Thursday, October 23, 2008

“ သိုက်ဆရာကို အံတုခြင်း ”

ကျနော်ရေးခဲ့ တဲ့  ပို့ စ်လေးတွေက စိတ်မကောင်းစရာလေးတွေ များနေတာဆိုတော့...တခါတလေ အပြောင်းအလဲလေး
ဖြစ်စေချင်တာရယ်...ပြန်တွေးလိုက်တိုင်း ကိုယ်တိုင်တောင် ပြုံးရယ်မိတာလေးတွေ ရေးရင်ကောင်းမလားလို့ ...။
တစ်ခြားလောက ပါတ်ဝန်းကျင်ကမဟုတ်ပါဘူး...အခုချိန်မှာ ဇာတ်သဘင်ကို ဆက်မလုပ်တော့ပေမယ့်....ပြန်တွေးရင်..
မနေ့ တစ်နေ့ ကလိုဘဲ စိတ်ထဲမှာ ဖြစ်နေတာ..။ က,ခဲ့ စဉ်တုန်းကပါ...။
ကျနော်တို့ ဇာတ်သဘင်တွေမှာ ကြည့်နေတဲ့ ပရိတ်သတ် သိလိုက်တဲ့ အမှား၊ လုံးဝ မသိလိုက်တဲ့ အမှားလေးတွေ ရှိပါတယ်...။
ပရိတ်သတ်က အမှားကို မသိလိုက်ရဘူးဆိုတာက စင်ပေါ်မှာ ကနေတဲ့ သူချင်းဘဲ သိပြီး ၊ ပညာသားနဲ့ ဖုံးဖိလိုက်တာပါ...။
ဒါတောင် ဖုံးလို့ ရတဲ့ အခါ ရှိသလို ၊ ဘယ်လိုမှ ဖုံးလို့ မရတာ ရှိပါတယ်...။ ဒီလို....။
ကျနော်က ဇာတ်ကပြီဆို ပဏာမအဖွင့်၊ ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး...ဒိုင်ခံပြီး ခေါင်းဆောင်အဖြစ် က”တာ...။
ကျနော် မက ချင်တာက နောက်ပိုင်းဇာတ်...၊ နောက်ပိုင်းဇာတ်ကပျြမှုကို အထင်မသေးပါဘူး....
နောက်ပိုင်းက တယ်ဆိုတာ ပညာပြည့်ရမယ်...စာပြည့်ရမယ်..ဇာတ်လမ်းထဲက စာ၊ အလွမ်း၊ ငို ချင်း၊ ညည်းခြင်း အကုန်အလွတ်ကျက်ရတာ...၊ စာကို မဖြစ်မနေ ကျက်ရင်ရပေမယ့် ကျနော့် စိတ်ထဲမှာ စကားတွေကို နဘေ၊ပါဠိနဲ့ ပြောပြီး.
ငိုဘို့ အရေး စာတွေ အကြာကြီး ရွတ်ပြီးမှ အော်ငိုပြီး တောင်ရှည်လေးကို မျက်နှာ အပ်လိုက်တာ...အဲဒါဘဲ...။ပြဇာတ်မှာ ကြိုက်သလို
ငိုပြလို့  ကျနော်ရတယ်...အဲဒီ လို ငိုရတာကို ကျနော်က အမြဲ ရီချင်တာ...။
ဒါကြောင့် နောက်ပိုင်းဇာတ် ကျနော် မက”ဘူး...နောက်ပိုင်းမင်းသားတစ်လက် ဌားထားတာ...သူက သူငို ..ဇာတ်ကို သူစီးဘဲ။
သူကလည်း သူ့ တာဝန် သူကျေပါတယ်...ဒါပေမယ့် ရန်ကုန် အောင်ဆန်းကွင်းလား ၊ ၀ါယာလက်လား မသိဘူး ကတုန်းက...
ရန်ကုန်ဆိုတော့ သူက နောက်ပိုင်း ကောင်းကောင်းလေး ကချင်လို့  ဒီည မင်းသားကူညီပေးပါလို့  အပူကပ်လာရော..။
သူ့ နေရာကို ကိုယ်ချင်းစာပါတယ်...မြို့ ပေါ်ပွဲက အရေးကြီးတာကိုး...။
ယိမ်းမင်းသား၊ သို့ မဟုတ် လက်ထောက်နဲ့ ကခိုင်းပါလား ဆို တော့ ၊ ပရိတ်သတ်က ညီလေးပါ နောက်ပိုင်း ကပေးမယ်ကြားရင် ပို စိတ်ဝင်စားမယ်...ဘာ ညာ သူ မြှောက်ပြီး အပူကပ်တော့တာဘဲ...။ အဲဒါနဲ့ ကပေးမယ်လို့  ကတိပေးပြီး...ဘာဇာတ်လဲ မေးတော့..
သိုက်ဇာတ်လမ်းတဲ့ မောင်နှမ ၅ယောက် ရှိတယ်...အစ်မ၃ ယောက် မောင်က ၂ယောက်ပေါ့....။
ဇာတ်က ကျနော့် အထက်က အကို နဲ့  လူမလေးနဲ့ ကြိုက်တယ်...ထုံးစံအတိုင်း မိန်းကလေးရဲ့ ဖခင်က သိုက်ဆရာ...။
သူ့ သမီးနဲ့ မေတ္တာမျှနေတာ သိုက်ထဲက ကောင်လေးမှန်းသိတော့ ခြေမန်းကွင်းပစ်၊ ဖမ်းချုပ်။။ ပြီးတော့ သိုက်နေရာမေး၊
အကိုက လုံးဝမပြော၊ သိုက်ဆရာက ရီုက်...နောက်ဆုံး မခံနိုင်တော့ သိုက်နေရာကို ပြောပြပေါ့...။
နောက်အကို့ ကို အပိုင်ကိုင်ပြီး သိုက်တံခါးဝကိုရောက်....ဆေးကြိမ်လုံးနဲ့ ရိုက် မောင်နှမတွေ မခံနိုင် ...အားလုံးထွက် ၊ ငိုကြယိုကြ၊ လွမ်းကြပေါ့...။
ဒါနဲ့  ကျနော်က ဘယ်အချိန် ငိုချင်းနဲ့ သိုက်ကထွက်ရမလဲ...အထာလေး တစ်ခု လုပ်ထား ဆိုတော့.....
“ သိုက်ဆရာက ဆေးကြိမ်လုံးနဲ့  ကြမ်းပြင်ကို ရိုက်လိုက်တာနဲ့ ...၀င်လို့ ရပြီ ညီလေး” တဲ့ ...။
အိုကေ...ကျနော်သိပြီ..ရပြီဆိုတော့ သူလဲ စိတ်ချမ်းသာပြီး..ကျေးဇူးပါ...ဘာ ညာပေါ့...။
အဲဒီည နှစ်ပါးပြီးတာနဲ့  ခေါင်းပေါင်းတွေ ဘာတွေ ချွတ်ပြီး...တစ်စထောင်နဲ့  ယောင်ထုံးနဲ့ ပေါ့ဗျာ...။ ခန့် ခန့် သန့် သန့် 
ပြိုးပြိုးပြောင်ပြောင်ပေါ့...သိုက်တွေက ချမ်းသာတယ်လေ...ဟဲဟဲ။
ဒါပေမယ့် ကူညီပြီးသာ ကပေးချင်တာ လူကတော်တော်ကို အိပ်ငိုက်နေပြီ...၃ ည ရှိပြီလေ...နေ့ ဘက်ဆိုလဲ မိတ်ဆက်လာသူတွေနဲ့ သိပ်အိပ်ရတာ မဟုတ်ပါဘူး...။ ကိုယ်ဝင်ပေးရမယ့် အခန်းကို စောင့်ရင်း ဧည့် သည်တွေနဲ့ ပြောနေရာက မျက်စေ့က စင်းနေပြီ...
ဒါကြောင့် ၀ီရိယလေးထားပြီး... စင်ပေါ် တက်နေလိုက်တယ်...ကလကာ အကွယ်ဇာတ်သေတ္တာလေးပေါ်မှာ...။
ကားဆွဲနေတဲ့ ကောင်လေး အောင်အောင် ကို ပြောထား၇တယ်...
“ အောင်အောင် အကို သေတ္တာပေါ်မှာ ထိုင်ရင်း ခဏ မှေးနေမယ်... သိုက်ဆရာ ကြမ်းပြီ ဆို အကို့ ကိုနှိုးလိုက်” ။
ပြီးတာနဲ့  ထိုင်ရက်လေး အိပ်တော့တာ...။ လူကသာအိပ်တာ...နားကိုတော့ စွင့်ထား၇တာပေါ့...။
ဘယ်လောက်ထိ အိပ်ငိုက်မိလဲ မသိပေမယ့်... “ ငါဆရာကြွားကို စမ်းတာလား.....ဖျန်း” ဆိုတဲ့  ကြမ်းပြင်ရိုက်တဲ့  အသံလဲ ကြားရော...
သေတ္တာပေါ်ကနေလွှားကနဲ ခုန်ဆင်း...ပါးစပ်ကလည်း....“ အောင်မလေး...ပူလောင်လှချည်ရဲ့ ...ကယ်တော်မူပါဘုရား.....”
ဆိုပြီး...ငြီးချင်းလေးအော်ပြီး...ဇာတ်စင် အလယ်နားကို တောင်ရှည်စလေး မျက်နှာအပ်ပြီး စတိုင်လေးနဲ့ ထိုင်ချလိုက်တော့....
သိုက်ဆရာရော ...နောက်ပိုင်းမင်းသားရော အလန့် တကြားနဲ့ လှည့်ကြည့်တယ်..သူ့ ခမြာ ငိုမလို့  အားယူနေတာ ပါးစပ်လေး ဟ” လို့ ..။
ပြီးမှ ပရိတ်သတ်မသိအောင်ကျနော့်ကို တိုးတိုးလေးမေးတယ်...
“ ညီိလေး ဘာလာလုပ်တာလဲ” တဲ့ ..။ သိုက်ဆရာကလဲ မျက်လုံးပြူးကြီးနဲ့ ...ကြောင်ကြည့်နေတာ...
ကိုယ်ကလဲ ပြော၇တာပေါ့...“ဟင် ...ကြမ်းပြင်ရိုက်နေပြီ မဟုတ်လား...”ဆိုတော့..
“ အမ် ...ဒါသိုက်မှာ ရိုက်တာ မဟုတ်ဘူး...ကိုယ့်ကို အခုမှ ဖမ်းချုပ်ပြီး သိုက်ဘယ်မှာလဲလို့ မေးတုန်း...”
သွားပြီ၊ မှားပြီ.....။
“ ဒါဖြင့် ဘာလို့ ကြမ်းပြင်ရိုက်လဲ”...
“ အော် ..သူက သိုက်ဆရာလေ..ရိုက်မှာပေါ့”
“ ဟာ...ကျနော့်ကို ပြောတုန်းက ကြမ်းပြင်ရိုက်ရင် ၀င်လို့  ရပြီဆို”
“ ဒုက္ခဘဲ...ညီလေး..ပြန်ဝင်သွားလိုက်”
“ ဟာ...ကြောင်တောင်တောင်နဲ့  ဘယ်လိုပြန်ဝင်ရမှာလဲ...”
တယောက်နဲ့ တစ်ယောက် ငြင်းနေတုန်း သိုက်ဆရာက ရှေ့ မှာ စာတွေရွတ်ရင်း ထိန်းပေးထားတာပေါ့...
နောက်မှ မင်းသားကြီး ရှေ့ တစ်လှည့် ထွက်ပြီး ပြောငိုလေးလုပ်နေပေါ့..။
ကျနော့်နားဘက်ကို မယောင်မလည်နဲ့ သိုက်ဆရာ ကပ်လာပြီး...
“ အိပ်ချင်မူးတူးနဲ့ သိုက်ထဲက ထွက်လာတာလား” တဲ့ ..။ ကြည့်ပါဦး...မေးပုံက၊
“ ဘာလဲ...ကြမ်းပြင်ရိုက်လို့ ထွက်လာတာ ၊သိုက်မှာ မရိုက်ဘဲ ဘာလို့ ဒီမှာရိုက်လဲ”..
“ မင်းသားရယ်...နည်းနည်းပါးပါး လဲ နားစွင့်ပါဦးလား၊ သိုက်ဆရာ လုပ်စားလို့ ရိုက်ရင်တောင် အကန့် အသတ်နဲ့ ရိုက်ရမလို ဖြစ်နေပြီ”
“ ဘယ်သိမလဲ...က”နေကျမှ မဟုတ်တာ..ကဲ ..အခု ဘာလုပ်မလဲ”
“ ပြန်ဝင်လေ...”
“ ဘယ်လို မျက်နှာနဲ့ ဝင်မလဲ..ခုထွက်လာ...ခုပြန်ဝင်နဲ့ ...”
“ ဘယ်လို ပြန်ထုတ်ရမလဲ...နတ်တွေကို ပြန်ပို့ တာဘဲ ရွတ်တဲ့ စာရှိတယ်၊ သိုက်ပို့ စာ မရဘူး”
“ ရရ မရရ ၊ ရွတ်ချင်သလိုရွတ်ပြီး...ကြမ်းပြင်ပြန်ရိုက်လိုက်...ကျနော် ပြန်ဝင်သွားမယ်..ဟတ်လား”
အဘိုးကြီးလဲ အကျပ်ရိုက်နေပုံရပါတယ်...ပါးစပ်ကလဲ ပွစိပွစိနဲ့ ...ကျနော့်ကိုလဲ သိပ်မပြောရဲဘူး...၊ ခဏနေမှ..
“ ဟားဟားဟားဟား....မိုးပေါ်မှာသကြား...မိုးပေါ်မှာသကြား...လူ့ ပြည်မှာ ငကြွားတဲ့ ဟေ့( ပလို့ ဂျိ)...( အပေါ်မှာ မှားနေတာကို ဆိုင်းဆရာတွေ ရိပ်မိတယိ...ကျနော် ဂျစ်တိုက်တာလဲ သူတို့ သိတယ်)။ ...ငါလို ဆရာကို အာဏာပြိုင်မယ်ကြံသလား....
ဠင်းတနီ အူစွပ်၊ ဥုံခံကာ ရွတ်လို့ သိုက်တစ်ကာသိုက်၊ အပူတိုက်ဖြစ်စေတဲ့ ..ဆေးကြိမ်လုံးနဲ့ ရိုက်လိုက်မယ်...မဆိုင်သူ ၀င်မလာနဲ့ ..
စည်းအပြင် ထွက်ရော့လဟယ်...ဗျန်း..”
“ အောင်မလေး...”
တခွန်းတော့ အော်ခဲ့ ပြီး နောက်ပြန် ခပ်စောင်းစောင်းနဲ့  ကားလိပ်ကြားက သေတ္တာပေါ် လွှားကနဲ ခုန်ဝင်လိုက်တာပေါ့...
ကံကောင်းလို့ ပြန်ပြုတ်မကျတာ...ခုန်ချတာသာလွယ်တာ..နောက်ပြန် ခုန်တက်ရတာ..မလွယ်ဘူး..
ခြေတစ်ဖက်က ချော်ပြီး သေတ္တာပေါ်မှာ မှောက်ရက်တွဲလောင်းလေး..။
ပြောဆိုဖြစ်ပျက်သွားတာက ခဏလေး...ပရိတ်သတ်လုံးဝ မသိလိုက်ဘူး။
သေတ္တာမှာ ကုတ်ကပ်ပြီး ဖြစ်နေတာဆိုလို့ လာမိတ်ဆက်တဲ့  ကောင်မလေးတစ်ယောက်ဘဲ တွေ့ တာ...(သူက ကားလိပ်ကြားမှာ
အသင့်လာစောင့်နေတာ...ချွေးတို့ ပေးဘို့  တို့ ပတ်လေးနဲ့ ...
ကိုယ်ကလဲ...ခပ်ရှက်ရှက်နဲ့ ...အဟီး ဆို ရီပြလိုက်တာ...။
ဒါတောင် ကောင်မလေးက မရိပ်မိဘဲ..ပြောနေသေးတယ်...
“ အကို...ချွေးတွေ သုတ်လိုက်ဦး....သိုက်ထဲက ပြန်လာတာ..မောလာပြီ” တဲ့ ။
ကျနော်လဲ အရှက်ပြေ ပြောလိုက်ပါတယ်...
“ ဟုတ်တယ်...ကိုယ် သိုက်ထဲကို သွားမွှေလာတာ” လို့ ။
အမှန်က အိပ်ချင်မူးတူးနဲ့ လူ့ ပြည်ကို သွားမွှေတာ..။

သစ်နက်ဆူး

15 comments:

  1. ဟားဟားဟား
    သိုက်ထဲကို တော်တော်သွားမွှေလိုက်တာကိုး။
    တကယ်ရီရတယ် မင်းသားရေ။
    ချွေးလေး သုတ်လိုက်ပါအုံး ဆိုပါလား။ :)

    ReplyDelete
  2. ကိုသစ်နက်ဆူး
    ဖတ်သွားပါတယ်..
    မတန်ခူးဖက်မှာအတွေ့များလို့ နောက် မချိုသင်းဖက်မှာလည်းတွေ့လို့..လာလည်တာပါ
    နောက်တစ်ခုက..ကျွန်တော့်မောင်အငယ်ကောင်
    လည်း..အမေတို့ရဲ့ ချစ်ချင်းမရပါဘူး..
    သူ့ကို အဖိုးကပိုချစ်ပါတယ်..
    ငယ်ကတည်းက အဖိုးနဲ့အိပ်ပါတယ်...
    ဒါပေမယ့်...ငယ်ကတည်းက သူအရိုက်ခံရတိုင်း
    ကျွန်တော်..သူ့ကိုယ်ပေါ်ကနေအကာအကွယ်ပေးမြဲပါ
    အဖေ့ရိုက်ချက်တွေက ကျွန်တော့်ကိုယ်ပေါ်မှာပဲပေါ့...
    သူ့ခံစားချက်ကို ကျွန်တော်နားလည်တယ်..
    နောက်တစ်ခုက...
    ကိုသစ်နက်ဆူး..အရာရာအဆင်ပြေပါစေ..
    ဘာသာရေးအတွက် သိပ်လည်းစိတ်ရှုပ်မခံပါနဲ့တော့..
    ကိုယ်ယုံကြည်ရာရွေးချယ်ခဲ့ပြီးပြီပဲ..

    ပေါက်

    ReplyDelete
  3. ဟားဟားးးးးးးးမအိပ်ခင်လာရီသွား၏

    မင်းသား နာမည်တိုးတိုးလေးပြောပြချင်ဘူးလားဟင်။။

    အဲဒီလိုကောင်မလေးတွေအများကြီးးနော်..။တွေ့ခဲ့ဘူးတယ်။
    ငယ်ငယ်တုန်းက ..။
    မြတ်နိုးဖေဖေက ပွဲက ပြန်လာပီဆိုရင် နောက်ပိုင်းကို သံနေသံထားနဲ့ ပြန်ပြောတတ်တာ.။

    အကိုပုံတွေ့တာတောင် ဘယ်သူမှန်းပြောတတ်ဘူး..။
    မြတ်နိုးတို့က ရွှေမန်းကမင်းသားမင်းသမီး
    နန်းဝင်း နန်းခင်မွှေးတို့ပဲ အသေအချာ သိတာ။ အိမ်တွေကို သွားခဲ့တာလေ။လူကြီးတွေရဲ့မိတ်ဆွေတွေမို့လို့ မိုးဝင်းမိုးမင်းတို့လဲ မှတ်မိဘူး ။ဘာလဲ ပလင်းစိန် ရဲစိန်ညီဝင်းစိန်လဲ မှတ်မိဘူး။ မြို့တော်ချစ်ဖွယ် မြို့တော် သိမ်းအောင်း ခင်မောင်ချင်း အများကြီးပဲ
    ပြောပြချင်လားမလားလို့ မှတ်မိသလောက်ရွတ်ပြတာ။ အဟီး

    ReplyDelete
  4. စရေးမယ်ဆိုပီးဖွင့်တော့ တယောက်ပဲကွန်မန့် ရေးရသေးတယ်။ နောက် .. ၃ ယောက်ဖြစ်သွားပြီ။
    ရယ်ရတယ် ကိုသစ်နက်ဆူး ...
    ကျွန်မဇာတ်ပွဲ မကြည့်ဖူးဘူး။ ဒါပေမဲ့ ကိုသစ်နက်ဆူးရေးတာ မျက်စိထဲ မြင်ယောင်ပြီး တယောက်ထဲ ရယ်နေရတယ်။
း)

    ReplyDelete
  5. ပုံရိပ် / Pon YateOctober 23, 2008 at 6:04 PM

    ဖြစ်မှ ဖြစ်ရလေ... ဒါပေမယ့် အထိန်းတော်တော့ တော်သေးတာပေါ့နော်။

    ReplyDelete
  6. ကိုဆူးရေ.. ကျနော် ကြားဖူးတဲ့ ပုံပြင်လေးကတော့ ရုပ်သေးပွဲမှာ ကြိုးဆွဲဆရာက အိပ်ငိုက်နေတော့ ဘီလူးထွက်ရမဲ့ အလှည့်မှာ အရုပ်မှားဆွဲပြီး ထွက်လာရောတဲ့။ ငါဟဲ့ဘီလူး လို့ ကြိမ်းတော့မယ့် ဆဲဆဲကျမှ အရုပ်ကိုလည်း ငုံ့ကြည့်လိုက်ရော သိကြားရုပ်ဖြစ်နေသတဲ့။ ဒါနဲ့ စကားလက်စ ငါဟဲ့ဘီ..လို့ပြောမိရင်းမှ ကမန်းတန်း ဆက်ပြောလိုက်ရတော့။ "ငါဟဲ့ဘီကြား" လို့ဖြစ်သွားတော့သတဲ့။

    ReplyDelete
  7. အကိုရေ...

    တော်တော်ရီရတယ်.. မနေ့ကcomment ထားတာ
    ထားလို့ရဘူးဖြစ်နေလို့...အခုမှပဲရီရကြောင်းလာပြန်ရေးတာ

    ReplyDelete
  8. ကိုသစ်နက်ဆူးရေ… မျက်စိထဲမြင်သွားအောင်ရေးတတ်ပါ့နော်…
    ကျွန်မလေ ကိုသစ်နက်ဆူး မင်းသားပုံကို တွေ့ ကတည်းက မြင်ဖူးသလိုလိုရှိလို့ စဉ်းစားနေတာ… ခုထိ နာမည်က မထွက်လာဘူး… မင်းသားကို အဲလို တို့ ပတ်လေးနဲ့ လိုက်သုတ်ပေးတတ်တဲ့ ကောင်မလေးတွေ တွေ့ ဖူးတယ်… တချို့ ဆို မင်းသားရှိတဲ့ ပွဲဆီ တကောက်ကောက်လိုက်တယ် ဆိုပဲ…

    ReplyDelete
  9. ဒီပို့ စ်လေးကိုလာရောက်ဖတ်ရှုပြီး...ကွန်မန့် လေးတွေနဲ့ 
    ကျေးဇူးတင်ပါတယ်...နောက်ပို့ စ်လေးတွေရေးသားဘို့ လည်း အင်အားဖြစ်မိပါတယ်...။
    ကျနော့်နာမည်ကို ဖော်ပြချင်ပါတယ်...
    ဒါပေမယ့် .....
    ထောက်ထားရမယ့် ကိစ္စ၊ ငဲ့ညှာရမယ့် ကိစ္စလေးတွေ
    ရှိလို့  ...နားလည်ပေးပါဗျာ...။

    ReplyDelete
  10. အကိုရေ..... စိတ်ပြေလက်ပျောက် လာရီသွားတယ်ဗျ။
    ဇာတ်အကြောင်း ဗဟုသုတတွေ ဆက်ပြောပြပါအုံးဗျ။
    ဇာတ်အကြောင်း လုံးဝမသိလို့ဗျ........

    ReplyDelete
  11. ဒီလိုဇာတ်ထဲမှာဖြစ်ကြတာတွေကို ပရိတ်သတ်က မသိဘူး.. ဘာဖြစ်လို့လဲဆိုတော့ဇာတ်သဘာရင့်နေလို့ ပေါ့... ကျွန်တော်ဇာတ်ကိုတော့စင်ပေါ်ကမကြည့်ဖူးဘူး မျက်လှည့်ကိုတော့စင်ပေါ်ကကြည့်ဘူးတယ်.. မျက်လှည့်ဆရာမှားသွားတာတွေကို ပရိတ်သတ်က မသိဘူး....
    အစ်ကိုရေးတာတွေကိုဖတ်ရတာ အမြဲ ကွက်ကွက်ကွင်းကွင်း မြင်ရတယ်.. လေးစားပါတယ်..

    ReplyDelete
  12. ဖတ်ပြီးရီလိုက်ရတာ… ဟားဟား.. သိုက်မွှေတာကပါသေးတယ်…

    ကျွန်တော် သိလိုမျိုး ဖြစ်တာ ကြားဖူးတယ်... မင်းသားက လူယုတ်မာလူဆိုးကို နောက်ဆုံးအခန်းမှာ သေနတ်နဲ့ပစ်ဖို့ရှိတာ… မင်းသားက သေနတ်ကိုချိန်ပြီး ပစ်လိုက်တဲ့ ပုံစံလုပ်တာ ဗျောက်အိုးဖောက်တဲ့လူက အိမ်ပျော်နေလို့ အသံကထွက်မလာဘူး…. အဲဒါကို မင်းသားက သိတော့ “မင်းလို လူယုတ်မာကို သေနတ်နဲ့ ပစ်ရမှာ သနတယ်… ဓားနဲ့ထိုးပြီး သတ်ဖို့ပဲကောင်းတယ်… ” ဆိုပြီး ဓားကိုထုတ်ပြီး ထိုးလည်း ထိုးလိုက်ရော… ဗျောက်အိုးဖောက်တဲ့လူက လန့်နိုးပြီး ဖောက်လိုက်တာ “ဒိုင်း…” ဆိုပြီး… မင်းသားက လက်မှာ ဓားတန်းလန်းနဲ့ …

    ReplyDelete
  13. Ko Sue,

    name is not important to know, these all name can use for before die only. I understand on all ur kindness. Please write more for how to learn on painting. When i see your comic toy, very nice to see it....

    ReplyDelete
  14. ဟီဟိ.... အဟောင်းတွေပြန်လှန်ဖတ်နေတာ ကိုသစ်နက်ဆူး
    ရယ်လိုက်ရတာ မောရောပဲ

    ReplyDelete
  15. ဇာတ်ကန့်လန့်ကာ နောက်ကွယ်က ဇာတ်ကို ပံ့ပိုးရမယ့်လူတွေ တစ်ခုခု လွဲချော်လုပ်မိရင် ဇာတ်ဝင်ရှေ့က လူ ထိန်းနိုင်ရင် ထိန်း... မထိန်းနိုင်ရင် နာပေရော့ပဲ...။
    ကိုရွှေထူး ကာတွန်းတစ်ခုမှာ ဇာတ်ပွဲအကြောင်းရေးထားတာ ပြန်သတိရမိတယ်...။
    ဇာတ်လမ်းက မင်းသားက နောက်ဆုံးခန်းမှာ သူ အရှေ့က တောက်လျှောက် ဆိုးခဲ့ မိုက်ခဲ့ တာကို နောင်တတဲ့အနေနဲ့ သူ့ရဲ့ ဓါးပြဘ၀ကို မိုက်ဇတ်သိမ်းမယ်ဆိုပြီ. သေနတ်နဲ့ နားထင်ကိုတေ့ပစ်ပြီး အဆုံးစီရင်မယ်ပေါ့...။
    ဖြစ်ချင်တော့ ကားလိပ်ကြားက ဗျောက်ဖောါက်မယ့် ကိုယ်တော်ချောက ငိုက်နေတော့ ဗျောက်မဖေါက်မိဘူးရယ်...။
    အဲဒါကို မင်းသားက မျက်လုံးထောင့်ကနေ မြင်နေတော့ အကြံအိုက်သွားတာပေါ့...။ နားထင်နားကို တေ့နေတဲ့ သေနတ်ကို့ ပြန်ခဏချ.. ကိုယ်တော်ချောကြားအောင် အသံကို မြှင့်အော်ပြောရတာပေါ့...။ အော်..ငါသေသွားရင်ငါ့မိဘတွေ ဘယ်သူလုပ်ကျွေးမှာလဲ ဘာညာနဲ့ လံကြုတ်ပြီး ဒိုင်တွေ လွှတ်ရတာပေါ့...။ တစ်ချက်တစ်ချက်လဲ ဗျောက်ဖေါက်တဲ့ ပုဂ္ဂိုလ်များ နိုးလေမလား ကြည့်ကြည့်နေတာ...။
    မနိုးဘူးရယ်...။
    မင်းသား ဒီလို ဖြစ်နေတာကို ကားလိပ်ဆွဲသမားက သိတော့ ဗျောက်ဖေါက်မယ့်ကောင်ကို လှမ်းနိုးတာပေါ့...။
    မင်းသားက အဲလို လှမ်းနိုးပေးတာကို မသိလိုက်ဘူး..။
    နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ် မနိုးမယ့်တူတူ ဒီညတော့ ဇာတ်ကို မင်းသားနောင်တရပြီး ရွာပြန်သွားတဲ့ ဇာတ်နဲ့ သိမ်းမယ်ဆိုပြီး သေနတ်ကို ဘောင်းဘီရှေ့အိတ်ကပ်ကို အထည့်... (သေနတ်ထည့်တဲ့အိပ်က မရှိလို့ ဘောင်းဘီရှေ့အိတ်ကပ်ထဲ ထည့်တာ တူပါတယ်..။)
    ဗျောက်ဖေါက်တဲ့ ပုဂ္ဂိုလ်က အနိုးခံလိုက်ရလို့ လန့်ပြီး ဗျောက်အဖေါက်....။
    “ဒိုင်း”
    ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ...
    တွေးသာကြည့်ပေတော့ ပရိသတ်ကြီးရေ့...။
    ကျွန်တော်ဆို အဲဒီ ကိုရွှေထူး သရုပ်ဖေါ်ထားတာကို ကြည့်ပြီး ခွက်ထိုးလွက်လှန်ရီနေမိတော့တယ်ဗျာ...။

    ReplyDelete