဖဆီကိုသာ ရောက်အောင်သွားခဲ့တော့သည်...။
ရောက်သွားပြီးသည့်နောက်သူတို့ သားအဖတွေက တာဝန်ကျေပါသည်၊ပြုစုကြပါသည်...ဒါပေမယ့် သူ့ မှာအိမ်တွင်ထမင်းဆိုင်ဖွင့်ထားသော်လည်း...၆မိုင်ကျော်ဝေးသောနေရာမှ အရက်ကို ကိုယ်တိုင်ထမ်းယူပြီး...ပင်ပန်းစွာ အရက်ရောင်းနေတာကို ကျနော်မကြည့်ရက်ပါ။ ဒါကြောင့် ဘာလုပ်ချင်ပါသလဲ...တတ်နိုင်သလောက်ကူညီပေးမယ်လို့ ပြောတော့....
သူက ဘာမှ အစီအစဉ်မရှိပါ...ငွေလဲမရှိပါလို့ ပြောလာသည်...။
ဇာတ်ထောင်ပါလား...ကူညီပြီးကျေးဇူးဆပ်တဲ့ အနေနဲ့  တစ်နှစ်ငွေကြေးမယူဘဲ ကပေးမယ်လို့ ပြောတော့...။
သူတို့ မိသားစုတွေတိုင်ပင်ပြီး....ထောင်လို့ ရရင်ဇာတ်ထောင်မယ်လို့ ပြောလာသည်...။
ကိုယ်ကလဲ ဘာမှ မရှိဘဲ...ဘယ်ကစလုပ်ရမလဲစဉ်းစားရင်း..
“ ဆိုင်းဆရာတွေဘာတွေရှိလား....”
“ကျေးဇူးမကင်းတဲ့ ဆိုင်းသမားညီအကို၃ယောက်ရှိတယ်...ဒါပေမယ့် ဇင်ကျွန်းမှာ”
“နောက်ပြီး...ဆိုင်းဆိုလို့ အရက်နဲ့ ပေါင်သောက်ပြီးပြန်မရွေးတဲ့ မောင်းဝိုင်းတစ်စုံတော့ရှိတယ်” တဲ့ ...။
ကျနော်ရီမောမိတယ်...။
မောင်းဝိုင်းကိုပြခိုင်းတော့ ဖုန်အလိမ်းလိမ်းနဲ့ အကောင်းပါဘဲ..။
နောက်အသိဆိုင်းဆရာကို ခေါ်ခိုင်း၇တယ်...။
ဆိုင်းဆရာကလဲ ကျနော့်ထက်နဲနဲဘဲကြီးပါတယ်...သူနဲ့ တွေ့ တော့...
“ ဘာသီချင်းတွေတီးနိုင်လဲ”
“ ဟိုနည်းနည်းဒီနည်းနည်းဘဲ”
“ ပွဲကြိုက်ခင်ရလား”
“ ကြားတော့ကြားဘူးတယ်....မတီးနိုင်ဘူး၊ အကိုသီချင်းတက်ပေးရင်တော့ ရမှာပါ...”
ကြိုက်ပြီ...။
နောက်အိမ်ရှင်အဘိုးကြီးကိုပြောထားရတယ်..ထမင်းဆိုင်မှာ လူများလာရင် ကျနော်တို့ သီိချင်းဆိုနေမယ်...ဘယ်သူမေးမေး၊ဇာတ်ထောင်ထားတယ်ပြောပါ...။ ဒီလိုညှိပြီး ကျနော်အလုပ်စပါတော့တယ်..။
သူ့ ဆိုင်မှာကလည်းနယ်က ကျောင်းဆရာတွေ ဘာတွေ လခထုတ်ရက်ဆို ထမင်းစား၊ အရက်သောက်တာများတယ်...။
ဒီအချိန်ဆို ကျနော်က ပွဲကြိုက်ခင်သီချင်းကို ဆိုပြီ..။ လူတွေမေးစမ်းစိတ်ဝင်စားကြတယ်..။
မယုံရင်ပုံပြင်တာမှတ်တော့ဗျာ...။ လူ တစ်ယောက်ရဲ့ ကံတရား...အချိန်အခါ၊ အကျိုးပေး....ဖြစ်ချိန်...ကျနော့်ရဲ့ စန်း။
မင်းသားတစ်လက်၊ဆိုင်းဆရာ တစ်ဦး၊ မောင်းတစ်စုံနဲ့ ပွဲကြိုက်ခင်သီချင်းတစ်ပုဒ်ထဲနဲ့ ...လာလိုက်တဲ့ ပွဲဌားတွေ၊ စရံငွေတွေ...။
ငွေတွေကို အိမ်ရှင်က လက်မခံရဲဘူး...ကျနော်က ကျနော့်ကိုယုံပါ...လက်ခံလိုက်ဆိုပြီး စာချုပ်တွေ လက်မှတ်ထိုးကြတယ်။
ဘယ်လိုစာချုပ်လို့ တွေးမိလဲ...။
သူ့ သားကျောင်းသုံးဗလာစာအုပ်လေးမှာ လက်မှတ်ထိုးကြတာပါ...။ ရလာတဲ့ ငွေတွေနဲ့ မီး၊ကားခွင်၊ လူကြမ်းမင်းသမီး၊လူရွှင်တော်...ကျနော် အကုန်ဌားပြစ်တာ..။
အကုန်ဌားပြီးတာတောင် ငွေတွေက ပိုနေသေးတာ...။ပြည်၊ရန်ကုန်အထီ တက်ဝယ်၊တက်ဌားတာ...။
ကိုယ်စလိုက်တဲ့ ကူညီမှုက တော်တော်အခြေခိုင်သွားခဲ့ တယ်...။ ၁နှစ်အတွင်း ကလိုက်ရတဲ့ ပွဲတွေဗျာ...သူတို့ တအိမ်သားလုံး ရွှေဆိုတာ မ၀တ်ချင်မှ အဆုံး...။
ကျနော်အတွက်ကတော့ ရွှေမပြောနဲ့ ညကြေးတောင် မရပါဘူး...ဘာရလဲဆိုတော့ ဌက်ဖျားဖြတ်ရင်း....အရက်ဆိုတာကို
သောက်တတ်လာတာ.။
သူ့ အဖျားဖြတ်ဆေးက အရက်ဦးရေရယ်( လ္ဘက်ရည်ရှယ်ခွက်သေးတစ်ခွက်စာ) ငပိစိမ်းစားကွမ်းသီးလုံးအရွယ်၊ဆနွင်းမှုံ့ စစ်စစ်
ကွမ်းသီးလုံးအရွယ်နဲ့ ကလိုရိုကွင်း၎ လုံးကို မွှေပြီးရောသောက်ရတာပါဘဲ...။ ခါးလိုက်အ၀င်ဆိုးလိုက်တာမှ ဘယ်လိုမျိုချရမှန်းတောင်မသိ။
အဖျားပျောက်ချင်တော့လဲ ကျိတ်မှိတ်သောက်ရတာပေါ့...။
တစ်ဖက်မှာကလဲ ငွေကြေး ရဲ့ ရိုက်ခတ်မှုကြောင့် အပြောအဆိုတွေလွတ်လာကြတယ်...။ စတုန်းကတော့ ဆင်းရဲတဲ့ ဘ၀ကနေအဆင်ပြေတော့ ဇာတ်အဖွဲ့ သားတွေကို ကျေးဇူးရှင်တွေလို ဆက်ဆံပြီး...နောက်ပိုင်း ငွေကြောင့်ပင် ဇာတ်အဖွဲ့ သားတွေအပေါ်မှာ မောက်မာရိုင်းစိုင်းစွာပြောဆိုလာတော့တာပါဘဲ..။
ကျနော်က မပြောသင့်ကြောင်းပြောတဲ့ အခါ ၊ကိုယ့်ကိုပါ ငြူစူလာတော့တာ..။
အဖွဲ့ သားနဲ့ ဇာတ်ဆရာ...။
တစ်ဖက်က ဘ၀တူ သဘင်သည်တွေ...။
တစ်ဖက်က ကိုယ့်ကို ခေါ်ထားပြီး လက်ခံအဖျားဖြတ်ကျွေးမွေးတဲ့ ကျေးဇူးရှင်..။
ဒီနှစ်ခုကြားမှာ စိတ်ညစ်လာတယ်...ထွက်သွားဘို့ ကလဲ...သူတို့ အခြေမခိုင်သေးတာကိုယ်ဘဲသိတာ..။
နောက်ဆုံး...စိတ်ညစ်လာတော့ အရက်ကိုသောက်မိတာပေါ့...အင်မတန်အ၀င်ဆိုးတဲ့ ဌက်ဖျားဆေးကို သောက်လာတဲ့ ကျနော်လေ..။
သူတို့ ပြင်းတယ်လို ပြောတဲ့ ဓနိအရက်ကို ရေမရောဘဲ...ငါးကြင်းဖန်ခွက်နဲ့ အပြည့်သောက်တတ်လာတယ်...သောက်ရင်လဲ...တစ်ခွက်ကို တစ်ကြိုက်ဘဲ...အသက်မရှုေ၇မကူ...အမြည်းမလို..။
နောက်ဆုံး...တစ်ပုလင်းလုံးတစ်ချီထဲမော့တော့ သင်ပေးတဲ့ ဆရာပါတားယူရတယ်...။
အပေါင်းအသင်းတွေစုံလာတာနဲ့ အမျှ ပျက်စီးရေး လမ်းကြောင်းပေါ်မှာ မိုက်မိုက်မှားမှားလျှောက်တော့တာ...။
အရက်၊ ဆေးခြောက်၊ တက်ပလက်၊ ဒိုင်ယာစီဗင် အကုန်ချတော့တာ..။
မူးယစ်ဆေးတွေသုံးသလောက်နာမည်ကလဲတက်နေတာ...စန်းကလဲတက်နေတာ...။
ဘာမှမသိတော့ ဘာမှမကြောက်ဘူး...ဘာမှမစဉ်းစားတော့ ဘာမှမတွေးနိုင်တော့ဘူး...။
ဘယ်လောက်ထိမသိလဲဆို...ကိုယ်သေဘို့ အစီအစဉ်ကိုယ်တိုင်ဆွဲပြီး...ပြဇာတ်တစ်ပုဒ်အသစ်ရေးတော့တာပါဘဲ....။
အချိန်အခါ နေရာဆိုတာ....အသင့်အကွက်ချပြီးသားတွေပါလေ...။

ဆက်ပါဦးမယ်.....။

Tuesday, October 28, 2008

အနွေးထည်လေး



ဒီပို့ စ်လေးကိုတော့ အနွေးထည်လေးလို့ ဘဲ အမည်ပေးထားတယ်...။ အနွေးထည်ဆိုတာ ချမ်းရင် ၀တ်တဲ့ အကျီင်္ င်္ပေါ့...။
လူသတ္တ၀ါမှန်သမျှ ချမ်းတတ်ကြတာပါဘဲ...။ဒါဖြင့် လူတိုင်းမှာ အနွေးထည်ရှိလားဆိုတော့.....။
တစ်ခါတုန်းက အဖြစ်လေးပါ...ကြာတော့ကြာခဲ့ ပါပြီ...။ ဆရာ ယောဟန်အောင်ရဲ့ အရပ်ပျက်မလေးကို ဖတ်ပြီး သတိရသွားတာပါ...။
မော်လမြိုင်ဇာတ်တွေ တော်တော်များများက ရေးမြို့ နယ်ကို အားထားပြီး ကကြတာ များပါတယ်...။ ကျနော်တို့ လည်းရေးခွင်တွေကို ပိုပြီးကရပါတယ်...။ ဇာတ်မင်းသားဆိုတာ ပရိတ်သတ် မိတ်ဆွေ ပိုများပါတယ်..။
များတာမှ လူစုံ၊ ၁၂ရာသီ ပွဲဈေးရောင်းသူပါတယ်၊ လောင်းကစားသမားမျိုးစုံပါတယ်..။ကျနော့်ကို ခင်လည်းခင်ကြတယ်...။
တစ်ချို့ ဆို ပန်းချီဆွဲတတ်မှန်းသိလို့  သူတို့ ကစားမယ့် လေးကောင်ဂျင်တွေ ကြက်၊၀က်ဖားတွေပါ လာလာ ဆွဲခိုင်းတတ်ကြသေးတာ..။
သူတို့ အဖြစ်တွေကို သိနေတော့ ကူညီမိတာပါဘဲ...။ ဒီလိုလေ...တစ်ချို့ က ဒိုင်ကိုင်ကြတာများပါတယ်...၊သူတို့ က နည်းမျိုးစုံနဲ့ လိမ်တာပါဘဲ...။ တခါတခါ ကတုံးပေါ်ထိပ်ကွက်၊ ဂျင်ပေါ်ကထုံးတွေနဲ့ တွေ့ ရင် သူတို့ ပျာပြီ...ငွေရင်းပြုတ်တဲ့ အပြင်..ကစားတဲ့ အခင်းစ
( အောက်ခံ ပုံတွေနဲ့ အခင်း...ကျနော်မခေါ်တတ်ဘူး) ပါပေးလိုက်ရတာ၊ ထိုးသားက သိမ်းသွားတာ ခံကြရပါတယ်...။
ဒါသူတို့ ထိတာပါဘဲ..။ ဒါဆို နောက်ရက် အခင်းစ အဖြူ သို့ မဟုတ် အပြာစလေးကိုင်ပြီး...ကျနော်အိပ်နေရင် မနိုးမချင်း
ခြေရင်းမှာ ငုတ်တုတ်ထိုင်စောင့်နေတာ...နိုးလာမှ မျက်နှာငယ်လေးနဲ့  အကိုရယ် အရုပ်လေးဆွဲပေးပါဦး...ညက ညီလေးထိသွားလို့ 
ဘ၀တွေ ပျက်နေပါပြီ...ဘာ ညာ နတ်သံလေးနှောပြီး ကြက်တွေ ဖားတွေ ၀က်တွေ ဆွဲခိုင်းတော့တာပါဘဲ....။
ကိုယ်ကလဲ အဲဒီအချိန်ဆို အပေါ်ကနေ ဖိဟောက်ပြီး တရားဟောရတာပေါ့...အေး မင်းတို့ သမလိုက်လို့ ခွက်ချွတ် လက်ချွတ် ဖြစ်သွားလို့ မျက်ရည်ကျနေတဲ့  မိသားစု တွေကို ကိုယ်ချင်းမစာဘူးလား....ဘာလားပေါ့...အဲလိုပြောရင် ကိုယ့်ကိုတောင် ပြန်တရားဟောသေးတာ.....
“ ကိုမင်းသား...လောင်းကစားမှန်သမျှ လိမ်တာ..သူတို့ သိတယ်..အကို သိပ်မသိဘူး...လောင်းကစားလုပ်လို့ မချမ်းသာတာလဲ သူတို့ သိတယ်..ဒါပေမယ့် သူတို့ လုပ်တာဘဲ...သူတို့ မိုက်တာပါ...။ညီလေးတို့ က သမာအာဇီဝ ၀မ်းစာရှာနေတာပါ...အတင်းမခေါ်ဘူးနော် ကိုမင်းသား...အကိုသိလား”...။
အဲဒီအခါကျ ကိုယ့်မှာ ဘယ်သူ့ ကို စိတ်တိုရမှန်းမသိပါဘူး...။
လောလောဆယ်တော့ သူ့ အခက်အခဲလေးကိုကူညီ လိုက်တာပါဘဲ...။ လာပြီးခိုင်းတတ်ကြလွန်းလို့ ကိုယ်ကလဲ သင်္ဘောဆေးတွေပါ အမြဲဝယ်ထားရတာ..။
ပြောတော့ ပြောရတာပေါ့...
“ အေး....လူဆိုတာ ချမ်းသာချင်တိုင်းမချမ်းသာပါဘူး...ကံ၊ဥာဏ်၊၀ီရိယ ၃ခုလုံးပြည့်မှ....အတိတ်ကံ အကျိုးပေးရင်တော့ ချမ်းသာပါလိမ့် မယ်...သူများကိုတော့ မလိမ်ပါနဲ့ ကွာ၊ လူမိုက်အားပေးလဲ ငါမလုပ်ချင်ဘူး”.....ဒီလိုပြောလို့ အကျွတ်တရားရသွားတယ် မထင်နဲ့ ဦး...
“ အကိုမင်းသား...ကစားဝိုင်းတခုမှာ ဒိုင်က ၁ယောက်ဘဲ နော်...အကူ နဲ့ အလံရှုးနဲ့ မှ ၃ယောက်....ကျနော်တို့ လူမိုက်ဆိုရင်...
ကစားဝိုင်းတခုမှာ ထိုးသားက ၂၀ကျော်တယ်...ဘယ်လူမိုက်က ပိုများလဲ...အကိုစဉ်းစားနော်”တဲ့ ။
“ ဟာ...ဒီကောင် ငါ့ကို စကားကပ်နေပြန်ပြီဆိုမှ...ကိုယ်တော်တွေက စပ်ဖြီးဖြီးနဲ့ ထွက်ပြေးတာ..။
ဒီလူတွေ စကားပြောကတော့ ကျလောက်တယ် ..ဒါကြောင့်လဲ ကစားချင်သူတွေများတာ....
တစ်ချို့ များ ပုံဆွဲခိုင်းရင် ပြဇာတ်ကနေသလိုဘဲ...ဒိုင်တွေပစ်နေတာ...
“ အကိုမင်းသား...ပွဲကနေရင်း တခုခုဖြစ်ရင် ပြောနော်...ညီလေးအသက်ပါရင်းပစ်လိုက်မှာ” ဆိုတာက လာသေးတော့။
သူတို့ ကို ဆွဲပေးလို့ လဲ ကျနော်က ငွေကြေးတစ်ပြားမှ မယူပါဘူး...။ သူတို့ တွေကတော့ ဆေးလိပ်တွေ လ္ဘက်ရည်တွေ ၀ယ်ပို့ ပေးပေမယ့် သိပ်မျိုမကျပါဘူး....မလွှဲသာလွန်းမှသာ သောက်ပြရတာ..။
မျိုမကျတဲ့ အထဲမှာ တစ်ည ပြဇာတ်ကနေတုန်း မိန်းကလေးတစ်ယောက်ရောက်လာတာ...လာမိတ်ဆက်တော့လဲ ကိုယ်ကလဲ စကားဝတ်ကျေရတာပေါ့...။ စကားပြောနေရင်း ကျနော့်အ၀တ်တစ်ချို့ ကို သူမက ယူပြီးခေါက်ပေးပါတယ်...
မလုပ်ပါနဲ့ ပြောလဲ မရပါဘူး....
“ ရပါတယ် ..အကိုရယ်...ပင်ပန်းမကြီးပါဘူး” လို့ ပြောသေးတယ်..။
သူ့ မှာ အဖေတွေ အကိုတွေ မရှိဘူးတဲ့ ...သူ့ အကြောင်းတစ်ချို့ ပြောပြပါတယ်...
နောက်သူက ...
“ ညီမကြားတာက အကိုမာနသိပ်ကြီးတယ်လို့ ကြားတာ”
“ မဟုတ်တရုတ်ကိစ္စဆို ငါက သိက္ခာ အပွန်းမခံဘူး...မာနကြီးတယ်...ကျန်တဲ့ ကဏ္ဏဆိုရင်တော့ လူက လူဘဲ...”
ကျနော့်စိတ်ထဲမှာက ဒီမိန်းကလေးကို ကစားဝိုင်းကဘဲ ထင်နေခဲ့ တာကိုး...။
ခင်မင်စရာတော့ ကောင်းပါတယ်...ညိုချောလေးပါ...သက်တူရွယ်တူလောက်ပါဘဲ..။
ဒီမိန်းကလေးလာတိုင်း ကျနော့် အကူကောင်လေးက ကွက်ကြည့်ကွက်ကြည့်နဲ့ ပါ..ဘာမှတော့ မပြောဘူး...။
သူလာရင် လ္ဘက်ရည်ဝယ်လာပေးတတ်ပါတယ်...တခါတခါ ဆေးလိပ်ဘူးဝယ်လာတတ်ပါတယ်....။
ကျနော်က ယူမလာဘို့ ပြောရင် သူမ မျက်နှာငြိုးနေတတ်တယ်..။
ဒီလိုနဲ့ ၂ပွဲ၃ပွဲ ဆက်တိုက်ကနေရင်း လာနေတော့ ခင်သွားမိပါတယ်...။ တညတော့ နှစ်ပါးသွားပြီးလို့ နားနေတုန်း သူမ
ရောက်လာပါတယ်...ခေါက်ဆွဲကြော်ထုပ်လေးနဲ့ ပါ...။
မစားချင်ဘူးပြောလဲ မရဘူး...အတင်းဘဲ။ နော်လုံးဝမစားဘူး...ကိုယ့်ဘာသာစားဆိုမှ...သူမဆီက စကားသံ ထွက်လာပါတယ်...
“ အကို ညီမကို ဘာလို့ ထင်သလဲ” တဲ့ ..ကိုယ်ကလည်း ကိုယ်ထင်တာ ကိုယ်ပြောတာပေါ့...
“ မင်း...ကစားဝိုင်းက မဟုတ်လား” ဆိုတော့ သူမက ခေါင်းရမ်းပြီး ပြုံးနေပါတယ်...
“ ဒါဖြင့် ဘာလဲ...”
“ ညီမက ပြည့်တန်ဆာ တစ်ယောက်ပါ” တဲ့ ...။
ဟာ...ကျနော် အရမ်းအံ့သြသွားတာ..မင်းဘာဖြစ်လို့ ဒါတွေ လုပ်တာလဲလို့ ကျနော်ဆူမှ...
အဆင်မပြေတဲ့ ဘ၀ရဲ့ အကျိုးပေးပေါ့လို့ သူမက လေသံအေးအေးနဲ့ ဘဲ ပြောပါတယ်...။
“ ညီမကို အရင်တွေ့ တဲ့ မင်းသားတစ်ချို့ က ညီမဘာလဲဆိုတာသိတယ်...သူတို့ လိုချင်တာကိုလဲ ယူတတ်ကြတယ်...
ဒါပေမယ့် အကို့ ဆီလာတော့ အခါတိုင်းဆက်ဆံသလိုမတွေ့ ရဘဲ..အကိုတစ်ယောက်လို ညီမတစ်ယောက်လိုဆက်ဆံတာတွေ့ ရတော့ ခင်မိတာပါ...ညီမ လုပ်စာကို ဘယ်မိဘမှ မကျွေးခဲ့ ရပါဘူး...အကိုတွေ မောင်တွေလဲ ကျွေးခဲ့ ရပါဘူး....ညီမဘ၀မှာ အမှတ်တရ ဖြစ်ချင်လို့ ...အကို့ ကို ကျွေးတာပါ..အကိုမသတီဘူးဆိုရင်တောင်...ညီမလေးစိတ်ချမ်းသာအောင် နဲနဲလေးလောက်စားပြပါ...
ညီမ ကျေနပ်ပါတယ်...ဆေးလဲခတ်မထားပါဘူး...” ပြောရင်းနဲ့ သူ ငိုနေတယ်ဗျာ...။
ကျနော်မိဘတွေ သတင်းစာကနေ“သားအဖြစ်မှ စွန့် လွှတ်ခြင်း” လို့ ကြော်ငြာတဲ့ စာပိုဒ်ကို ဖတ်ရတုန်းက ကျနော် စိတ်ထဲမှာ
ဘာမှ မဖြစ်ခဲ့ ပါဘူး....အခု ကျနော် စိတ်ထိခိုက်သွားတယ်ဗျာ....။
ကျနော် ဘယ်လိုငြင်းရမလဲ.....
ကျနော် ဘယ်လိုစားရမလဲ....
ကျနော်ဘယ်လို မျိုကျနိုင်မလဲ....။
နောက်ဆုံး သူ့ မျက်နှာကို သေချာ စိုက်ကြည့်ရင်း.....“ သူသာ...ငါ့ညီမလေး ဆိုရင် ”ဆိုတဲ့ အတွေးနဲ့ .....
“ ကဲ...ဒါဆို ပန်းကန်ထဲထည့် ဒို့ အတူတူ စားကြမယ်”
ကျနော့် စကားကို ကြားလို့ အံ့သြပြီးမော့ကြည့်နေတဲ့  သူ့ မျက်နှာလေးကို ကျနော် ဘယ်လိုမှ မမေ့ နိုင်ခဲ့ ပါဘူး....။
ကျနော့်စိတ်ကို အာရုဏ်လွှဲပြီး...သူမ ကျေနပ်အောင်အတူစားခဲ့ ပါတယ်...။
ဒါကိုနောက်နေ့  ဇာတ်ဆရာ ဘယ်လိုကြားလဲ မသိပါဘူး...ကျနော့်ကို ခေါ်ပြောတယ်..
“ ဒါလေးတွေကို...သိပ်အရောမ၀င်နဲ့ ...မင်းသားအတွက်ပြောတာပါ...မင်းသားစာရိတ္တကိုတော့ ယုံပါတယ်”တဲ့ ..။
သြော်...လောကမှာ ကြည့်ပုံချင်း မတူနိုင်ကြပါလား....
ဒါပေမယ့် ကျနော် ကတိပေးလိုက်ပါတယ်..။
သူတို့ တွေ ကျနော့်ကွယ်ရာမှာ...ကောင်မလေးကို ဘာသွားပြောလိုက်လဲ မသိပါဘူး.....
နောက်ညတွေ သူမလာတော့ဘူး....။
၂ပွဲလောက်ပျောက်နေပြီး...
တစ်ညတော့ ကျနော့် တပည့်က တွေ့ လို့ အတင်းဆွဲခေါ်လာတယ်...ဒါတောင် သူမက အတင်းငြင်းနေတာပါ...
ကျနော့်ကိုတွေ့ တော့ သူ ကျိတ်ငိုနေတာ...မျက်နှာကလဲ ဖြူဖျောဖျောနဲ့ ...ကျနော်မေးတော့...သူဖျားနေတာ...။
အနွေးထည်မပါ ဘာမပါနဲ့ ...ရာသီကလဲ ဆောင်းရာသီ...။
သူ့ ကို ဆေးတိုက်ပြီး...ကျနော် အကြိုက်ဆုံး...ရှားနှစ်ရောင် ကုတ်အကျီ င်္လေး ပေးဝတ်တော့ သူမ မယူပါဘူး...အတင်းအော်မှ
ကြောက်ပြီး သူ ယူဝတ်တာပါ...။
“ နေကောင်းရင် ပြန်လာပေးမယ်..နော်..အကို ..ဒါပေမယ့် ညီမ မ၀င်လာရဲဘူး”တဲ့ ..။
ပြန်ပေးစရာ မလိုဘူး...ယူထား...လို့ ပြောတော့လဲ...ဘာမှ ပြန်မပြောပါဘူး....နောက်ကျနော့်အ၀တ်အစားတွေကို ယူခေါက်ပေးဘို့ လုပ်တော့ တား၇တာပေါ့...။
နောက်သူသွားအိပ်တော့မယ်ဆိုပြီး...ထွက်သွားပါတယ်..။
နောက်ညလဲ သူမလာတော့ပါဘူး....ကျနော့်တပည့်လေးက...
“ သူ ကုတ်အကျီ င်္ လာမပေးတော့ဘူးထင်တယ်....”
“ ငါ့ မှာ အများကြီးပါ...ပေးနိုင်ပါတယ်...ဒါပေမယ့် မင်း လူတစ်ယောက်ကို အထင်မသေးနဲ့ ”
ကျနော့်စိတ်ကိုသိတော့ သူလဲ လန့် ပါတယ်....ထပ်မပြောရဲတော့ပါဘူး...။
ဇာတ်ပွဲ သတ်မှတ်ရက်ပြီးလို့  ပွဲကူးကြတယ်...ဇာတ်ကားကြီး စမောင်းထွက်နေချိန်မှ...ဟို အဝေးကနေ သူမ ကုတ်အကျီ င်္ ရှားညိုရောင်လေး မြှောက်ပြီး ပြေးလိုက်လာပါတယ်....။
ကျနော်က သူမကို နောက်ဆုံးလက်ပြပြီး...ယူထားလိုက်ဘို့ လက်ဟန်ဘဲ ပြလိုက်ပါတယ်...ပြီးတော့ ကျနော့် တပည့်ကို မင်းမျက်လုံး မြင်ပြီလား...လို့ တော့ တစ်ခွန်း ဟောက်လိုက်မိပါသေးတယ်...။
သူမကို ကျနော် နောက်ထပ် ဘယ်တော့မှ မတွေ့ ရတော့ပါဘူး.....။
ကျနော့်အမျိုးသမီးကို အိမ်ရောက်တော့ ပြန်ပြောပြပါသေးတယ်...။
ကျနော့်ကို ဇနီးက ယုံပါတယ်...သူမက ကျနော့် ပါရမီဖက်ပါ...သူကပြောပါတယ်...
“ တို့ မိသားစုမှာ အနွေးထည်တွေ အများကြီးဘဲ”
.......................................။.........................................
မိတ်ဆွေတို့ ချမ်းတတ်ကြတယ်မဟုတ်လား....နောက်ပြီး...
မိတ်ဆွေတို့ မှာ အနွေးထည် ဘယ်နှစ်ထည် ရှိပါသလဲ.....
တစ်စုံတစ်ယောက်ကို တစ်ထည်လောက်တော့ ပေးနိုင်ကြပါစေ....
သခင်ယေရှုကပြောခဲ့ ပါတယ်.....
“ ကိုယ်နှင့် သက်ဆိုင်သောသူကို ၊ကိုယ်နှင့်အမျှ ချစ်ပါ” တဲ့ ...။

( အဖြစ်မှန်များကို ရေးထားခြင်းဖြစ်ပါတယ်...သူမ နာမည်ကိုတော့...စခင်ကတည်းက မမေးမိခဲ့ ပါ...နောက်ပြီးကျနော်က သူတော်ကောင်းကြီး မဟုတ်ပေမယ့် ကျနော်ကပြသော အော်ပဒါ( ကာလီမန်မယ်တော် မီးနင်းပွဲ) အတွက် တစ်နှစ်ပတ်လုံး
သတ်သတ်လွတ်စား၊ ပုတီးစိတ်ခြင်းအတွက်...ဘာကိုမှ လိုင်းအပူး မခံခဲ့ ခြင်းဖြစ်ပါတယ်..)

သစ်နက်ဆူး

Sunday, October 26, 2008

လက်တို့ ပြီးတော့ ပြောရဦးမယ်...

လက်တို့ ပြီးတော့ ပြောတယ်ဆိုလို့ တော့ သိပ်စိတ်လှုပ်ရှားမသွားပါနဲ့ ....။
နည်းပညာခေတ်ကြီးထဲမှာ နည်းပညာတိုင်း လျှို့ ဝှက်ချက်တွေ ရှိပါတယ်...။ ဒါပေမယ့် ကျနော်ပြောတဲ့ နည်းပညာက
ကွန်ပြူတာတွေ ဆော့ဖ်ဝဲတွေ မလိုပါဘူး.....
ဒါတွေ မပါလို့ အထင်တော့ မသေးလိုက်နဲ့ နော်...။
အိုင်တီခေတ်ကို ရောက်နေပြီ...ကမ္ဘာကြီးကို နည်းပညာတွေနဲ့ ဖန်ဆင်းပစ်လိုက်မယ်လို့  ကြွေးကြော်နေတဲ့ နည်းပညာရှင်တွေ
အထဲက ဒီနည်းပညာအောက်မှာ ဘယ်နှစ်ကြိမ်ထိထားတယ်...တယ်ဆိုတာ သူတို့ ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး....
ကျနော်တွေ့ ဘူးတယ်...စကားဝိုင်းဖွဲ့ ပြီဆို နိုင်ငံတကာ နည်းပညာတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး၊ တတ်မြောက်ထားတဲ့ ပညာ အရှိန်နဲ့ စကားပြောနေချိန်မှာ မျက်နှာက ဂုဏ်ယူနေတဲ့  မျက်နှာတွေနဲ့ ....။
ဒီနည်းပညာအောက်မှာ တော်တော်များများထိထားကြတာတော့ သေချာတယ်...။
တော်ရုံ နည်းပညာလောက်လေးနဲ့ တော့ လွတ်နိုင်မယ်လို့ တော့ လျှော့မတွက်နဲ့ ၊ မရနိုင်ဘူး...။ ထိမှာလဲ။
သူလိုကိုယ်လို အဆင့်မပြောနဲ့  ဘီလ်ဂိတ် လိုလူတောင် ထိနိုင်တယ်...။ တစ်ကယ်လို့ သူသာ မြန်မာပြည်မှာ နေထိုင်ဆိုရင်ပေါ့လေ...
ဒါဖြင့် ဘာနည်းပညာလဲလို့ မေးရင်တော့ ပြောရမှာဘဲ...။
သိပ်တန်ဘိုးထားပြီး လူတိုင်းမစားနိုင်တဲ့  မလိုင်။ မလိုင်ချက်နည်းပေါ့ဗျာ...။
ခင်မင်သူတစ်ချို့ က စိတ်ဝင်စားနေကြတယ်...ကိုယ်ကလည်း ပြောချင်ပါတယ်...။
ဒါပေမယ့်လို့ တစ်ချို့ က ဒီနည်းပညာနဲ့  စီးပွားရေး လုပ်နေကြတာ..။ ဖတ်ပြီးရင်တော့ ဆိပ်ဆိပ်နေပေါ့နော်..။
ဒီပညာက သိတာတော့ ကြာပြီဗျ...မှတ်မိမှာပါ ကသာမှာ စားပွဲထိုးလုပ်ခဲ့ တာလေ..။
မလိုင်ချက်နည်းက အမှန်အကန်ချက်နည်းနဲ့ အကြံအဖန်ချက်နည်း ၂ခု ရှိတယ်ဗျ....အမြတ်များများလိုချင်လို့ ကြက်သားပေါက်စီကိုတောင် ကြွက်သားနဲ့  အစားထိုးလုပ်နေချိန်မှာ ၊ အမြတ်နည်းနည်းနဲ့ ကောင်းကောင်း လုပ်လိမ့်မယ်၊
အမှန်အကန်လုပ်လိမ့်မယ်လို့  ထင်ရင်တော့ ကိုယ့်သဘောပေါ့ဗျာ...။
ခုပြောမယ့် မလိုင်ချက်နည်းက နို့ အစစ် ၁လီတာ ဘူး ၁ဘူးလိုတယ်...နောက်အဓိက အရေးကြီးဆုံးကတော့....
တစ်ရှုး တစ်လိပ်...အကောင်းဆုံးအဖြစ် ကျနော့် ဆရာမ သုံးတာကတော့ ရေအိမ်သုံး တစ်ရှုးပေါ့ဗျာ....။
ပထမ နို့ ကို မီးမျှင်းမျှင်းလေးနဲ့ ပွက်လေရုံလေး တည်ထားတာ...။
နို့ တွေ ဆူပွက်နေမှ တစ်ရှုး စက္ကူစလေးတွေကို ၁လက္မ အရွယ် ၊သို့ မဟုတ် ၁x၃ လက္မ အရွယ် အရှည်လိုက်လေးတွေ၊ အပိုင်းပိုင်း
အဖြတ်ဖြတ်လေးတွေ လက်နဲ့ ဖဲ့ ပြီး မျှင်းမျှင်းလေးဆူပွက်နေတဲ့ နို့ အိုးထဲကို ၄..၅ ဖဲ့ ထည့်ပြီး ၂မိနစ် ၃ မိနစ်စောင့်ပြီးမှ နောက် စက္ကူ ၄..၅ ဖဲ့ ထပ်ထည့်တာ....ဒီလိုလုပ်သွားလိုက်တာ နောက်ဆုံးတော့ စားသုံးသူတို့ အကြိုက် သိပ်ကောင်းတဲ့ မလိုင်အိုးကြီး ဖြစ်သွားတော့တာ...။
မီးမပြင်းဘို့ နဲ့ စိတ်ရှည်ဘို့ ဘဲ လိုတာပါ....။
ဒီနည်းနဲ့ ချက်တာကို သိပြီး ၊ နောက်မနက် မလိုင်မှာစားတဲ့ သူတွေရဲ့ မျက်နှာကို ကျနော် အကဲခတ်ပြီး...သေချာကြည့်တာ..။
စိတ်ထဲမှာ ရိပ်မီလေမလား စိုးရိမ်တာ...အံ့သြတယ်ဗျာ...တစ်ချို့ များ ၂ပွဲတောင် ဆက်စားတာ...။
ကျနော့်ဆရာမက နပ်တယ်...ကျနော်မျက်နှာ အရိပ်အကဲ ကြည့် ပြီး “ မင်း စိုးရိမ်နေတာလား...စိတ်မပူနဲ့ ...သူတို့ ဒီဆိုင်မှာ
မလိုင်စားလာတာ...နှစ်၂၀ လောက်ရှိနေပြီ” တဲ့..။ ပြီးရော...။
လက်တွေ့ မှ ယုံတယ်ဆိုစမ်းကြည့်ပေါ့...။
ကျနော်တောင် စိတ်ကူးတာ...ဘလော့ဂါတွေ တွေ့ ဆုံပွဲမှာ မလိုင်နဲ့ ပေါင်မုန့် ကြွေးမလားလို့ ....။
နဲနဲတော့ သတိထားဘို့ ပြောလိုက်မယ်နော်...ဒီနည်းကို မရမက ပူဆာနေတာ...ရှင်မင်းညိုနဲ့  ဆောင်း...။
သူတို့ ကများ ခင်မင်သူတွေကို အိမ်လည်ခေါ်ပြီး မလိုင်ကျွေးမယ်ဆိုရင်တော့....စဉ်းစားပေါ့ဗျာ..။
ရှင်မင်းကတော့ မြန်မာပြည်မှာ လ္ဘက်ရည်ဆိုင်ဖွင့်မယ်ဆိုဘဲ...အင်း..။
ခေတ်ကိုက နည်းပညာ ခေတ်လေ...။

စာဖတ်သူအပေါင်း ဂုဏ်ယူသော မျက်နှာပေးများဖြင့် မလိုင် စားနိုင်ကြပါစေ...။
သစ်နက်ဆူး

Thursday, October 23, 2008

“ သိုက်ဆရာကို အံတုခြင်း ”

ကျနော်ရေးခဲ့ တဲ့  ပို့ စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့...တခါတလေ အပြောင်းအလဲလေး
ဖြစ်စေချင်တာရယ်...ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို့ ...။
တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး...အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်....ပြန်တွေးရင်..
မနေ့ တစ်နေ့ ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ့ စဉ်တုန်းကပါ...။
ကျနော်တို့ ဇာတ်သဘင်တွေမှာ ကြည့်နေတဲ့ ပရိတ်သတ် သိလိုက်တဲ့ အမှား၊ လုံးဝ မသိလိုက်တဲ့ အမှားလေးတွေ ရှိပါတယ်...။
ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ့ သူချင်းဘဲ သိပြီး ၊ ပညာသားနဲ့ ဖုံးဖိလိုက်တာပါ...။
ဒါတောင် ဖုံးလို့ ရတဲ့ အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို့ မရတာ ရှိပါတယ်...။ ဒီလို....။
ကျနော်က ဇာတ်ကပြီဆို ပဏာမအဖွင့်၊ ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး...ဒိုင်ခံပြီး ခေါင်းဆောင်အဖြစ် က”တာ...။
ကျနော် မက ချင်တာက နောက်ပိုင်းဇာတ်...၊ နောက်ပိုင်းဇာတ်ကပျြမှုကို အထင်မသေးပါဘူး....
နောက်ပိုင်းက တယ်ဆိုတာ ပညာပြည့်ရမယ်...စာပြည့်ရမယ်..ဇာတ်လမ်းထဲက စာ၊ အလွမ်း၊ ငို ချင်း၊ ညည်းခြင်း အကုန်အလွတ်ကျက်ရတာ...၊ စာကို မဖြစ်မနေ ကျက်ရင်ရပေမယ့် ကျနော့် စိတ်ထဲမှာ စကားတွေကို နဘေ၊ပါဠိနဲ့ ပြောပြီး.
ငိုဘို့ အရေး စာတွေ အကြာကြီး ရွတ်ပြီးမှ အော်ငိုပြီး တောင်ရှည်လေးကို မျက်နှာ အပ်လိုက်တာ...အဲဒါဘဲ...။ပြဇာတ်မှာ ကြိုက်သလို
ငိုပြလို့  ကျနော်ရတယ်...အဲဒီ လို ငိုရတာကို ကျနော်က အမြဲ ရီချင်တာ...။
ဒါကြောင့် နောက်ပိုင်းဇာတ် ကျနော် မက”ဘူး...နောက်ပိုင်းမင်းသားတစ်လက် ဌားထားတာ...သူက သူငို ..ဇာတ်ကို သူစီးဘဲ။
သူကလည်း သူ့ တာဝန် သူကျေပါတယ်...ဒါပေမယ့် ရန်ကုန် အောင်ဆန်းကွင်းလား ၊ ၀ါယာလက်လား မသိဘူး ကတုန်းက...
ရန်ကုန်ဆိုတော့ သူက နောက်ပိုင်း ကောင်းကောင်းလေး ကချင်လို့  ဒီည မင်းသားကူညီပေးပါလို့  အပူကပ်လာရော..။
သူ့ နေရာကို ကိုယ်ချင်းစာပါတယ်...မြို့ ပေါ်ပွဲက အရေးကြီးတာကိုး...။
ယိမ်းမင်းသား၊ သို့ မဟုတ် လက်ထောက်နဲ့ ကခိုင်းပါလား ဆို တော့ ၊ ပရိတ်သတ်က ညီလေးပါ နောက်ပိုင်း ကပေးမယ်ကြားရင် ပို စိတ်ဝင်စားမယ်...ဘာ ညာ သူ မြှောက်ပြီး အပူကပ်တော့တာဘဲ...။ အဲဒါနဲ့ ကပေးမယ်လို့  ကတိပေးပြီး...ဘာဇာတ်လဲ မေးတော့..
သိုက်ဇာတ်လမ်းတဲ့ မောင်နှမ ၅ယောက် ရှိတယ်...အစ်မ၃ ယောက် မောင်က ၂ယောက်ပေါ့....။
ဇာတ်က ကျနော့် အထက်က အကို နဲ့  လူမလေးနဲ့ ကြိုက်တယ်...ထုံးစံအတိုင်း မိန်းကလေးရဲ့ ဖခင်က သိုက်ဆရာ...။
သူ့ သမီးနဲ့ မေတ္တာမျှနေတာ သိုက်ထဲက ကောင်လေးမှန်းသိတော့ ခြေမန်းကွင်းပစ်၊ ဖမ်းချုပ်။။ ပြီးတော့ သိုက်နေရာမေး၊
အကိုက လုံးဝမပြော၊ သိုက်ဆရာက ရီုက်...နောက်ဆုံး မခံနိုင်တော့ သိုက်နေရာကို ပြောပြပေါ့...။
နောက်အကို့ ကို အပိုင်ကိုင်ပြီး သိုက်တံခါးဝကိုရောက်....ဆေးကြိမ်လုံးနဲ့ ရိုက် မောင်နှမတွေ မခံနိုင် ...အားလုံးထွက် ၊ ငိုကြယိုကြ၊ လွမ်းကြပေါ့...။
ဒါနဲ့  ကျနော်က ဘယ်အချိန် ငိုချင်းနဲ့ သိုက်ကထွက်ရမလဲ...အထာလေး တစ်ခု လုပ်ထား ဆိုတော့.....
“ သိုက်ဆရာက ဆေးကြိမ်လုံးနဲ့  ကြမ်းပြင်ကို ရိုက်လိုက်တာနဲ့ ...၀င်လို့ ရပြီ ညီလေး” တဲ့ ...။
အိုကေ...ကျနော်သိပြီ..ရပြီဆိုတော့ သူလဲ စိတ်ချမ်းသာပြီး..ကျေးဇူးပါ...ဘာ ညာပေါ့...။
အဲဒီည နှစ်ပါးပြီးတာနဲ့  ခေါင်းပေါင်းတွေ ဘာတွေ ချွတ်ပြီး...တစ်စထောင်နဲ့  ယောင်ထုံးနဲ့ ပေါ့ဗျာ...။ ခန့် ခန့် သန့် သန့် 
ပြိုးပြိုးပြောင်ပြောင်ပေါ့...သိုက်တွေက ချမ်းသာတယ်လေ...ဟဲဟဲ။
ဒါပေမယ့် ကူညီပြီးသာ ကပေးချင်တာ လူကတော်တော်ကို အိပ်ငိုက်နေပြီ...၃ ည ရှိပြီလေ...နေ့ ဘက်ဆိုလဲ မိတ်ဆက်လာသူတွေနဲ့ သိပ်အိပ်ရတာ မဟုတ်ပါဘူး...။ ကိုယ်ဝင်ပေးရမယ့် အခန်းကို စောင့်ရင်း ဧည့် သည်တွေနဲ့ ပြောနေရာက မျက်စေ့က စင်းနေပြီ...
ဒါကြောင့် ၀ီရိယလေးထားပြီး... စင်ပေါ် တက်နေလိုက်တယ်...ကလကာ အကွယ်ဇာတ်သေတ္တာလေးပေါ်မှာ...။
ကားဆွဲနေတဲ့ ကောင်လေး အောင်အောင် ကို ပြောထား၇တယ်...
“ အောင်အောင် အကို သေတ္တာပေါ်မှာ ထိုင်ရင်း ခဏ မှေးနေမယ်... သိုက်ဆရာ ကြမ်းပြီ ဆို အကို့ ကိုနှိုးလိုက်” ။
ပြီးတာနဲ့  ထိုင်ရက်လေး အိပ်တော့တာ...။ လူကသာအိပ်တာ...နားကိုတော့ စွင့်ထား၇တာပေါ့...။
ဘယ်လောက်ထိ အိပ်ငိုက်မိလဲ မသိပေမယ့်... “ ငါဆရာကြွားကို စမ်းတာလား.....ဖျန်း” ဆိုတဲ့  ကြမ်းပြင်ရိုက်တဲ့  အသံလဲ ကြားရော...
သေတ္တာပေါ်ကနေလွှားကနဲ ခုန်ဆင်း...ပါးစပ်ကလည်း....“ အောင်မလေး...ပူလောင်လှချည်ရဲ့ ...ကယ်တော်မူပါဘုရား.....”
ဆိုပြီး...ငြီးချင်းလေးအော်ပြီး...ဇာတ်စင် အလယ်နားကို တောင်ရှည်စလေး မျက်နှာအပ်ပြီး စတိုင်လေးနဲ့ ထိုင်ချလိုက်တော့....
သိုက်ဆရာရော ...နောက်ပိုင်းမင်းသားရော အလန့် တကြားနဲ့ လှည့်ကြည့်တယ်..သူ့ ခမြာ ငိုမလို့  အားယူနေတာ ပါးစပ်လေး ဟ” လို့ ..။
ပြီးမှ ပရိတ်သတ်မသိအောင်ကျနော့်ကို တိုးတိုးလေးမေးတယ်...
“ ညီိလေး ဘာလာလုပ်တာလဲ” တဲ့ ..။ သိုက်ဆရာကလဲ မျက်လုံးပြူးကြီးနဲ့ ...ကြောင်ကြည့်နေတာ...
ကိုယ်ကလဲ ပြော၇တာပေါ့...“ဟင် ...ကြမ်းပြင်ရိုက်နေပြီ မဟုတ်လား...”ဆိုတော့..
“ အမ် ...ဒါသိုက်မှာ ရိုက်တာ မဟုတ်ဘူး...ကိုယ့်ကို အခုမှ ဖမ်းချုပ်ပြီး သိုက်ဘယ်မှာလဲလို့ မေးတုန်း...”
သွားပြီ၊ မှားပြီ.....။
“ ဒါဖြင့် ဘာလို့ ကြမ်းပြင်ရိုက်လဲ”...
“ အော် ..သူက သိုက်ဆရာလေ..ရိုက်မှာပေါ့”
“ ဟာ...ကျနော့်ကို ပြောတုန်းက ကြမ်းပြင်ရိုက်ရင် ၀င်လို့  ရပြီဆို”
“ ဒုက္ခဘဲ...ညီလေး..ပြန်ဝင်သွားလိုက်”
“ ဟာ...ကြောင်တောင်တောင်နဲ့  ဘယ်လိုပြန်ဝင်ရမှာလဲ...”
တယောက်နဲ့ တစ်ယောက် ငြင်းနေတုန်း သိုက်ဆရာက ရှေ့ မှာ စာတွေရွတ်ရင်း ထိန်းပေးထားတာပေါ့...
နောက်မှ မင်းသားကြီး ရှေ့ တစ်လှည့် ထွက်ပြီး ပြောငိုလေးလုပ်နေပေါ့..။
ကျနော့်နားဘက်ကို မယောင်မလည်နဲ့ သိုက်ဆရာ ကပ်လာပြီး...
“ အိပ်ချင်မူးတူးနဲ့ သိုက်ထဲက ထွက်လာတာလား” တဲ့ ..။ ကြည့်ပါဦး...မေးပုံက၊
“ ဘာလဲ...ကြမ်းပြင်ရိုက်လို့ ထွက်လာတာ ၊သိုက်မှာ မရိုက်ဘဲ ဘာလို့ ဒီမှာရိုက်လဲ”..
“ မင်းသားရယ်...နည်းနည်းပါးပါး လဲ နားစွင့်ပါဦးလား၊ သိုက်ဆရာ လုပ်စားလို့ ရိုက်ရင်တောင် အကန့် အသတ်နဲ့ ရိုက်ရမလို ဖြစ်နေပြီ”
“ ဘယ်သိမလဲ...က”နေကျမှ မဟုတ်တာ..ကဲ ..အခု ဘာလုပ်မလဲ”
“ ပြန်ဝင်လေ...”
“ ဘယ်လို မျက်နှာနဲ့ ဝင်မလဲ..ခုထွက်လာ...ခုပြန်ဝင်နဲ့ ...”
“ ဘယ်လို ပြန်ထုတ်ရမလဲ...နတ်တွေကို ပြန်ပို့ တာဘဲ ရွတ်တဲ့ စာရှိတယ်၊ သိုက်ပို့ စာ မရဘူး”
“ ရရ မရရ ၊ ရွတ်ချင်သလိုရွတ်ပြီး...ကြမ်းပြင်ပြန်ရိုက်လိုက်...ကျနော် ပြန်ဝင်သွားမယ်..ဟတ်လား”
အဘိုးကြီးလဲ အကျပ်ရိုက်နေပုံရပါတယ်...ပါးစပ်ကလဲ ပွစိပွစိနဲ့ ...ကျနော့်ကိုလဲ သိပ်မပြောရဲဘူး...၊ ခဏနေမှ..
“ ဟားဟားဟားဟား....မိုးပေါ်မှာသကြား...မိုးပေါ်မှာသကြား...လူ့ ပြည်မှာ ငကြွားတဲ့ ဟေ့( ပလို့ ဂျိ)...( အပေါ်မှာ မှားနေတာကို ဆိုင်းဆရာတွေ ရိပ်မိတယိ...ကျနော် ဂျစ်တိုက်တာလဲ သူတို့ သိတယ်)။ ...ငါလို ဆရာကို အာဏာပြိုင်မယ်ကြံသလား....
ဠင်းတနီ အူစွပ်၊ ဥုံခံကာ ရွတ်လို့ သိုက်တစ်ကာသိုက်၊ အပူတိုက်ဖြစ်စေတဲ့ ..ဆေးကြိမ်လုံးနဲ့ ရိုက်လိုက်မယ်...မဆိုင်သူ ၀င်မလာနဲ့ ..
စည်းအပြင် ထွက်ရော့လဟယ်...ဗျန်း..”
“ အောင်မလေး...”
တခွန်းတော့ အော်ခဲ့ ပြီး နောက်ပြန် ခပ်စောင်းစောင်းနဲ့  ကားလိပ်ကြားက သေတ္တာပေါ် လွှားကနဲ ခုန်ဝင်လိုက်တာပေါ့...
ကံကောင်းလို့ ပြန်ပြုတ်မကျတာ...ခုန်ချတာသာလွယ်တာ..နောက်ပြန် ခုန်တက်ရတာ..မလွယ်ဘူး..
ခြေတစ်ဖက်က ချော်ပြီး သေတ္တာပေါ်မှာ မှောက်ရက်တွဲလောင်းလေး..။
ပြောဆိုဖြစ်ပျက်သွားတာက ခဏလေး...ပရိတ်သတ်လုံးဝ မသိလိုက်ဘူး။
သေတ္တာမှာ ကုတ်ကပ်ပြီး ဖြစ်နေတာဆိုလို့ လာမိတ်ဆက်တဲ့  ကောင်မလေးတစ်ယောက်ဘဲ တွေ့ တာ...(သူက ကားလိပ်ကြားမှာ
အသင့်လာစောင့်နေတာ...ချွေးတို့ ပေးဘို့  တို့ ပတ်လေးနဲ့ ...
ကိုယ်ကလဲ...ခပ်ရှက်ရှက်နဲ့ ...အဟီး ဆို ရီပြလိုက်တာ...။
ဒါတောင် ကောင်မလေးက မရိပ်မိဘဲ..ပြောနေသေးတယ်...
“ အကို...ချွေးတွေ သုတ်လိုက်ဦး....သိုက်ထဲက ပြန်လာတာ..မောလာပြီ” တဲ့ ။
ကျနော်လဲ အရှက်ပြေ ပြောလိုက်ပါတယ်...
“ ဟုတ်တယ်...ကိုယ် သိုက်ထဲကို သွားမွှေလာတာ” လို့ ။
အမှန်က အိပ်ချင်မူးတူးနဲ့ လူ့ ပြည်ကို သွားမွှေတာ..။

သစ်နက်ဆူး

Tuesday, October 21, 2008

မောင့်ချစ်နှင်းမှုန်

မောင့်ချစ်နှင်းမှုန်
ဒါလေးက ကိုယ်.. အနှစ်သက်ဆုံး....။

ညီမလေးရဲ့ ချစ်ပြုံးနှင်းဆီ

Sunday, October 19, 2008

လွမ်းမိတဲ့ သာသနာ့မြေ



မူရင်းက ကိုသိန်းဇော်(မန္တလေး)ပါ....။ ကျနော်အလွမ်းဆုံး ဒေသကို အလွမ်းဖြေထားတာပေါ့....
ကျနော့်ရဲ့ karaoke လေးပါ....။
တခါတလေ ပို့ စ် အပြောင်းအလဲလေးပေါ့..။

Saturday, October 18, 2008

=အချစ်ဆိုတာ=



အချစ်ဆိုတာ..................................

တိမ်ပြာတို့ လွင်းပါးမှုနဲ့ ...............
့ငြိမ့်ညောင်းခြင်းအတိပြီးသော ရင်ခွင်မှာ ရာဘင်ဒြာနတ်တဂိုးရဲ့  ဂီတလင်္ကာကို
သိမ့်သိမ့်ဆတ်ဆတ်ခံစားခြင်းက
အချစ်၏ ချွေလင့်သော လက်ကို မထိတထိလှမ်းရင်း လွမ်းမောစေတဲ့ အရာ.....
ချိုပျစ်ပျစ်ရသဂီတလို့ ..........
့မက်မက်ရှိုက်ရှိုက် စွဲလန်းခဲ့ ပေမယ့်
မာယာပျားရည်တို့ လိမ်းကျံထားသော...နတ်ဆိုးရဲ့ တယောကြိုး..
မသိစိတ်အဟုန်နဲ့ ချစ်သူရနံ့ ကို ဖမ်းဆုပ်...ကမ်းပါးမှာပြုတ်ကျစေသောအရာ....
တွယ်တာစရာလို့ ဘဲထင်မှားစေတဲ့ ကဗျာ...။
တစ်ခါတစ်ခါ နေရာမရွေး ပေါက်ဖွားတတ်သော ဗိုင်းရပ်ကိုမှ ကိုယ်တွင်းနာအဖြစ် တယုတယ သိမ်းချင်မိစေတဲ့ အရာ...။
ဒါကို.............
တစ်သက်တာလို့ အက္ခရာထွင်းနေကာမှ
နောက်ကျောကိုဆောက်နဲ့ ကိုယ်တိုင်ထွင်းခံလိုက်ရတဲ
့ယုံကြည်မှု ဖောက်ဖျက်ရေးသခင်မရဲ့ လက်နက်ပုန်း..........။
တခါတခါလဲအချစ်တံလျှပ်တွေက
ကန္တာရထဲကို ဆွဲသွင်းပြီး
လမ်းပျောက်ခြင်းကိုဖြစ်စေတတ်တဲ့ ပဉ္စလက်..။
အချစ်ဆိုတာ............................
မာယာနှုပ်ခမ်းကို တမ်းခြင်းတွေနဲ့  သီဖွဲ့ စုပ်ယူစေသော ကျားကွက်..........။
အချစ်ဆိုတာ............................
တောင်ပြိုတိမ်ထုရဲ့ ကမ်းပါးမှာမှ ဇာပ၀ါနဲ့ ရစ်ပတ်လို့  သိမ့်သိမ့်နင့်နင့် မျောလွင့်စေတတ်သော နတ်ဘုရားမရဲ့ လှိုင်းတံပိုးလေ...။
မထင်တဲ့ ဒေါင့်က ပုံရိပ်ထင်လာတတ်တာလဲ အချစ်...။
ထင်မှတ်ခဲ့ သော အရာ အားလုံးချုပ်ငြိမ်းစေတာလဲ ချစ်သူရဲ့ အချစ်ပေါ့...။
နှောင်ကြိုးတစ်ပင်လို လက်ခြင်းမြဲစေတာလဲ အချစ်.........................။
အချစ်ဆိုတာ.................
ရှိသမျှ ကြိုးမှန်သမျှ ဖြတ်တောက်လို့ အစိမ်းရောင်တွေ ကို ဖိတ်စာတစ်စောင်နဲ့ လူကြုံပါးတတ်တဲ့ မာယာသခင်ရဲ့ အပြုံး....
အချစ်ဆိုတာ ဘာလဲလို့ မသိခင်ကတည်းက နတ်ပန်းဦးဆက်လို့ ရိုကျိုးရင်း ရင်ခတ် ခွက်ခွင်းသံတွေကြား ကကွက်များနဲ့ 
ဝပ်တွား အချစ်ဖုရားမ အလိုကျ ပေါ့...။
ချစ်သလောက်ရူးစေ...
ရူးသလောက်ချစ်စေ....
ကျိန်စာတွေ ပြည့်နေတဲ့ နှလုံးသားကျမ်း...
အာဗြဟမ်ကိုပြတဲ့ လမ်း...မှောင်ချင်သလောက်မှောင်စမ်း...
မကြောက်တမ်း ရူးစေတဲ့ အရာ...။
အချစ်ဆိုတာ.....
မြူပုဝါပါးတွေကြား မှာ မျှော်လင့်ရင်း စမ်းလျှောက် ဝေးဝေးကြီးရောက်မှ အဆိပ်ခိုးရယ်လို့ သိစေတဲ့ အရာ....။
အို...အချစ်ဆိုတာ....
ရိုင်းစိုင်းသောဝေါဟာရနဲ့  မနှိုင်းသင့်တဲ့ အရာ...
ယဉ်ကျေးသိမ်မွေ့ လို့  စုံလုံးကန်းယုံ ပုံမအပ်သင့်တဲ့ အရာ.....။
အချစ်ဆိုတာ...
ကိုယ်ကလဲ သူများကို ဒါဏ်ချက်ပြင်းစေသော
ကိုယ့်ကိုလဲ တဖက်လူက ဒါဏ်ရာရစေသော....
အချစ်ဆိုတာ....တစ်ခါတစ်ခါ မွတ်သိပ်စေတတ်သော....
စကားလုံးတွေ ကဗျာတွေအဖြစ် အန်ထွက်စေတတ်သော....အရာ။
ပြောလို့ သာ ပြောရတာပါလေ...
တစ်ကယ်တော့ အချစ်ဆိုတာ....
ကိုယ်ဘဲ ယုယပိုက်ထွေးပြီး ၊ ရင်ထဲမှာ ကိုယ်တိုင်မွေးထားတဲ့ ...
စပိန်နွားရိုင်း တစ်ကောင်ပါဘဲ...။
အချစ်ဆိုတာ.....
ဒါဏ်ချက်သိပ်ပြင်းတယ်.....။
ဒါဏ်ချက်သိပ်ပြင်းတယ်.....။

သစ်နက်ဆူး

...ကိုအောင်သာငယ်ရေ..အကို Tag ထားတဲ့ အချစ်ဆိုတာ လေးကို ခံစားမိသလောက် ချပြလိုက်ပါတယ်ဗျာ....
ဒါဏ်ရာပြင်းပြင်းထိခဲ့ သူတစ်ဦးရဲ့ အချစ်က ခါးချင်ခါးပါလိမ့်မယ်...။

Thursday, October 16, 2008

“ သစ်နက်ဆူး...ဘာလဲ...ဘယ်လဲနှင့် ယုံကြည်မှု”



သစ်နက်ဆူး...ဘာလဲ..ဘယ်လဲနှင့် ယုံကြည်မှု.....။
ကျနော့်ရဲ့ ဘလော့ဂ်လေးက လူသိပ်မသိသော ဘလော့ဂ်လေးတစ်ခုမျှသာ...။ ကိုယ်ဖြတ်သန်းခဲ့ ရသော ဘ၀အတွေ့ အကြုံများကို သာ အမှတ်တရ ရေးသားခြင်းပင်..။
အဓိက ပြောချင်တာက ဘာသာရေး ဘလော့ဂ်မဟုတ်..အယူအဆငြင်းခုံ သောနေရာမဟုတ်။ ငြင်းလဲ မငြင်းချင်......၊
ပြောလဲမပြောချင်၊ မပြောချင်သော်လဲ ကိုယ့်ငယ်ဘ၀ကို ပြန်ရေးသည့်အခါ ကိုယ့်ဘ၀တော့ ပါလာလိမ့်မည်။
ဘလော့ဂ်ရေးလို့  ပိုက်ဆံမရ၊ အချိန်ပေးရသည်...။ ၁၀ ရက်လုပ်လျှင် ကားတစ်စီး ၀ယ်နိုင်သော ကျနော့်အလုပ်နှင့် ကျနော် မအားပါ..။ ဒါပေမယ့် စာရေးချင်သော ကဗျာရေးချင်သော စိတ်နဲ့ မအားတဲ့ ကြားထဲက လုပ်နေတာဘဲဖြစ်သည်...။
၁၀ရက်လုပ်လျှင် ကားဝယ်နိုင်တာကို ကြွားချင်လို့ မဟုတ်...အလကားပဲတင်း ဘလော့ရေးရတာကို ယှဉ်ပြောချင်လို့ သာဖြစ်သည်.။
သစ်နက်ဆူးဆိုတာ ဘာသာပြောင်းလာသူဖြစ်ကြောင်း ပို့ စ်များတွင်ရေးခဲ့ သည်...ငယ်ဘ၀ အမြင်တွေ ချရေးခဲ့ သည်..။
ဘယ်ဘာသာကိုမှ စော်ကားချင်လို့ မဟုတ်။ ကိုယ့်မိသားစု အတွင်းရေးကို ရေးခြင်းပင်.။ သာစေလိုသောစိတ်လဲ မရှိ၊
နာစေလိုသောစိတ်လဲမရှိ။ ဗုဒ္ဓ ဘာသာဝင်တစ်ချို့ ရဲ့ ချီးကျူးမှု၊ အားပေးမှုကို ခံချင်လို့ မဟုတ်....။
အလကားပဲတင်းနှင့် ရေးသော စာကိုပင်လိမ်ညာရေးနေမှတော့ ဘာသုံးစားလို့ ရမှာလဲ....။
ဒါကြောင့် အဖြစ်မှန်တွေကို ချရေးသည်။
ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်အောင် ၁၆ နှစ် မပြည့်ခင်ကတည်းက အသိုင်းအ၀ိုင်းကို စွန့် လွှတ်၊ ရပိုင်ခွင့် ၊ပိုင်ဆိုင်ခွင့်တွေကို စွန့် လွှတ်ပြီး၊ ဗုဒ္ဓကို ရှာဖွေခဲ့ သည်...ဗုဒ္ဓ၏တရားကို လေ့လာသည်...တတ်နိုင်သမျှ ကျင့်ကြံသည်....။
မိဘ အသိုင်းအ၀ိုင်းနှင့် ၁၈နှစ်နီးပါး ခြေရာဖျောက်ပြီး နေသည်၊ သေမလို ဖြစ်အောင် မကျန်းမာသော်လဲ မဆက်သွယ်ခဲ့ ၊
ဆေးရုံပေါ်မှာ နောက်ဆုံး ဆရာဝန်လက်လျှော့သည့်အတွက် ငိုငိုယိုယိုနှင့် ဇနီးဖြစ်သူက မိဘလိပ်စာတောင်းတာတောင် မပေးခဲ့ ဘဲ၊
“ငါ...ဗုဒ္ဓဘာသာဝင်တစ်ယောက်လိုဘဲ သေချင်တယ်...ဘာမှ မဆက်သွယ်နဲ့ ” လို့  ယတိပြတ် ပြောနိုင်ခဲ့ တဲ့ ကျနော်...
အခုကျမှ ဘာကို တွေဝေ စဉ်းစားနေမည်လဲ...။
ကိုယ်က အကူအညီ လိုချိန်မှာတောင် ဒီဘာသာနဲ့ ကင်းချင်လို့  မဆက်သွယ်ခဲ့ တာ...
ယခုကိုယ်က သိန်းပေါင်းများစွာ ပြန်ထောက်ပံ့ နေချိန်မှာ ဘာကိုများပြန်ပြီး လွမ်းဆွတ်စွာ ဆွေးနွေးနေရဦးမှာလဲ...။
ဒါကြောင့် ကျနော် ဘာသာရေးကို မဆွေးနွေးချင်တာ..။
ပြောရမှာ အားနာတတ်တာက....ပြောလိုက်ရင် တစ်ဘက်လူ နစ်နာစေမှာမို့ မပြောတာပါ...။
.......
Noor လို့ အမည်ရှိသူက ဘာသာရေးကို ဆွေးနွေးချင်တယ်...ဘာကြောင့် ပြောင်းတာလဲ ဆိုတာ......
မေးလ်နှင့်ဖြစ်စေ ပို့ စ်တစ်ခု အနေနှင့်ဖြစ်စေ ၊ ရေးတင်ပါ...ဆွေးနွေးမယ်လို့  စီဘောက်မှာ ..၀င်လာသည်.
သူ့ ကို စိတ်မဆိုးပါ...သူ့ ဘာသာထဲက လူတစ်ယောက် ဘာသာပြောင်းသွားတဲ့ အတွက် ပြောခြင်းဖြစ်ချင်ဖြစ်မည်...။
သို့ မဟုတ် ကျနော်ရေးလိုက်သော စာကို မကျေလည်လို့ ဖြစ်ချင်ဖြစ်မည်...သူ့ စိတ်ကိုကျနော်မသိ..။
ကျနော့်စိတ်ကို ကျနော်သိသည်.....။
ကျနော့်စိတ်ကို အဖေသိသည်.....။
ကျနော့်စိတ်ကို အမေသိသည်....။
အဓိက“က လူဆိုတာ ကိုယ့်ကိုကိုယ်သိဘို့ ပင်။
ကိုယ့်စိတ်ကိုမျှ ကိုယ်မသိလျှင် ကိုယ့်ကိုကိုယ်လိမ်နေမှန်းတောင် ကိုယ်တိုင်သိမှာ မဟုတ်....။
တစ်ချို့ က လိမ်နေသည်...ညာနေသည်...ဒါပေမယ့် အသိုင်းအ၀ိုင်းတစ်ခုထဲမှာတော့...ဟန်ကျနေသည်..။
ကျနော့်ဇနီးရဲ့ တူမလေးတစ်ယောက် အစ္စလာမ်ဘာသာနှင့် ယူထားသည်...အလည်ခေါ်တော့သွားပါသည်...သူယူလိုက်တာ အကြောင်းရှိသည်..တူမလေးလို မိန်းကလေး( မြန်မာ၊ကရင်နှင့် အခြားလူမျိုးများ) တွေ ထိုင်းနိုင်ငံ မဲဆောက်မှာ အများကြီး။။
ထိုင်းပုလိပ်နှင့် တောမောဖမ်ျးွှာကြောက်လို့  ဘာသာခြားအမာခံ ထိုင်းလက်မှတ်ရှိသူကို လင်တော်ကြသည်..ပြီးတော့ မဲဆောက်ဈေးထဲက အလွန်ဆုံး ဘတ်၅၀ လောက်ပေးရသော ပုဝါလေး ခေါင်းပေါ်တင်လိုက်သည်....အသိုင်းအ၀ိုင်းကလဲ လက်ခံကြသည်..။
ယုံကြည်ချက်နှင့်စိတ်ကို ဘယ်လို လေဆာ ရောင်ခြည်ပုံရီပ်ဖမ်းတာနဲ့  အဖြေရှာမလဲ...ဘယ်လို အဖြေထုတ်မလဲ။
ပါးစပ်က အလ္လာ လို့ တ” တာလေးနဲ့  ၁၀၀% ယုံရမှာလား...။
ကျနော့်ကို ဆွေးနွေးစစ်မေးမယ်ဆို အဲဒီ တောမော ခါတော်မှီလေးတွေကို အရင် မေးဘို့ ကောင်းသည်...။
သုသေတန လုပ်ဘို့ ကောင်းပါသည်...။
ကျနော့်ကို မေးလျှင် ကျနော်က ပမွှား။
ဆရာတော်ဦးဥာနိဿရ က ခွေထုတ်ပြီး ပေါ်တင် ဟောသည် ပြောသည်...ဆွေးနွေးပါ..။ ဆက်သွယ်ပါ..။
ကျနော့်ကို စိတ်ပူစရာမလိုပါ....။
ကျနော်က အဖြေမပေးနိုင်သော ဆရာထံ ကျောင်းမတက်ချင်..။
နောက်က ချောင်းရိုက်လို့ ခေါင်းကွဲလာသော သိုင်းဆရာထံမှာ တပည့် မခံချင်.။
ဖောင်ဒေးရှင်း မခိုင်သော ကွန်ဒိုမီယမ် တိုက်ခန်းတွေ ၀ယ်ဘို့  စိတ်မကူး...။
မြေပုံလမ်းညွှန်မပါသော လမ်းကို စမ်းတ၀ါးဝါး အချိန်ကုန်ခံပြီး ခရီးမသွား။
လက်စားခြေ၀ါဒရှိသော အယူအဆကို မကြိုက်။
ဖန်ဆင်းရှင်အမည်နာမတော်ကိုရွတ်ပြီး သူများအသက်သတ်တာမကြိုက်။
ကိုယ်ချင်းစာတရားဖြင့်ကြည့်လျှင် သတ္တ၀ါ တိရိစ္ဆန်တိုင်း သေမှာ ကြောက်ကြသည်..။
ဖန်ဆင်းရှင်အတွက်လို့ ကြေညာပြီး ..လူပေါင်းများစွာကို သတ်ပြီး ၊ ကိုယ့်အသက်ကိုတော့ တောတောင်တွေ ကြားမှာ ပုန်းနေရသော
ယုံကြည်မှုမျိုးကို မကြိုက်။
သူများအသက်( ဘာသာတူချင်း) ရက်ရက်စက်စက် သတ်ပြီး ကြိုးစင်ပေါ် ကိုယ့်အလှည့်ရောက်တော့ တုန်တုန်ရင်ရင် ဖြစ်နေသော
လမ်းစဉ်ကို မကြိုက်..။
ကျနော့်ဦးလေး အမျိုးသမီးက ဗုဒ္ဓဘာသာ၊ ဦးလေးက ရောဂါသည်...ဥိးလေးက အဘွားအိမ်မှာပင် ထမင်းစားသည်။ ပုံမှန်ဗလီတက်သည်။ ဇနီးဖြစ်သူက သားသမီး၅ယောက်နှင့်စားဝတ်နေရေး ခက်ခဲသောကြောင့် ၀က်မွေးသည်..။
ဒါပေမယ့် ဦးလေးကို ဘုရားကျောင်းလူပုံအလယ်မှာ ခွေးပြောသလို ပြောပြီး ဘာသာက ပယ်ကာ မောင်းထုတ်လိုက်သော
ဘာသာရေး အုပ်စုကို မကြိုက်( ဘုရားလူကြီး ၁။ သမီးနှင့် မြေးမလေးက ဗုဒ္ဓဘာသာနှင့် အိမ်ထောင်ပြုထားသည်.။ ဘုရားလူကြီး၂။
ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို မယားငယ်အဖြစ်ယူထားသည်.။
သူတို့ ခေါင်းမှာ ဘာသာရေးဆိုင်ရာ ဦးထုပ်လေးတွေ၊ ပုဝါလေးတွေ တင်ထားသည်...။
အဲဒီ ပိုက်ဆံပေးဝယ်လျှင် လိုသလောက်ရသော ပစ္စည်းများက ဘာသာဝင်စစ်စစ်လို့  ဆုံးဖြတ်နိုင်လျှင်....ခက်ပါသည်။
ဘာသာရေး၏ အနှစ်သာရမှာ ယုံကြည်မှု စိတ်ပင် ဖြစ်ပါသည်....။
ဘာသာတိုင်းက ကောင်းသည်ဟု လက်ခံပါသည်..။
ကိုယ်ယုံကြည်ရာ ကိုယ်လုပ် ၊ လိပ်ပြာသန့် ဘို့ တော့ လိုပါသည်...။
ကျနော် ဘယ် ဘုရားမှ မညာချင်...။
ကျနော် ဘာသာရေး ဦးထုပ်လေးဆောင်းပြီး၊ ညာနေရင်ရော...။ ကျနော့် ကို ဘယ်လိုစက်နဲ့ မှ ကျနော့် မိဘတွေ စစ်လို့ မရပါ။
ဒါပေမယ့် ကျနော် လူကိုသာ လိမ်ချင်လိမ်မယ်....ဘုရားကို မလိမ်။
စကားမစပ် ထိုင်းမှာနေတုန်းက ကျနော့်မှာ လက်မှတ်မလုပ်ရသေး၊ ပုလိပ်ဖမ်းခံထိပြီး...အချုပ်ထဲမှာ နေရသည်...တစ်ညပေါ့။
သူငယ်ချင်းတွေက အကြံပေးသည် ...အစ္စလာမ်အဖွဲ့ ကို သွားပြီး လက်မှတ်လုပ် ၊ ပုလိပ် မဖမ်းဘူးလို့  အကြံပေးသည်။
တောမောရုံးမှာ အစ္စလာမ်တစ်ယောက်က လူကြီး ဖြစ်နေတာကိုး။
ဒါပေမယ့် ကျနော်ကငြင်းသည်.။
“ တောမောဖမ်းလို့ တော့ မသေနိုင်ပါဘူး....နှစ်ဘုရားတော့ တစ်ပြိုင်တည်း မလိမ်ပါရစေနဲ့ ” လို့ သာ ပြောခဲ့ သည်။
ပြောချင်တာက ဘယ်ဘာသာမဆို လေးစားပါသည်၊ ယုံကြည်မှုကတော့ ကိုယ်တစ်ဦးချင်းနှင့်သာ သက်ဆိုင်ပါသည်..။
Noor ကို ခင်မင်ပါသည်..လေးစားပါသည်။ နစ်နာစေလိုသော စေတနာ လုံဝ မရှိပါ. ဒါ ငါ့ ဘလော့ဂ်ဘဲ ငါရေးချင်တာ
ရေးလိုက်မယ်ဆိုတဲ့ စိတ်လဲ မရှိပါ...။
Noor ဆိုသူက “ ဘာဘဲပြောပြော ဒီအပင်က ပေါက်လျှင် ဒီအသီးပါဘဲ” ဟု ပြောပါသည်..။စိတ်မဆိုးပါ။။။
အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးသည် ပုဏ္ဏေးမ မိခင်၏ ၀မ်းကြာတိုက်မှ မွေးဖွားလာသူဖြစ်သော်လဲ ဒီအပင်မဖြစ်ခဲ့ ပါ.။
အရှင်ဥာနိဿရ လဲ ဒီအပင် မဖြစ်ခဲ့ ပါ...။
မိုက်ကယ်ဂျက်ဆင်လဲ လူဖြူမိခင်က မွေးခဲ့ လို့ ဖြူ ခြင်းမဟုတ်ပါ..။
လူ၏ ကိုယ်ခန္ဒာနှင့်  စိတ်ကို ပြောင်းလဲလို့ ရပါသည်...။
မကြောက်ဘို့ သာ လိုပါသည်...ရဲမှ မင်းဖြစ်၊ ကိုယ်ဖြစ်ကိုယ်ခံပင်။
........။.........
ဒီအပင်နှင့် မျိုးရိုးနှင့်ပါတ်သက်ပြီး ကျနော့် တစ်သက် ဘယ်သူ့ ကိုမှ မပြောခဲ့ သော....
ကျနော့် အသိုင်းအ၀ိုင်း ၊ အယူအဆပြင်းသော ကျနော့်ညီတို့ နှင့် အပြင်းအထန် ဆွေးနွေးစဉ်က..
ကျနော့်ကို “ မျိုးမစစ်”လို့ ရက်ရက်စက်စက် စွပ်စွဲ စဉ်ကပင်...ဒီစကားလုံး ထုတ်ပြောလျှင် တဘက်သား လှုပ်လို့ မရ ဘဲ ရှုံးနိမ့် သွားမှာ
သိပေမယ့်...အားလုံးကို သနားစိတ်ဖြင့် ပြန်မပြောခဲ့ ပါ..။
ကျနော်ပြောမယ့် သက်သေခံက ကျနော့်အဘွားဖြစ်နေသောကြောင့် အဘွားကိုလဲ ညှာသည်၊ ကိုယ်ပြောလိုက်လို့ ဖြစ်ပျက်သွားမယ့်
သူတို့ ရဲ့ မျက်နှာများကိုလဲ မကြည့်ရက်ပါ....။
ကျနော် အခု ပြောပါမည်...။
ကျနော် ငယ်စဉ်က မိဘတွေ မချစ်တဲ့ သားမို့  အဘွားက ခေါ်ထားပြီး အဘွားနဲ့ အတူတူ အိပ်ရပါသည်...။အဘွားက စည်ပုတ္တရာရွာအနီးက ဌက်ပျောရွာသူ၊ မြန်မာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သော်လည်း ၊ အဘိုးနှင့် ဂျပန်ခေတ်မှာ အိမ်ထောင်ကျပြီး
အစ္စလာမ် ဘာသာယူထားသူ ဖြစ်ပါတယ်..။
ကျနော်က ကလေးဆိုတော့ တစ်နေ့ လုံးကစားပြီး ညတိုင်ဆို မောမောနဲ့ အိပ်တာပါဘဲ...အဘွားပုတီး စိတ်တာတောင် မဆုံးဘူး...ကြည့်ရင်းနဲ့ အိပ်ပျော်ခဲ့ တာပါ...။
တစ်ညတော့ အိပ်မပျော်လို့ မျက်စေ့လေးမှေးပြီး အဘွားပုတီးစိတ်ပြီးရင်ပုံပြင်ပြောခိုင်းမယ့် အကြံနဲ့ စောင့်ကြည့်နေတာပါ.။။
ဒါကို ကျနော်အိပ်နေပြီ ထင်တဲ့ အဘွားက ပုတီးစိပ်ဆုံးတော့ လက်အုပ်လေးချီပြီး ဦး၃ ကြိမ် ချပါတော့တယ်....။
တစ်ခါမှ မတွေ့ ဘူးတဲ့ ဦးချခြင်းမျိုးကိုတွေ့ တော့ အံ့သြသွားတာပေါ့...။
ပြီးတာနဲ့  တိုးတိုးလေး အဘွားဦးချတာ ဘယ်လိုလဲ...ဗလီမှာနဲ့ လဲ မတူပါလားလို့ မေးတော့....
အလန့် တကြားနဲ့ ကျနော့်ကို ကြည့်ပါတယ်...နောက်မှ ကျနော့်ကို ....
“ ငါ့မြည်းရယ်...ဘယ်သူ့ မှ မပြောပါနဲ့  အဘွားမုန့် ဘိုးပေးပါ့မယ်”လို့ တိုးတိုးလေး ချော့ပါတယ်..။
ကျနော်(၇)နှစ်လောက်ဘဲ ရှိဦးမယ်ထင်ပါတယ်...။ အဘွားကျနော့်ကို ချော့ရင်းနဲ့  မျက်ရည်ကျနေပါတယ်..။
သိပ်နားမလည်သေးပေမယ့် အဘွားငိုတာ ကျနော်မကြည့်ရက်ဘူး....။
အဘွားမျက်ရည် ကျနော် မမြင်ရက်ဘူး....ဒါကြောင့်“ မငိုပါနဲ့ အဘွားရယ်၊ ကျနော့်ကို မုန့် ဘိုးပေးစရာ မလိုပါဘူး၊ ကျနော်ဘယ်သူ့ မှ မပြောပါဘူး” လို့ ကတိပေးခဲ့ ပါတယ်..။
နောက်ညတွေကျ အဘွားက ကန်တော့ကာနီးရင် လူ အရီပ်အခြေ ကြည့်ခိုင်းထားပါတယ်...ကျနော်က ခြင်ထောင်ထဲကနေဘဲ...
အဘွားစိတ်ဖြောင့်ဖြောင့် ကန်တော့ရအောင် ကင်းစောင့်ပေးခဲ့ပါတယ်..။
နောက်တော့ အဘွားဆိုတာလေးက နားထောင်ရတာ တစ်မျိုးဘဲ ကျနော့်ကိုသင်ပေးပါလို့ ပူဆာတော့၊ အဘွားက ဘယ်သူ့ ရှေ့ မှာမှ မဆိုပါနဲ့ ၊ အဘွားမသေခင်လဲ ဒီအကြောင်းတွေ ဘယ်သူ့ ကိုမှ သင်မပေးပါနဲ့ လို့ ကတိတောင်းပြီး ကျနော့်ကို တရားစာလေး၃ ခုသင်ပေးခဲ့ ပါတယ်...။
“ဗုဒ္ဓ့ သရဏံ ဂစ္ဆာမိ”
“ဓမ္မံ သရဏံ ဂစ္ဆာမိ”
“သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတဲ့  စာလေး၃ ကြောင်းပါ...။
အဘွားကွယ်လွန်သွားတာ ကြာပါပြီး....မှတ်မှတ်ရရ အဘွားရယ်၊ အဒေါ် တစ်ယောက်ရယ်က ကျနော်အိမ်ကထွက်သွားလို့ လွမ်းစိတ်နဲ့ ဘဲ အိပ်ယာထဲ လဲပြီး ကွယ်လွန်ခဲ့ တာပါ...သေခါနီး အသက်ငင်တာတောင် ကျနော့် နာမည်တ”ပြီး သေဆုံးခဲ့ တယ်လို့ ..ညီဝမ်းကွဲ(
ယခု ရဟန်းဝတ်) ကပြန်ပြောပြပါတယ်...။
အဘွားရေ ခွင့်လွှတ်ပါ...တစ်သက်လုံး ထားခဲ့တဲ့ကတိကို အခု ချိုးဖောက်မိပါပြီ...ဒါပေမယ့် အဘွားသားသမီးတွေ မရှက်ရအောင်
ကျနော် သစ်နက်ဆူး အဖြစ်နဲ့  ဖော်လိုက်တာပါ...။
ကျနော်က အဖွားမျိုးဆက်ပါ...။
ကျနော့်ကို နာကျင်အောင် အဘွားသားသမီးတွေက “ မျိုးမစစ် ၊ သာသနာဖျက် အမျိုးသိက္ခာ ကျအောင်လုပ်တဲ့ ကောင်၊ မင်းဘာသာပြောင်းရအောင်၊ ဘာခိုင်မာမှု တစ်ခု သက်သေရှိလ”ဲလို့  ပြောတုန်းက ပြုံးရုံဘဲပြုံးနေခဲ့ပြီး ၊ကျနော် ကတိထိမ်းခဲ့ တာ အဘွားသိပါတယ်နော်....။
အဘွားက ပါတ်ဝန်းကျင်ကို ကြောက်နေခဲ့ တယ်...။
သားသမီးနဲ့ အသိုင်းအ၀ိုင်းကို ကြောက်နေခဲ့တယ်...။
ပညတ်ချက်တွေ ကြောက်နေခဲ့ တယ်..။
ဒါပေမယ့်...အဘွား ကျနော့်ကို သွေးတစ်စက်၊ မျိုးစေ့တစ်ခု ရင်ထဲကိုထည့်ပေးခဲ့တယ်။
ကျနော် အဘွားကြောက်တဲ့ အရာတွေကို ဖောက်ထွက်ပစ်ခဲ့ တယ်...။
အားလုံးကို စိန်ခေါ်ခဲ့ တယ်....။
အဘွားအတွက်ကောင်းမွန်ရာ ဘုံဘ၀တစ်ခု ရောက်ဘို့  ပထမဆုံးအကြိမ်ရဟန်းဝတ်စဉ်က ကောင်းမှုတွေ လုပ်ပေးခဲ့တယ်..။
အဘွားယုံကြည်မှုနဲ့ အဘွားသားသမီးတွေ ရွတ်ဖတ်နေတာနဲ့ က လမ်းလွဲနေတာဆိုတော့ အဘွားသိရမှာမှ မဟုတ်တာ..။
အဘွားရေ...မျိုးစေ့ မှန်မှ အပင်သန်တာပါ..။
ကျနော်တို့ က အဘွားသွေးကနေ ဆင်းသက်လာတဲ့ မျိုးစေ့တွေပါ။
ဒီအပင်ကမို့ ဒီအသီးသီးခဲ့ တာပါ...။
.................................................................................................
အားလုံးကိုလေးစားပါတယ်၊ ဘယ်သူ့ ကိုမှ မနာကျင်စေချင်ပါ.....။
ပြောမှ ရှင်းသွားမှာမို့ ပြောရတာပါ...။
ကျနော့်ကို လာပြောလျှင် တန်ဘိုးရှိသော အချိန်တွေ ကုန်နေပါလိမ့်မယ်...။
ကျနော်အရောင်ပြောင်းစရာ မရှိတော့ပါ...
ကျနော့်အဘွားဆန္ဓ ဖြည့်ဆီးဘို့ နဲ့  ကျနော်ယုံကြည်တာလုပ်နေချိန်မှာ အဖေအ၇င်းတောင် တားမရ၊ နားချလို့ မရခဲ့ ပါ။
ဘာသာရေးဘွဲ့ ရထားပြီး ဘာသာရေးဆရာလုပ်နေသောညီအရင်းနဲ့ ပင် မဆွေးနွေးပါ...ဆွေးနွေးရင်လဲ...သူအလွတ်ကျက်ထားသော စာအုပ်ထဲက စာတွေဘဲ ပြန်ရွတ်ပြနေရိုးရိုး မိုးလင်းသွားပေမယ့် အဖြေမရခဲ့ ပါ...။
စာအုပ်ထဲကစာကိုရွတ်လို့ ကောင်းကင်ဘုံရောက်တာ...မယုံနိုင်ပါ..။
ပြောချင်တာက ကိုယ်ယူထားသောဘာသာထဲမှာဘဲ ကိုယ့်ကိုကိုယ် အကောင်းဆုံး ကျင့်ကြံနေထိုင်ပါ။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပါလိမ့်မယ်..။
တစ်ဘ၀စာမဟုတ်ဘဲ သံသရာ တစ်ခုလုံးအတွက် အားကိုးရှာတဲ့ အခါ ၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ရမှာပါ...။
ကျနော်ယုံကြည်ရာ ကျနော်လုပ်နေပါတယ်...။
ဒီလိုရေးလို့  မကျေနပ်ရင်လဲ မောက်စ်လေး တစ်ချက် ကလစ်ပြီး ကျနော့် ဘလော့ဂ်ကို ဖျက်ပစ်လိုက်ယုံပါဘဲ..။
စိတ်ရှုပ်၇မယ့် အလုပ် မလုပ်ချင်ပါဘူး.။။
ငြင်းခုံရမယ့် ၊အခြေအတင်ပြောရမယ့် အလုပ် မလုပ်ချင်ပါဘူး...။
ဘလော့ဂ် ရေးလို့ ပိုက်ဆံမရပါဘူး...။
အလုပ်များတဲ့ ကြားက ဘလော့ဂ်ကို တစ်နာရီ ထိုင်လုပ်ရင် ကျနော် တရားထိုင်ချိန် တနာရီ နစ်နာ နေတာပါ...။
.......


အားလုံးချမ်းမြေ့ပါစေ။
( ရှင်မင်းညိုရေ...ကဗျာလေးက တိုက်ဆိုင်လို့ ယူသုံးလိုက်ပါတယ်၊ ခွင့်ပြုပါ)

Monday, October 13, 2008

စားပွဲထိုးလေးရဲ့ သူငယ်ချင်း.......( ဇာတ်သိမ်း)



မထင်မှတ်ခဲ့ သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်....။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်...။ မသိမသာနဲ့ အမားကိုစိုက်ကြည့်မိတော့ အသက်၅၀ကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်...။ဆံပင်ဖြူလေးများနှင့် ခန့် သည်..။
နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်...။ ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်
အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်....ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ့ အ၀တ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ့ ..။ ဂျင်း အကောင်းစားတွေ။

ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် ...နောက်တော့ လာလည်မယ်ဟုနုတ်ဆက်သည်..၊ကိုအိတေကလည်းနုတ်ဆက်သည်...ဆိုင်ကို လာလည်ဘို့ ၊အမြဲ ၀င်ထွက်ဘို့ ခေါ်သည်...။
နွေးထွေးလိုက်ကြတာ.......။
အဲဒီညက စတိုခန်းလေးထဲမှာ အိပ်ရတာ...ဒါတောင် အစောကြီးမအိပ်ရပါဘူး...အမားရဲ့ မောင် ကိုပေါက်က စကားပြောရအောင်ဆိုပြီး ဆိုင်မှာ လက်ဘက်သုပ်တွေ စားရင်း ညနက်သည်အထိ ပြောနေကြတာပေါ့.......။
နောက်နေ့ အိပ်ယာက ၉နာရီလောက်မှနိုးတော့ ဆိုင်ကို သွားတာပေါ့.....။ တခုတော့ရှိတယ်ဗျ...၅နှစ်လောက်လုပ်လာတဲ့  စားပွဲထိုးအကိုတစ်ယောက်က ကျနော့်ကို မကြည်မလင်နဲ့ ...ကိုယ်ကနုတ်ဆက်လဲ သူစကားမပြောပါဘူး...။ ကျနော်အခြေအနေကို နားလည်ပေးနိုင်ပါတယ်..။ သူလဲ လူဘဲလေ...။ နေရတာကလဲ သူနဲ့ တစ်ခန်းမှာ ၂ယောက်ပါ...။
ဆိုင်ကို စားပွဲထိုးစလုပ်တော့ ကိုဝင်းနိုင်နဲ့ အမားက ကြည့်ထားဦး...နားနားနေနေလုပ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်က
သေချာမှတ်သားပြီး ၀ိုင်းလုပ်ပါတယ်...။
ကျနော်က စားသောက်သူတစ်ယောက် ကမုန့် ချပေးပါဟေ့....ဆေးလိပ်ဟေ့....ပိုက်ဆံရှင်းမယ်ဟေ့....
ခေါ်သံကြားရင် ကျနော်သွားတာပေါ့....သူတို့ က ဘာပြောတယ်မှတ်လဲ.....
“ ဟာ...ညီလေး မလုပ်ပါနဲ့ စားပွဲထိုး လာပါလိမ့်မယ်...နေပါ”တဲ့ ။။
ကျနော်က ကျနော်စားပွဲထိုးပါဆိုတော့.....ကောင်တာဘက်လှည့်ပြီး “ ကိုဝင်းနိုင်ညီက နောက်တတ်တယ်နော်” တဲ့ ..။
ကျနော်စဉ်းစားတယ်..ဘာမှားနေလဲပေါ့...။
တဟစ်ယောက်လဲ မဟုတ် ၊ လာသောက်သူတွေက အပြောများလာတော့...ဦးပေါက်ကို ပြောရတာပေါ့.
ကျနော်သွားရင် သူတို့ က နေပါစေဘဲ ပြောနေတယ်ဦးပေါက်....ဘာဖြစ်လို့ လဲမေးတော့ ဦးပေါက်က ကျနော့်ကို ကြည့်ပြီး....
ရယ်ပါတယ်....နောက်မှ ဘယ်ခိုင်းရဲမလဲ ကွာ.....မင်းဝတ်စားထားတာလဲ ပြန်ကြည့်ပါဦးကွာတဲ့..။
အဲဒီကျမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတာ...ကိုဝင်းနိုင် ဆင်ပေးထားတာလေ.......။
ရှပ်လက်ရှည်အဖြူနဲ့  စတိုင်လ်ဘောင်းဘီ အနက်ရောင်နဲ့  ရှုးဘိနပ် အနက်နဲ့ ....။ ခေသူမဟုတ် ဖြစ်နေတာ..။
ကိုဝင်းနိုင်ကလဲမရဘူး ၀တ်ကိုဝတ်ရမယ်တဲ့ ....။
၂ရက် ၃ရက်က ခိုင်းမယ့်လူ ခေါ်မယ့်လူကို မရှိဘူး....နောက်မှ ဆရာလေးက ( ဆိုင်ပိုင်ရှင် ဦးတင်ရွှေပါ....ဆရာလေး လို့ ခေါ်မှ
ကြိုက်တာ...သဘောကောင်းတယ်...ကျနော့်ဆို အားကြီးစ”တယ်) ၀င်ဆုံးဖြတ်ပေးတာ....။ ၀တ်ချင်ရင် ညဘက် ကိုဝင်းနိုင်တို့ ကိုဘာဘူတို့ နဲ့  အပြင်တွေ ဘာတွေ ထွက်မှဝတ်...ဆိုင်မှာ စားပွဲထိုးလိုဝတ်တဲ့ ...။
အဲဒါနဲ့ ဘဲ ဆိုင်က အခန်းတူနေတဲ့ အကိုကြီး ပုဆိုးဟောင်းအကျီဟောင်းကို ၀ယ်ဝတ်ရပါတယ်..လူတွေများရယ်ဘို့ ကောင်းတယ်ဗျာ....အဲလိုလဲ အ၀တ်အစားလဲလိုက်ရော...ခေါ်ခိုင်းလိုက်ကြတာဗျာ...လက်တောင်မလည်ဘူး....။
( ဒါကျနော့်ဘ၀အတွက်တော့ လူတန်းစားတစ်ခုဘက်ကနေ ခံစားမှု အသစ်တစ်ခုကို မြင်ခွင့်ရခဲ့တာပါ).....ကျနော်ပျော်ပါတယ်။
နောက်ပြသနာက ကျနော်က စကားတိုးတိုး ပြောတတ်တာ...။ အဲဒီတော့သူများက လ္ဘက်ရည်မှာရင် ဆရာလေး အဖျော်ခုံထိ
ပြေးပြောရတာ...အဲဒါဆို ဆရာလေးက နားကို လက်လေးကာပြီး ...“.အင်း ပြော တိုးတိုးပြော...ဘေးလူတွေ ကြားသွားမယ်...ဒါအရေးကြီးတယ်...”လို့ စပါတယ်။
နောက်တော့ ကျနော့်ကို ဘာမှမလုပ်နဲ့ ...ဟိုးဆိုင်ထောင့်ကနေ....ငါ့ အဖျော်ခုံကို မင်းပြောချင်တာ လှမ်းပြီးအော်ပြော....
ငါကကြားရင် အကြောင်းပြန်မယ်တဲ့ ..ကြည့်ပါဦး။ လူတွေရှုပ်နေချိန် ဆိုင်လူကျချိန်ဆို ထိုင်ပြီးအော်ရတယ်....
ဆရာလေး ပေါ့ကျဝမ်း။
ချိုစိမ့်ဝမ်း.....တူးတီး...၀မ်းကော်..ပဲနံတစ်..။
မလိုင်စားမယ်...အို..စုံနေတာဘဲ...။
ကြာတော့ မောလာတာပေါ့....ဆရာလေး...အော်ရတာ မောပြီဆို....
ဆရာလေးက လ္ဘက်ရည်ဖျော်တိုက်ပါတယ်...။ အမားကတော့ကြည့်ပြီးရီလိုက်တာ...မျက်ရည်ပါထွက်တယ်...။
နောက်ပြသနာက လ္ဘက်ရည်မှာရင် တစ်ခွက်ပါ...ကျနော်သွားပို့ ရင် ဟိုရောက်တော့ တစ်ဝက်ဘဲ ရှိတော့တာ...လက်တွေတုန်ပြီး ဖိတ်ကျတာလေ..။
နောက်တော့ အမားက ညဘက် ဆိုင်သိမ်းပြီးရင် ကျနော့်ကို အတူနေခိုင်းပြီး လ္ဘက်ရည်ခွက်တွေမှာ ရေထည့်ပြီး စားပွဲတွေကြားမှာ လူးလားခေါက်ပြန် သွားခိုင်းပါတယ်...။ အဓိက..က ဟန်ချက်ကိုနားမလည်တာပါ..။
နော် ၃ည လောက်ကျင့်တဲ့ အခါ လက်တစ်ဖက်မှာလ္ဘက်ရည်၃ ခွက်နဲ့ ပေါင်း၆ခွက်ကို နိမ့်မြင့် ဝေ့၀ိုက်ပြီး....အမြန်သွားလာနိုင်ပါတယ်...
ဆရာလေးမသိအောင် ခိုးသင်ပေးတာ...။
ဂျက်လီ ရဲ့ ထိုက်ချိမာစတာကားကို ကြည့်ရတော့ အဲဒီပုံတွေ မျက်စိထဲ ပြန်မြင်ယောင်ပြီး အမားကို သတိရတယ်....
တစ်ကယ်တော့ ကျနော့်ရဲ့ စားပွဲထိုး ထိုက်ချိဆရာက အမားပါ..။
၎ရက်မြောက်ပြီးတော့ ဆရာလေးတောင်ချီးကျူးပါတယ်...ချီးကျူးစကားကလဲ လှတယ်...
“ အေး...မင်းမှာ စားပွဲထိုးပါရမီ ပါတယ်ကွ” တဲ့.။။ ဖြစ်နိုင်တယ် သူ့ စကားက။
တော်ရုံလူ မခံနိုင်ပါဘူး....စားပွဲထိုးတစ်ယောက်ဟာ တစ်နေ့ ကို ဘယ်နှစ်မိုင် လမ်းလျှောက်သလဲ ဆိုတာ ၊လုပ်ဘူးမှ သိမှာ၊
ကျနော်က ပိုပင်ပန်းပါတယ်....အမားသားသမီးတွေက ညဆို ပျောက်ကုန်ပြီ...ဆရာလေးက အိပ်ပြီ..ဆိုင်သိမ်းရတာ အမား တစ်ယောက်ထဲ။ ဟိုစားပွဲထိုးကဗျာ...တစ်ကယ်ဘဲ နေနိုင်တယ်...အချိန်၁ မိနစ် ကျော်လို့ တောင် မရဘူး....ဆိုင်မှာ လူဘယ်လောက်ကျနေပါစေ...ကောက်ပြန်သွားတာ..။
ကိုယ်ကတော့ ကိုယ့်အမေအရွယ်ဖြစ်နေတော့ မနေရက်ဘူး...အမားကိုဝိုင်းလုပ်ပေးတာ...။
အမားက ညတိုင်ဆို မလိုင်ချက်တာ...အကြာကြီးဘဲ...ကျနော့်ကို လျှို့ ဝှက်နည်းတွေပါ သေချာပြောပြပြီး...မလိုင်ချက်သင်ပေးတာ
( အဲဒီ ထဲက ကျနော် မလိုင်မစားတော့တာ...ဟဲဟဲ၊ နောက်မှ ရှင်မင်းညိုကို နည်းပေးမယ်)။
မနက် ၄း၀၀ အိပ်ယာထ အလုပ်ဆင်း...၁၂နာရီနား...နေ့ ၁း၀၀နာရီကနေ အလုပ်ပြန်ဆင်း တာ ည ၁၀ ဆိုင်ပိတ် အမားနဲ့ ဆိုင်ထဲမှာ ဆိုင်သိမ်း မနက်အတွက်လုပ် ည ၂း၃၀မှာ ပြန်အိပ်...မနက် ၄း၀၀ ပြန်ထ။
ဒါကြောင့်ပင်ပန်းတယ်လို့ ပြောတာပါ....။

နောက်ပန်းချီဆွဲရာကနေ လူသိသွားပြီး သူငယ်ချင်းတွေ ထပ်ရလာပါတယ်...ကဗျာတွေ ရေး လက်လှည့် ဖယောင်းနဲ့ စာအုပ်ထုတ်ပါတယ်....။ ကဗျာရေးဖော် အခင်ဆုံးသူငယ်ချင်းက အားစိုက် လို့ ခေါ်ပါတယ် တရုပ်ပါဘဲ..။ တော်တော်ခင်တာ။
ပန်းချီရေး၊ ကဗျာရေးနဲ့  လူလဲ ပိန်လာပါတယ်...။
ဆိုင်မှာလည်း ညနေတိုင်ဆို ကိုအောင်သာငယ်စကားနဲ့ ပြောရရင် ကသာမြို့ မှာ ပထမဆုံး လ္ဘက်ရည်ဆိုင်တိုင်တဲ့ မိန်းကလေးတွေ
များလာတာ...ညနေတိုင်ဆို လ္ဘက်ရည်လာသောက်ရင်း အော်တိုရေးခိုင်း၊ ကဗျာတိုရေးခိုင်းနဲ့ ။
ဆရာလေးက နားလည်ပေးပါတယ်...သူကတော့ ပြောတယ်...
“ တို့ ကသာတော့ ရာဇ၀င်ပျက်ပြီ”တဲ့ ...စ”တာပါ။
ကြားရက်လေးတွေမှာ ခင်မ လာခေါ်ပြီး သူ့ အိမ်မှာ ထမင်း ဖိတ်ကျွေးပါတယ်...
သူက တစ်ဦးတည်းသောသမီးပါ...သူ့ မိဘတွေက တော်တော်ချစ်တာ...အရမ်းလဲ အေးဆေးကြတယ်...။
အိမ်သွားလည်မှ ခင်မကို ကျနော် အံ့သြလေးစားရတော့တာ......။
ထမင်းစားပြီးတော့မှ ဧည့်ခန်းထဲ ခေါ်သွားပြီး စန္ဒယားတီးပြတာ...စုံတောမြိုင်သီချင်းကို ကိုယ်တိုင်ဆိုတီးတာ...။
နောက်စောင်းတီးတတ်တယ်ဗျ....။ အဲဒါ ကျနော့်ရဲ့ သူငယ်ချင်းခင်မ ပေါ့...။
သူကိုယ်တိုင်အနုပညာသမားမို့ ကျနော့်ကို ကူညီပေးခဲ့ တာပါ...ဆုခွဲတာကတော့ လူငယ်ကိုး....။
နောက် ညီငယ်လေးတစ်ယောက် ကျနော့်ဆီမှာ ပန်းချီ လေ့လာ သင်ယူဘူးပါတယ်...ကျနော်ကတော့ ညီအကို သဘောနဲ့ ဘဲ လိုအပ်တာ သင်ပြပေးခဲ့ တာပါ....ဆရာ သဘောမဟုတ်ပါဘူး...သူက ကာတွန်းရေးတဲ့  ညိုကိုနိုင်( ကသာ) ပါဘဲ..။
..............
အဲဒီဘ၀လေးမှာဘဲ ပျော်နေရာကနေ အိမ်က သတင်းကြားပြီး အတင်းလာခေါ်တော့...သူငယ်ချင်းတွေ ငိုတယ်...
အမားဆို ငိုလိုက်တာ...မင်းငါ့ကို သံယောဇဉ်ဖြစ်အောင်လာလုပ်တယ်ဆိုပြီး ပြောပြောငိုတာ...ကျနော်လဲ ငိုတာပါဘဲ...။
ကျန်တဲ့ ကိုဝင်းနိုင်တို့ ဆို ပြန်မယ့်နေ့ က ရှောင်နေကြတာ...။မောင်နမတွေ အားလုံးပါဘဲ...။
ဦးပေါက်က “ မင်း နောက်တစ်ခါ သံယောဇဉ်တွယ်အောင် လာမလုပ်ပါနဲ့ တော့ကွာ...သွားတော့”တဲ့ ..။
ကျနော် ရင်ထဲမှာလဲ ငိုနေပါတယ် ...အပြင်မှာလဲ ငိုနေပါတယ်ဗျာ...။
ရှင်ကြီးဝမ်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းတွေ ရှိပါတယ်...
အခု သူတို့ က ကျနော့် ဘ၀အမှန်ကို ဘာမှ မသိဘဲ ရှင်ငယ်ဝမ်းမှာ ၀င်စားခဲ့ တဲ့  စားပွဲထိုးလေးကို ခင်ကြတဲ့ သူငယ်ချင်းတွေကို ကျနော် ပိုပြီး ခင်တွယ်မိပါတယ်....။
ကျနော်ခင်တဲ့ ...ဖုန်တွေနဲ့ ညစ်ပတ်နေတဲ့ အိမ်ပြေးလေးရဲ့ ပထမဆုံးသူငယ်ချင်းကတော့၊ သတင်းကြားပေမယ့် လုံးဝ လာမတွေ့ တော့ပါဘူး....။
ကသာမြို့ ထွက်တဲ့ အထိ စက်ဘီးလေးနဲ့ များ ရောက်လာမလားလို့ မျှော်မိခဲ့ ပေမယ်......
ခင်မ ရောက်မလာခဲ့ ပါဘူး.......
ခင်မရယ် ငါက နင်ခင်တဲ့ စားပွဲထိုးလေးပါ.....ငါ့ အသိုင်းအ၀ိုင်းကို နင်ဘာလို့ ကြည့်ခဲ့ တာလဲ...
နင့်ရဲ့ စားပွဲထိုးလေးကိုဘဲ နင်ခင်ပါဟာ....။
ခင်မတို့ ရေ...ငါဘယ် ဘ၀ရောက်ရောက် ၊ ဘ၀ အခြေ ဘယ်လောက်မြင့်မြင့် နင့်နာမည်ကို တွေးမိတာနဲ့ ငါက စားပွဲထိုးလေးပါ...
ငါနင့်ကို လွမ်းတယ်...။
နင့်ကို တွေ့ ချင်တယ် ခင်မရယ်.......။
ငါကော်ဖီ နေ့ တိုင်းသောက်ပါတယ်....မသေခင်ထိ သောက်မှာပါ...
အဲဒီ ကော်ဖီထဲမှာ နင်ရှိတယ် ခင်မရေ....။



သစ်နက်ဆူး
သူငယ်ချင်း ခင်မ၊ ကိုအိတေ၊ အားစိုက်၊ ညိုကိုနိုင်နှင့် စတားလိုက်မိသားစုကို သတိရခြင်းများစွာဖြင့်။
( ပို့ စ်ထဲမှာပါသော အမည်များမှာ နာမည်ရင်း အတိုင်းအမှန်ဖြစ်ပါတယ်)...။