Saturday, September 20, 2008

ပစ်တိုင်းထောင်

ပစ်တိုင်းထောင်ဆိုတာ ဘယ်လိုဘဲပစ်လိုက်ပစ်လိုက် အမြဲထောင်လျှက်လေးနေတာကို ပစ်တိုင်းထောင်လို့ ခေါ်ကြတာကို အားလုံးသိကြပါတယ်...။ ဒီပို့ စ်လေးကို တင်တာက စာလာဖတ်တဲ့ သူတွေကို စိတ်မကောင်းစရာတွေ ဘဲေ၇းပြသလို ဖြစ်နေမှာစိုးလို့ ..
ပျော်စရာလေးတစ်ခုအဖြစ် တင်တာပါ...။
ဒါပေမယ့် ညစ်စရာလေးနဲနဲတော့ ပါတယ်...ခဏပါ..။ ရေးရမှာတော့ လက်တွန့်တယ်...ကြော်ငြာသလိုဖြစ်နေမှာစိုးတာရယ်...
အထင်သေးခံရမှာစိုးတာရယ်ကြောင့်ပါ...။ နောက်ရှက်တယ်..လူသိမှာကို..။
ဒီလိုပါ...။
လူဟာ ကံဇာတ်ဆရာ စီမံမှုအတိုင်း ကပြရတယ်ဆိုတာလေးပါ...။ ကိုယ့်ရည်ရွယ်ချက်ထဲမှာ မပါပေမယ့် အချိန်တန်ရင် မဖြစ်လို့ မရ၊
ဖြစ်လာရပါတယ်...ဖြစ်တယ်ဆိုတဲ့  နေရာမှာ ဖြစ်လာဘို့ ကလည်း တစ်ချို့ က ကူညီသူ ၊ တစ်ချို့ က ဖိနှိပ်သူ အဖြစ် ပါရမီ ဖြည့်ရတော့တာပါဘဲ...။ သူတို့ လည်း ရှောင်လွှဲလို့ မရပါဘူး...။ ကျေးဇူးတင်ရမှာပါ...။
ပြောင်းဖူးလေး ကို ဖတ်ဘူး ထားရင် ကျနော် ဇာတ်ထဲကို ပန်းချီဆွဲဘို့ လိုက်သွားတာ မှတ်မိမှာပါ...။
ကျနော်က ပန်းချီဆရာဖြစ်ချင်တာ တအားဘဲ..။ ဆိုင်မှာ စာလာဖတ်နေကြ ဆရာထွန်းဆိုတာရှိတယ်..။ သူက မန္တလေးက ဗေဒင်ဟောတဲ့ 
ဆရာ..။ ကျနော်က ပန်းချီနဲ့ အောင်မြင်မလားလို့ မေးဘူးပါတယ်...။
သူက မင်း တစ်ခြား အနုပညာနဲ့ ပို အောင်မြင်သွားမယ်လို့ ဟောတော့.. လက်မခံခဲ့ ပါဘူး...ကိုယ်မှ တစ်ခြား အနုပညာ မလုပ်တတ်တာ.။
ဇာတ်ထဲ လိုက်ရတာကလည်း အိမ်မှာ ဘာသာရေး ၊လူမှုရေးတွေကြောင့် အိမ်ကသွားထွက်မှ ကိုယ်သိချင်တဲ့ ၊ ရှာဖွေချင်တဲ့ 
အမှန်တရားတခုကို ရနိုင်မှာမို့  စွန့် စားပြီးထွက်ရတာ..လူက ၁၆ နှစ်တောင် မပြည့်တတ်သေးပါဘူး...။
ဒီတော့ ဘ၀ရပ်တည်ဘို့  စားဘို့  အလုပ်နဲ့ နေရာ လိုနေပြီလေ...။ ရွှေဘို ကားဂိတ်က လဘက်ရည်ဆိုင်လေးမှာ အလုပ်စုံစမ်းရင်း ဇာတ်မှာ ပန်းချီဆရာလိုတယ်ဆိုလို့  ကောက်လိုက်သွားတာ...။ အစားအသောက်ဆင်းရဲလိုက်တာ.. အိမ်မှာ မိုးလင်း လဘက်ရည်နဲ့ ထမင်းကြော်၊ နန်းကြီးသုပ် စားနေကြကောင် ....မိုးလင်းရင် ဘာမှမစားရဘူး...။ အိမ်မှာက အသားဟင်းမပါရင် ထမင်းမဖြစ်၊ နေ့ တိုင်းစားနေရတာ...အိမ်ကိုတော့ လွမ်းတယ်..ဒါပေမယ့် မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားတာကိုး..။
တစ်ကယ်တမ်းကြ ဇာတ်ထဲမှာ ၂လ နီးပါးဘဲ ပန်းချီဆရာဖြစ်ခဲ့ တာ ...။ ကံကြမ္မာက စ”ပြီလေ..။
ကျနော်လိုက်ရတာက မင်းသား၃ ယောက် ကတဲ့ ဇာတ်ပွဲပါ...။ ခေါင်းဆောင်မင်းသားက အဖွဲ့ သားအားလုံးအပေါ်မှာရင့်တယ်..။
ကိုယ်နဲ့ က လိုင်းမတူလို့ အရင် ကဘာမှ မဖြစ်ပေမယ့်...ရှမ်းပြည်ကပြန်ဆင်းလာတော့ မိုးကုတ်မှာ ကရတယ်....။
ဆောင်းတွင်းဆိုတော့ အေးလိုက်တာ...။ ပျော်တယ်...အညာသားလေ..ထူးဆန်းတာတွေ တွေ့ လို့ ...တခြားတော့ မဟုတ်ဘူး...
ရေခွက်လေးထဲကို ရေထည့် ပြီး ဇာတ်ရုံ အပြင်မှာ ၅ မိနစ်လောက်ထားလိုက်ရင် ရေခဲ ဖြစ်နေပြီ...အဲဒါကို သဘောကျတာ..။
ကပြီး ၂ ည မြောက်မှာ ခေါင်းဆောင်မင်းသား ခေါ်တယ်ဆိုလို့ သွားတာပေါ့...ဘာကိစ္စ ရှိလို့ လဲလို့ မေးတော့..
မနက်ကို မန္တလေး တက်မလို့  ငါ့ ဝေါ့ကင်းရှုး လျှော်ပေးစမ်းပါတဲ့ ..။
ဟာ....ကိုယ့်အိမ်မှာတောင် ကိုယ့်အကျီ် ကိုယ်လျှော်မ၀တ်ခဲ့ ရဘူး၊ သူ ဒီလို ခိုင်းတယ်..။ နောက် ကိုယ့်တာဝန်က ဒါမဟုတ်ဘူး..
ပန်းချီဆွဲဘို့ ဘဲလေ..။ ဒါးနဲ့ ပြောရတာပေါ့ ..ဒါကျနော့်တာဝန်မဟုတ်ဘူး..မလုပ်နိုင်ဘူးလို့ ။ ဒီမှာ သူက ခြိမ်းခြောက်တာဘဲ..။
ငါခိုင်းတာ မလုပ်ရင် မင်း မနက်ဇာတ်က ထွက်သွားရအောင် ငါလုပ်လို့ ရတယ်ပေါ့..။
ကျနော် တော်တော်ဒေါသဖြစ်တာ...။ဒါပေမယ့် ကိုယ့် အခြေအနေကလည်း မှီတွယ်စရာ လိုနေသေးတော့..စဉ်းစားရတယ်..။
နောက်ဆုံးတော့ ကျနော်လုပ်ပေးရတာပါဘဲ...။ အဘွားနဲ့  အဒေါ်တွေသာတွေ့ ရင် တော့ ရင်ကွဲမှာ..။
မင်းသားက သူ့ ညီ တစ်ဝမ်းကွဲကို အဖေါ် ထည့်ပေးတယ်...ကျနော် ဘိနပ် လျှော်ပေးရတာ ည ၃နာရီလောက်ရှိနေပြီ...။
အေးလိုက်တာ..ရေက ကျင်နေတာဘဲ..။ ကိုင်လို့ ကိုင်ထားမှန်းတောင် မသိရဘူး...။နှင်းတွေကလည်းကျနေတာ..။
ပြီးတာနဲ့ ဘိနပ်ကိုပေးရင်း သူ့ ညီကို ကျနော် ပြောတယ်...
“ မင်းအကိုက ငါ့ မာနကို စော်ကားလိုက်ပြီ...ငါမင်း အကိုကို လက်စားချေမယ်လို့ ပြောလိုက်ပါ” လို့ ။
သူ့ ညီက ပြန်ပြောတာပေါ့..မင်းသားက လာမေးတယ် “ မင်းက လက်ချင်း ယှဉ်မလို့ လား”တဲ့ ။
ကျနော်က မလုပ်ပါဘူးလို့ ...တစိမ့် စိမ့် တွေးပြီး နာကျဉ်အောင် လုပ်မှာပါ...ရိုးသားစွာနဲ့ ပေါ့ လို့ ပြောတော့ သူက ရယ်မောပြီး
“ မင်းစိန်ခေါ်တာကို ငါ လက်ခံတယ်”တဲ့ ..။
နောက်ရက် မိုးလင်းတာနဲ့  စေတီလေးတစ်ဆူကို ကျနော်သွားပါတယ် ...နော် လူငယ်ဆိုတော့ ပြောသင့် မပြောသင့် မစဉ်းစားဘဲ.. ဘုရားမှာ မျက်ရည်ကျရင်းသစ္စာ ဆိုခဲ့ ပါတယ်...။
“ အရှင်ဘုရား....ယနေ့ မှ အစ ကျနော် ( အဲဒီတုန်းက တပည့် တော်လို့  ပြောရမှန်း မသိသေးပါ) မင်းသား ဖြစ်အောင် ကျိုးစားပါမည်
အခု အသက် ၁၆ နှစ်ပါဘုရား...ကျနော် အသက်၂၀ ပြည့် လို့ မှ ခေါင်းဆောင်မင်းသား မဖြစ်ခဲ့ ရင် ကိုယ့်ကိုကိုယ် ကြိုးဆွဲ( ဆွဲကြိုး)
ချပြီး သတ်သေပါမယ် ဘုရား” လို့  သဲတွေကိုင်ပြီး သစ္စာ ဆိုခဲ့ ပါတယ်...။
ကျနော် အပြင်းအထန်လေ့ ကျင့်ပါတယ်...။သဘောကောင်းတဲ့ မင်းသားအလတ်ဆီမှာ အက သင်တယ်..မင်းသမီးတွေကိုေ၇ခပ်ပေးပြီး အကသင်တယ်...ကံကြမ္မာ အလှည့် အပြောင်းနဲ့ ကြိုးစားမှုကြောင့် တစ်နှစ်ထဲနဲ့ လက်ထောက်မင်းသား ဖြစ်ခဲ့ ပါတယ်...
( တချို့ ဆို ယိမ်းမင်းသား အဖြစ်နဲ့  အနည်းဆုံး ၅နှစ်လောက်ကြာပါတယ်)။
၁၈နှစ်အရွယ်မှာတော့ ဇာတ် တဖွဲ့ လုံးကို ဦးဆောင်ကပြနိုင်တဲ့  ခေါင်းဆောင်မင်းသားဖြစ်ခဲ့ ပါတော့တယ်...။
ခေါင်းဆောင် မင်းသားဖြစ်ပြီး ၅နှစ်လောက်ကြာတော့ ဘိနပ်လျှော်ခိုင်းတဲ့ မင်းသား ဇာတ်ပွဲနဲ့ ကျနော့် ဇာတ် ပွဲတော်တစ်ခုမှာ
အပြိုင်ကရပါတယ်....
ဘိနပ်လျှော်တုန်းက ကျတဲ့ မျက်ရည်က ဒီအချိန်ရောက်မှ ခြောက်တော့တာပါ...။
ပွဲခင်း၂ ခု ယှဉ်ကမယ့် ပထမ ည ကတည်းက သူ့ ဆီကို သွားတွေ့ ပါတယ်...သူမှတ်မိတယ်...ဒါပေမယ့် ပွဲပြိုင်ကမယ့် မင်းသား...
( .............)ဆိုတာ သူမသိခဲ့ ပါဘူး...ကျနော်ပြောပြမှ သူသိတာပါ...။ သူ ကျနော့်ကို စိုက်ကြည့် နေတာ အကြာကြီးဘဲ။
ပြိုင်ပြီ ဆိုမှတော့...ဗျာ..။ သူ့ ပွဲခင်ျးမှာ လူ မရှိသလောက်ဖြစ်အောင်ကို ပညာကုန် ကပြခဲ့ တာပါ...။
ဒါ အက ပြိုင်တာ မဟုတ်ဘူး...မာနနဲ့ ယောကျာ်း တစ်ယောက်ရဲ့ သိက္ခာကို ပြိုင်တာလေ...။
၃ ည ကတာပါ...။ နောက်ဆုံးည နှစ်ပါးသွားပြီးတော့ ကျနော် သူ့ ဆီ ကို သွားပါတယ်...လဘက်ရည် မုန့်၊ စီးကရက်ဘူးတွေနဲ့ ပါ..။
သူစားပါတယ် လက်ခံပါတယ်...
ကျနော်ကလည်း ဘာမှ မပြောဘဲ သူကထားတဲ့ တောင်ရှည်ပုဆိုးတွေကို ယူခေါက်ပေးနေတာပါ...။
ကျနော် မပျော်ပါဘူး...၀မ်းနည်းနေတာဘဲ သိပါတယ်...။
ဒါပေမယ့် ကျနော်သူ့ ကို “ အကို ဘိနပ်လျှော်စရာရှိသေးလား” လို့ မေးပါတယ်...။
သူကျနော့်ကို လှမ်းဖက်ပြီး “ ငါ ...မင်းကို ရှုံးသွားပြီ” လို့ ပြောပါတယ်...။
သူ မျက်ရည်ကျနေပါတယ်...ကျနော်လည်း မျက်ရည်ကျနေခဲ့ တာပါဘဲ...။
သူ ကျနော့် ဆရာပါ....
အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ဘို့  သူ ပါရမီ ဖြည့် ပေးခဲ့ တာပါ.....။ အဲဒီကတည်းက လက်စားချေတဲ့ အလုပ်ကို မလုပ်တော့တာ ခုထိပါဘဲ..။
ကျနော် ၁၃နှစ် ခေါင်းဆောင်မင်းသား၊ဇာတ်မင်းသားလေး ဖြစ်ခဲ့ တာပေါ့...။
ပစ်တိုင်းထောင်လေးလေ။ ခုတော့ သမီးငယ် ကို အမွေ ပေးထားပါတယ်...။ ဒီနိုင်ငံ မှာ နိုင်ငံ ပေါင်းစုံရဲ့ ယဉ်ကျေးမှု အနုပညာကပြပွဲ တွေ လောက်ဘဲ ကျနော် က” တော့တယ်...။
မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်က ကပြရင်း ရိုက်ထားတဲ့ ပုံလေး တင်ပေးလိုက်ပါတယ်...။
ရှက်တယ်....။
( အနုပညာ နာမည်ကိုတော့ မပြောချင်ပါ...ကျနော် နာမည်နဲ့ ပတ်သက်ပြီး...သူမျုး ဘ၀ တွေ ထိခိုက်နိုင်လို့ ပါ...ကျနော် ကပြမှု ၇ပ်ဆိုင်းခဲ့ တာ ငြိ သွားလို့ ပါ)...။
လောကဟာ ဆန်းကြယ်ပါတယ်...တချို့ အဖြစ်တွေက စိတ်ကူးယဉ်တာထက် ပိုပြီး ဆန်းကြယ်တတ်ပါတယ်..။
ဘာဘဲ ဖြစ်ဖြစ် တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ပါ....မဖြစ်နိုင်တာ မရှိပါဘူး......မဖြစ်သေးတာဘဲ ရှိတာပါ...။


ပစ်တိုင်းထောင်လေး
ပညာအမွေယူတဲ့ သမီးငယ်

သစ်နက်ဆူး

13 comments:

  1. အံ့သြစရာပဲ ကိုသစ်ရေ
    လောကကြီးကလည်း ထူးဆန်းသလို
    ကိုသစ်ကလည်း ထူးဆန်းတာပဲ

    ReplyDelete
  2. ကိုဆူးဘ၀ဇာတ်လမ်းတွေက ပို၂ပြီး စိတ်ဝင်စားစရာဖြစ်လာပြီ ။ ဖတ်ပြီးတိုင်း အံ့သြတာတွေရော ၊ စိတ်မကောင်းဖြစ်တာတွေရော ၊ ပြုံးမိတာတွေရော အမျိုးစုံပါပဲ ။ ကိုဆူးရဲ့ အကြောင်း ဆက်ရေးရင်း သားသမီးလေးတွေအကြောင်းလည်း ထည့်ရေးပါဦး ။

    ကိုဆူးဆီမှာ အနုပညာသွေးက မွေးတည်းက သူ့ အလိုလိုပါလာတယ်ဆိုတာကတော့ ငြင်းစရာလိုမယ် မထင်ဘူးနော် ။

    ReplyDelete
  3. ဒီပို့စ်ဖတ်ပြီးမှ နည်းနည်းတော့ ရုပ်လုံးပေါ်လာပြီ။
    ဆက်စပ်တွေးယူလို့ ရတယ်။ ဒါပေမယ့် နားမလည်တဲ့ အပိုင်းလေးတွေကျန်သေးတော့ စောင့်ရဦးမှာပဲဗျ။

    မေတ္တာဖြင့်

    ReplyDelete
  4. အကိုရေ...

    ဘာမှမပြောနိုင်လောက်အောင်အံသြရပါတယ်..
    အရမ်းလဲထူးဆန်းနေပါတယ်...
    အကိုဘုရားမှာသစ္စာဆိုတဲ့နေရာရောက်တော့
့အရမ်းအော်ရီရတယ်.
    နောက်တော့အကိုမင်းသားဖြစ်သွားတယ်ဆိုတာ
    တကယ်တွေ့တော့မယုံနိုင်အောင်အံသြသွားတယ်.. အကိုရေဘာပဲဖြစ်ဖြစ်အရမ်းလေးစားတယ်..
    ဂုဏ်ယူတယ်..
    အကိုရဲ့ဇွဲကိုအားကျတယ်...
    အကိုကတကယ့်အနုပညာရှင်ပဲ..

    ရှင်မင်း

    ReplyDelete
  5. ဟယ်...
    သမီးငယ်တောင် အဲ့လောက်ကြီးပီလားးး
    ချစ်စရာလေး..
    ဖေဖေဆိုရင်တော့ မြင်တာနဲ့ နာမည်သိမှာ..
    ဖေဖေက ဇာတ်သရဲပါ။

    ဘဝကို ဒီလိုပျိုးထောင်နိုင်တာ ဂုဏ်ယူမိသလို တကယ်လဲ အားကျမိပါတယ်။

    လေးစားပါတယ်။ ဘဝကို အရှုံးမပေးပဲ ကျော်ဖြတ်နိုင်လို့ပါ။

    ReplyDelete
  6. ၈၈ခုနှစ် မတိုင်ခင်အထိ ကျောင်းပိတ်ရက်တွေမှာ ရွာက အမျိုးတွေဆီ ဘုရားပွဲအချိန်ရောက်တိုင်း သွားလည်လေ့ရှိတယ် တယ်။ ဘုရားပွဲမှာ ဇာတ်ပွဲ မိုးတလင်း ကြည့်ရတာ အရမ်းပျော်တယ်။

    မမျှော်လင့်ပဲ ကိုဆူးရဲ့ အနုပညာတွေကို သိခွင့်ရတာ အံ့သြ၀မ်းသာမိပါတယ်။

    ရှေ့ကပို့စ်မှာ သားလေးက တော်တော်ချောတာကို ကြည့်ကတည်းက ထင်တော့ထင်သား။

    သမီးလေးကလည်း မင်းသမီးဝတ်စုံလေးနဲ့ သိပ်လှတာပဲ။

    ReplyDelete
  7. ပုံရိပ် / Pon YateSeptember 21, 2008 at 6:54 AM

    ကိုသစ်နက်ဆူး သမီးက အချောလေးပဲ။
    ကိုသစ်နက်ဆူး ရဲ့ဇွဲနဲ့ ကြိုးစားမှုကို ချီးကျူးပါတယ်။

    ReplyDelete
  8. ကိုသစ်နက်ဆူးရေ
    ပြောတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်တဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်။ ပန်းချီကနေ မခံချင်စိတ်ကြောင့် မင်းသားဘ၀ကို လမ်းကြောင်းပြောင်းပစ်နိုင်ရဲ တဲ့ စိတ်ကိုတော့ အံ့သြလို့ မဆုံးဘူး။
    အမသာဆိုရင်တော့ ၀ါသနာမပါဘဲ မလုပ်နိုင်ဘူး ထင်တယ်။ ဘက်စုံ အနုပညာရှိတာပဲနော်။

    ReplyDelete
  9. ”--------------”

    ဖတ်ရင်းနဲ့ အံသြမူတွေဖြစ်လာတယ် ။ တနေ့က မှတ်ချက်ထဲမှာ ကံ ဇာတ်ဆရာဆိုတာကိုတွေ့လိုက်သေးတယ် ။ ဖြစ်ရပ်ဆန်းကြယ်တွေရော အံသြမိတယ် ။

    ReplyDelete
  10. စဖတ်တုန်းကတော့ ဝတ္ထုတို ထင်နေတာ။ ဓာတ်ပုံတွေ တွေ့မှပဲ တကယ့်အဖြစ်လို့ သိလိုက်ရတယ်။
    အငြိုးနဲ့ လက်စားခြေဘို့ ဆုံးဖြတ်ပြီးမှ ခွင့်လွှတ်နှိုင်သေးတယ်နော်။ လေးစားစရာပါပဲ။

    ReplyDelete
  11. ကိုသစ်နက်ဆူး… နောက်ပို့ စ်တွေ မှာ နောက်အနုပညာတွေ ထပ်ထွက်လာဦးမယ်ထင်တယ်… အနုပညာဘက်စုံရသူလို့  ထင်ပေမယ့် အကတော့ မထင်ထားဘူး… ကျွန်မလဲ အက ၀ါသနာပါတယ်… ဒါပေမယ့် သင်္ကြန်အက ကလွဲလို့ မကတတ်ဘူး… သမီးလေး မွေးရင် မြန်မာအက သင်ပေးမယ်လို့  စိတ်ကူးထားတာ ခုသားလေးဆိုတော့ ဂီတပဲ သင်ပေးရတော့မှာ… သမီးလေးက ချစ်စရာလေးနော်… အနုပညာအမွေပေးနိုင်သူမို့ လေးစားလျက်ပါ….

    ReplyDelete
  12. ကျေးဇူးတင်တယ်ဗျာ....
    ကို အောင်သာငယ်၊ ဂျစ်တူး၊ ကိုတောင်ငူ၊ ရှင်မင်းညို၊
    မြတ်နိုး၊ ပန်ဒိုရာ၊ ပုံရိပ်၊ မမိုးချိုသင်း၊ပန်းခရမ်းပြာ၊
    မတန်ခူး၊ညီလေး မောင်မျိုး၊ ကိုဝေလင်း၊နှင့်ညီလေး
    icn2 နှင့်  ကျနော် ဘလော့ဂ်လေးကို လာရောက် လည်ပါတ်ခြင်း ၊ ကွန်မန့်  များဖြင့် ရင်းနှီး ချစ်ခင်စွာ
    အားပေးခြင်း၊ စီဘောက်တွင် အမောပြေလေးများ ထားခဲ့ ကြသော မိတ်ဆွေ ညီအကို မောင်နှမ များကို ကျေးဇူး အရမ်းတင်ပါတယ်...။
    ဆက်လဲ ကျိုးစားရေးသွားပါ့မယ်...။

    ReplyDelete
  13. နောက်ကျမှ ဖတ်တော့ ကောမန့်တွေ နောက်ကျကုန်ပြီ....
    မိတ်ကပ်လိမ်းထားတော့ ကိုသစ်နက်ဆူးကို ဘယ်သူမှန်းမသိဖြစ်နေတယ်....
    သမီးလေးက ချောချောလေး....

    ReplyDelete