Saturday, September 20, 2008

“ပုံကူးဆွဲခြင်းနှင့် ကျနော့်အဖေ”



ညီလေး ICN2 ရဲ့ ဘလော့ဂ်မှာ သူကူးဆွဲတဲ့  ပန်းချီပုံလေးတွေကို အမြဲတင်ထားပါတယ်...သူ ဘယ်ဆရာရဲ့ ပုံကို ကူးဆွဲတယ်၊
ဘယ်ပုံလေးတွေရေးဆွဲခြင်တယ်ဆိုပြီးလည်း ပြောပြတတ်ပါတယ်....။
သူ့ ရဲ့ ကျိုးစားအားထုတ်မှုကို ချီးကျူးပါတယ်...ကျနော်လည်း ခုချိန်ထိ ကိုယ်သဘောကျတဲ့ အယူအဆတွေ ၊ အရောင်တွေပါတဲ့ 
ဆရာတွေရဲ့ လက်ရာကောင်းတွေကို ကူးဆွဲ နေဆဲပါ..။
ကျနော်ငယ်ငယ်လေးထဲက ပုံကူးဆွဲတဲ့  လေ့ကျင့်မှုကို စွဲစွဲမြဲမြဲ လုပ်ပါတယ်...။ ဆရာကောင်းတွေနဲ့ လည်း အများကြီး ကြုံတွေ့ ခဲ့ပါတယ်..။ တစ်ချို့ ဆရာတွေဆို ပန်းချီလုံးဝမဆွဲတတ်ပေမယ့် ကျနော့်ရဲ့ ဆရာတွေ ဖြစ်ခဲ့ ပါတယ်..။
ဒါပေမယ့် ကျနော့်ဝါသနာနဲ့ လုံးဝမကိုက်တာက ကျနော့်မိဘတွေပါ..။ မိဘတွေက ပန်းချီဆွဲတာကို လုံးဝ မကြိုက်ပါဘူး..။
ကျနော်က အဘွားတွေ အဒေါ်တွေနဲ့ ဘဲ အနေများပါတယ်...။ အဘွားဆီမှာနေရင် ပုံတွေ ကြိုက်သလောက်ဆွဲပေါ့..။ အဘွားတို့ က
ရုပ်ရှင်လုပ်ငန်းလုပ်ပါတယ်...ဒီတော့ ၁ ပါတ်မှာ ၂ ကားလောက်တင်ပါတယ်...အဲဒီမှာ ရုပ်ရှင်ဇာတ်ကားရဲ့  ဝေါလ်ရှစ်ပ် တွေ ကြည့်ဆွဲတာပေါ့...။ ဒါပေမယ့် ဘယ်တူမလဲ၊ ကလေးပန်းချီကိုး..။ မှတ်မှတ်ယယ ၃တန်းနှစ်မှာတော့ ကျနော်ပုံဆွဲနေတာကို ပန်းချီလုံးဝမဆွဲတတ်တဲ့  မန္တလေးက ရုပ်ရှင် အော်ပရေတာက တွေ့ သွားပါရော..၊ သူက အဘွားတို့ အိမ်မှာ ထမင်းစားတာကိုး။ သူကပြောတယ်
ပန်းချီဆရာတွေ ရုပ်ရှင်ပိုစတာဆွဲတာ အကွက်ချဆွဲတာတဲ့ ..ငါတော့မတတ်ဘူး ၊ဒါပေမယ့် နည်းစနစ်ပြောပြလို့ ရပါတယ်ဆိုပြီး
ကျနော့်ကို သင်ပေးပါတယ်..အစပိုင်းမှာ နည်းနည်းခက်ပေမယ့် ပုံအနည်းငယ် ဆွဲပြီးတဲ့ နောက်ပိုင်းမှာ ရုပ်ရှင် မင်းသား၊မင်းသမီးပုံ
တွေကို တူအောင်ဆွဲနိုင်ခဲ့ ပါတယ်...ပန်းချီမဆွဲတတ်ဘဲ ၀ါသနာရှင် ကလေးတစ်ယောက်ကို သင်ပြပေးခဲ့ တဲ့ ကျနော်ဆရာနာမည်က
ဆရာ ခင်မောင်အေးပါ...ကျနော့်အဖေကတော့ သူ့ ကို သိပ်မကြည်ပါ..။ ဒါပေမယ့် ၉ နှစ်သားလောက်ကတည်းက ကျနော်ဟာ အကွက်ချပြီး ဆွဲတဲ့ ပညာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ခဲ့ ပါတယ်...။
နောက်ပိုင်း ကျနော့်မိဘတွေက စာအုပ်ဆိုင်ကြီးဖွင့်ခဲ့ ပါတယ်..မြို့ နယ် တစ်ခုလုံးကို ကိုယ်စားလှယ် အဖြစ်နဲ့ ဖြန့် ဝေ ရတာဆိုတော့
စာအုပ်တွေ စာစောင်တွေက စုံနေတာပါ...ကျနော် ၅တန်း ၆တန်းရှိပါပြီ...။
ကျနော့်အဘို့ တော့ အနုပညာသိုက်ကြီးထဲကို ခုန်ချလိုက်သလိုပါဘဲ...ပျော်လိုက်တာဆိုတော့..။ ပန်းချီဆွဲတာကို မကြိုက်တဲ့ အဖေ
နဲ့ ကျနော် အပေးအယူ ဂတိ တစ်ခု ပြုကြပါတယ်...တစ်ခြားမဟုတ်ပါဘူး၊ တားမရမယ့် အတူတူ ပန်းချီတော့ဆွဲ...ဒါပေမယ့်
ဒါဏ်ပေးတဲ့ အနေနဲ့ ရိုက်မယ်ပေါ့..။ (ဘာသာရေးတွေနဲ့ ပါတ်သက်နေတာကိုး၊ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြောင်းလဲသွားတဲ့ ဘ၀ကို နောက်တော့ ရေးပါ့မယ်)။ ကျနော်လည်း သဘောတူပါတယ်..။ ပုံတစ်ပုံဆွဲရင် တစ်ခါ အရိုက်ခံရပါတယ်..။
ဆိုင်မှာက ၀တ္တု ၊ရုပ်ပြ အစုံဆိုတော့ ဆရာစုံ လက်ရာစုံပါ..။
ကျနော် ဆရာမောင်မောင်သိုက် ပုံတွေကို ပထမ ကူးဆွဲပါတယ်..နောက် ဆရာ ပန်းချီမောင်ကျော်ညွန့် အဖွဲ့ ၊ဆရာမျိုးမြင့်၊ ဆရာ ကျော်သောင်း၊ ဆရာဝသုန်၊ ဆရာ မောင်ညိုဝင်း၊ ဆရာ မောင်မောင်တို့ အဖွဲ့ ...စုံနေတာပါဘဲ...။ နေ့ တိုင်းဆွဲ၊ နေ့တိုင်းရိုက်ပါဘဲ..။ အဖေကလည်းရိုက်ရတာ အားနာပုံ မရပါဘူး..။
ကျနော်ကလည်း ပုံများများဆွဲလို့  လက်တက်လာသလို ၊ အဖလည်း ခဏခဏရိုက်တော့ လက်တက်လာပုံရပါတယ်..ရိုက်နည်းကို
စုံနေတာဘဲ.။
အဖေ့ကို နားလည်ရခက်ပါတယ်...တခါတလေ ကျနော် ကျောင်းက ပြန်ရောက်တာနဲ့ .. ဟေ့ မောင်ညီညီ ဒီမှာကြည့်စမ်း...
ဒီပုံလေး အလင်းအမှောင် တော်တော် ကောင်းတာကွ...မင်းကြိုးစားကြည့်ပါလားဆိုပြီး၊ သူကိုယ်တိုင်ပုံရွေးပေးပါတယ်...။
ပုံဆွဲပြီးရင် တော့ စုတ်ချက်တွေ မှန်မမှန် အလင်းအမှောင် အထားအသို ကို စစ်ဆေးပါတယ်..ပြီးရင် ဝေဖန်ချီးကျူးမယ်...
နောက်ဆုံး အဆင့် ကတော့ အိမ်ခေါင်မိုးမှာ ထိုးထားတဲ့ တုတ်(ဒုတ်) တွေထဲက ကိုယ်ခံနိုင်ရည် ရှိမယ့်တုတ်ကို ကိုယ်တိုင်ရွေးပြီး
အရိုက်ခံဘို့ အဆင်သင့် လုပ်ရတာပေါ့..။ စကားမစပ် အဖေရိုက်ဘို့ ထားတဲ့ တုတ်တွေက စုံနေတာဘဲ၊ ထန်းဖလပ်၊၀ါးခြမ်းပြား၊
ကြိမ် ဆိုက်စုံဘဲ..။
တခါတခါတော့လည်း စာကျက်ရက်တွေ စာမေးပွဲတွေနဲ့  မအားလို့  မဆွဲဖြစ်ရင်တောင် အဖေက ဒီပုံလေးက ကောင်းတယ်ကွ၊ မင်းဆွဲပါလားဆိုရင် ကျနော့်မှာ စဉ်းစားရပါပြီ...ပုံတစ်ကယ်ကောင်းလို့ ဆွဲစေချင်တာလား...ဒါမှမဟုတ် သူမရိုက်ရတာကြာလို့လက်ပျက်မှာစိုးလို့  တစ်ဖက်လှည့်နဲ့ ဆွဲခိုင်းတာလာလို့ ပေါ့...။ ကျနော်ကလည်းကျနော်..ကူးဆွဲရမယ့်ပုံ ကောင်းလို့ ကတော့
စာမေးပွဲရက်တောင် မရှောင်ဘူး..ဆွဲရဲတယ်...ခံရဲတယ်ဘဲ..။
တစ်ခါကလည်း မှတ်မှတ်ရရပေါ့...ကျနော်က မန္တလေးက ဆရာကံချွန်ဆီ ကနေ ပန်းချီဆွဲနည်းကို စာပေးစာယူ တက်နေတာလေ..။
ကျနော်တို့ မြို့ မှာ စာပေဟောပြောပွဲလုပ်တော့ ဆရာကံချွန်လဲ ပါလာပါတယ်...။ ကျောင်းသားတွေ အားလုံးကို နေ့ လည်ကျောင်း
လွှတ်ပြီး ဆရာ တွေက သွားနားထောင်ခိုင်းပါတယ်...ကျနော်တို့ လည်း သွားတာပေါ့..ကိုယ့်ဆရာပါတာကိုး..။
ဟိုရောက်တော့ ဆရာကံချွန်ဟောပြောတာက ဟာသလေးတွေပြောလိုက် ပုံလေးတွေဆွဲပြလိုက်နဲ့ ကျနော်လဲသဘောတွေကျ
နေတုန်း.....
“ ဘယ်လိုလဲ ဆရာကိုညီညီရဲ့  ဟောပြောပွဲတွေ ဘာတွေ တက်တာပေါ့လေ” ဆိုတော့၊ ဒီအသံ ကြားဘူးပါတယ်ဆိုပြီး လှည့်ကြည့် လိုက်တော့....ကျနော့် သင်တန်းမှုးလေ..ကျနော့်  အဖေ ပေါ့..။ ပြုံးပြုံးကြီးနဲ့ ...
“ ဟုတ်ကဲ့  အဖေ” လို့ ပြောပြီး တစ်ယောက်ခြားထိုင်နေတဲ့ အဖေ့ကို ပြန်တောင်ပြုံးပြ လိုက်ပါသေးတယ်...။
ဟောပြောပွဲ ပြီးလို့ ဆိုင်မှာပြန်ဆုံတော့ မေးတာကို ကြည့်ပါဦး...
“ မင်း ဘယ်သွားနေတာလဲ” တဲ့ ..။ အမ်...” “ အဖေနဲ့ ကျနော် တောင် တူတူ နားထောင်နေတာလေ”လို့ ပြောတော့၊
“မင်းမှာ နားထောင်ခွင့်  မရှိဘူး” တဲ့ ..။ ဟောပြောပွဲ သွားတာ အပြစ်ရှိတယ်တဲ့ ..။ ပြီးတော့ဗျာ လူကြီး၊ လူငယ်။ မိန်းခလေးတွေနဲ့ လူပေါင်းစုံ လာနေတဲ့ စာအုပ်ဆိုင်ကြီးမှာ နေ့ လည် တစ်နာရီခွဲ ကနေ စပြီး မတ်တတ်ရပ်ခိုင်းတာ... လူ တွေ ကလည်းဝိုင်းကြည့် ..ကိုယ့် မှာလည်း ရှက်တာပေါ့.. ကောင်မလေးတွေကဆို ပြုံးစိပြုံးစိနဲ့ ..။
၃ နာရီလောက်ကြာတော့ မေးတတ်တယ် “ ညောင်းပြီလား” တဲ့ ။ “ မညောင်းဘူး လို့  ပြန်ဖြေတော့ အဖေ တော်တော် တင်းသွားပါတယ်.. ။ ဒါဏ်ပေးတာရဲ့ နောက်ကွယ်မှာ “ မာနခြင်း ပြိုင်နေကြတာကိုတော့ သားအဖ ၂ ယောက်လုံး သိပါတယ်..။
သူကလည်း ညောင်းပြီ လို့ ပြောပြီး ကျနော် တောင်းပန်တာကို လို ချင်တာ..။ ကျနော် တင်းထားမှန်းသိတော့... အိမ်ကို အကြောင်းကြားပါတယ်...ငါဒီကောင့်ကို ပြန်လွှတ် လိုက်မယ်...အိမ်မှာ ဆက်ရပ်ခိုင်းထား ဘာမှမကျွေးနဲ့  ရေတောင် မတိုက်နဲ့ လို့ 
မှာလိုက်ပါတယ်..။ ကျနော့် ကို အိမ်ပြန်လွှတ်ပါတယ်...ဆိုင်မှာက လူတွေ ၀ိုင်းအုံနေပြီလေ...။
ကျနော်ကလဲ သူများတွေ မေးရင် ပြောတာ..။
“ စာပေ ဟောပြောပွဲ သွား လို့  ဒါဏ်ပေးခံထိတာ” လို့ ..။ ကြာတော့ အဖေ ရှက်လာပုံ ရပါတယ်..ကျနော်ကလည်း ရပ်သာရပ်နေတာ
စာအုပ်ဆိုင် လာသမျှ လူကို ဧည့်ဝတ်မပျက် ရှင်းပြနေတာလေ..။
ဒါနဲ့  အိမ်ရောက်တော့ ဆက်ရပ်ခိုင်းပါတယ်..။အမေ ကတော့ တစ်ချက်လှမ်းကြည့် ပြီး ၀တ္တု ဆက်ဖတ်နေပါတယ်..။
ကျနော် မတ်တတ်ရပ်လိုက်တာ ည ရောက်နေပါပြီ...အဖေလဲ အိမ်ပြန်ရောက်နေပြီဆိုတော့ ကျန်တဲ့ မောင်နှမတွေကို တစ်လှည့် စီ မေးခိုင်းပါတယ်..“ ညောင်းပြီလား” ပေါ့..။ ကျနော် ညောင်းတာပေါ့ ဒါပေမယ့် မညောင်းပါဘူး လို့ ဘဲ ပြန်ဖြေပါတယ်..။
ည ၈ နာရီလောက်ရောက်တော့ အမ ( ယခု ကျောင်းအုပ်ဆရာမ) က လာပြောပါတယ်.. ညီညီရယ် ညောင်းပြီ လို့  ပြောလိုက်ပါတော့လို့  လာပြောပါတယ်...ကျနော် က “ သူနဲ့ အတူတူ ဟောပြောပွဲ နားထောင်နေတာ ကျနော်မတ်တပ်ရပ်ရင် သူလည်း
ရပ်ရမှာ..ခုမတရားလုပ်တာ..ကျနော်ခံနိုင်တယ်လို့ ” ပြောတော့ အမ ကငိုပါတယ်...နောက် တော့ အဖေ၊တို့  မာမီတို့ နဲ့  ဘာတွေ ပြောကြလဲတော့ မသိပါဘူး.....နာရီဝက်လောက်ကြာမှ..“ရပြီ မင်းနားတော့ ”လို့ အဖေ လာပြောပါတယ်..။
ကျနော် အဲဒီမှာ နားရပါတယ်..။
ပြီးတော့ ထမင်းစားခိုင်းတာ ကို ကျနော် မဆာတော့ဘူးလို့ ပြောပြီး....အိမ်နော်ဖက်က မွေးမြူရေးခြံ အထပ်ခိုးလေးထဲမှာ...
ကျနော် ရှိုက်ငိုခဲ့ ရပါတယ်...။ တိတ်တိတ်လေးပေါ့..။
ဒါတွေဟာ ကျနော်ချစ်တဲ့ အနုပညာနဲ့ ပါတ်သက်ပြီး ပေးဆပ်ခဲ့ ရတာတွေပါ..။ ပြောမကုန်နိုင်တဲ့  အကြောင်းအရာတွေ ထဲက တစ်ခုပါ..။
icn2၊ ညီမလေးရှင်း၊ ပန်ဒိုရာ နဲ့ အခြားသော ၀ါသနာရှင်တွေ ပုံကူးဆွဲမယ် ပန်းချီကို လေ့လာမယ်ဆိုရင်တော့၊ ကျနော့်ထက်ပိုပြီး
ရေးဆွဲခွင့် ရှိမှာပါ...ကျနော့်ထက်လည်း ပိုတော်နိုင်မှာပါ...။ကျနော်ယုံကြည်ပါတယ်..။ ကျိုးစားပါ။
ပုံကူးဆွဲခြင်းဟာ အကောင်းဆုံး လေ့ကျင့်မှုပါ၊ ဆရာစုံလေ လက်ပိုတက်လေပါဘဲ..။
ကျနော်ခင်မင်တဲ့ ညီလေး ၊ညီမလေးတွေ ပုံတွေ အများကြီး ရေးဆွဲနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။

သစ်နက်ဆူး

11 comments:

  1. ပုံရိပ် / Pon YateSeptember 20, 2008 at 7:11 AM

    ကိုသစ်နက်ဆူးက တော်တော်ဇွဲကောင်းပြီး တော်တော် ၀ါသနာကြီး တာပါ။ ဒါကြောင့် ခက်ခဲနေတာတောင် ရအောင် ယူနိုင်ခဲ့တာပေါ့။

    ReplyDelete
  2. ကိုဆူး
    အကို့စာဖတ်ပြီး ကျွန်တော် တစ်မျိုးဖြစ်သွားတယ်။
    ဖြစ်နိုင်ရင် ဒီထက်ပိုပြီးရေးမှ အမြင်ရှင်းလိမ့်မယ်။
    ကျွန်တော့်အတွက် ပုစ္ဆာတစ်ပုဒ်ဖြစ်နေတယ်။
    အကိုဖြတ်သန်းရတဲ့ ဘဝဟာ ဆန်းနေပါတယ်။

    မေတ္တာဖြင့်

    ReplyDelete
  3. ကိုဆူးအကြောင်းတွေ ဖတ်ပြီး အမှန်ပြောရရင် ကိုဆူး မိဘတွေကို နားမလည်ဘူး ။ ကိုယ့်သားသမီးကို ဘာလို့ အဲလို လုပ်ခဲ့တာလဲ ။ ပန်းချီဝါသနာပါတာဟာ အဲလောက် အပြစ်ကြီးမားသလား ။

    ReplyDelete
  4. အကြံပေးပြီး လမ်းမှန်ညွန်ပြပေးတာကို ကျေးဇူးတင်ပါတယ် ။ ကျနော် တင်ထားတဲ့ ပုံတွေထဲက ကျနော့်သူငယ်ချင်းပုံ(ရေ ။ ဆီ ) တွေကို ကိုသစ်တွေ့မိမှာပါ ။ သူ့မှာ သေသေချာချာသင်ပေးခဲ့တဲ့ ဆရာမရှိပါဘူး ။ပန်းချီကျောင်းဆင်းတစ်ယောက်လည်းမဟုတ်ပါဘူး ။ ထိုင်ကြည့်တာရှိခဲ့တယ် ။ အဲဒါ က ပုံတူရေးတဲ့ဆရာတယောက်ရေးတာကို သူထိုင်ကြည့်ဖူးတယ်လို့ပြောတယ် ။ကျန်တာက သူဟာသူ ကြိုက်တဲ့ ဆရာတွေအကုန်လုံးကိုကူးဆွဲသွားတာ ။ သူ့ကိုလဲ ကျနော်မေးဖူးပါတယ် ။ ဘယ်လိုတတ်သွားသလဲဆိုတာကို ။ ကူးတာဆွဲ၊ တတ်သွားလိမ့်မယ် ဆိုတဲ့ သဘောမျိုးဖြေပါတယ် ။ ကျနော်ငယ်ငယ်ကလည်း ရုပ်ရှင်ပိုစတာ ဆွဲတာကို သွားကြည့်ဖူးတယ် ။ စကေးချ ရေးတာ ။အကွက်ချရေးတာ နဲ့ လူတွေအများကြီးရေးတာပဲ မှတ်မိနေတယ် ။ အဲဒီတုန်းက သူတို့ဘာလုပ်နေတာတုန်းဆိုပြီးစပ်စုတာမျိုးပါ။ ပျော်ရွင်ပါစေ ကိုသစ်။

    ReplyDelete
  5. ကြိုးစားမူကို ချီးကျူးအားပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောဖို့ ကျန်သွားလို့ နောက်တစ်ခေါက်လာရေးသွားပါတယ် ။ ပျော်ရွင်ပါစေ ကိုသစ်။

    ReplyDelete
  6. အကိုကဇွဲကောင်းလို့ဒီလောက်တော်တာ..
    ရှင်းရှင်းကငပျင်းလေ...
    စိတ်ဝင်စားဖို့ကောင်းပြီးဖတ်လို့ကောင်းတယ်အကို့ Posts လေးတွေ...ဘာပဲဖြစ်ဖြစ်အကို့အဖေကိုအရမ်းကျေးဇူးတင်ရမယ်...
    အကိုကို့တဖတ်တလမ်းကအားပေးတာနော်။တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
    ဆွဲထားတဲ့ပန်းချီတွေလဲထပ်ထင်ပါအုံး...ငေးရအောင်...
    ဟီးဟီး
    ရှင်းရှင်း

    ReplyDelete
  7. ပုံရိပ်၊ကိုတောင်ငူ၊ဂျစ်တူး၊ရှင်းရှင်း နဲ့ icn2 တို့ ရေ...
    ကျနော့် ရဲ့  ပို့ စ်လေးကို လာရောက်အားပေး၊
ံခံစားပေးတဲ့ အတွက် ကျေးဇူးတင်စကားကို အရင်ပြောပါရစေ..။
    ကျနော့် ဘ၀က ကိုတောင်ငူပြောသလိုဆန်းပါတယ်..
    ကျနော်ကိုယ်တိုင်တောင် နားမလည်နိုင်တာတွေ များပါတယ်..။ဆန်းတာတော့ တော်တော် ဆန်းတယ်..။
    ရင်နာစရာတွေလဲ များပါတယ်..။
    ဒါပေမယ့် ဒီနေရာလေးက မိတ်ဆွေတွေ သွားလာ လည်ပါတ် စာတွေ အပြန်အလှန် ဖတ်ကြတဲ့  ဘလော့ဂ် လေးတခုပါ...။ ကိုယ်တိုင်ရေး အထုပ်ပတ္တိ မဟုတ်တဲ့အတွက် ၊ လာဖတ်သူတွေ စိတ်ညစ်ညူးသွားမှာကို ကျနော်က မဖြစ်စေချင်ပါဘူး.
    ဒီတော့ လောကမှာ အခက်အခဲ တွေ ဘယ်လောက်များပါစေ...ကျော်လွှားပြီး ...
    လူတိုင်းနီးပါး အောင်မြင်မှု ရနိုင်တယ် ဆိုတာလေးတွေ
    ကို ပြောချင်တာပါ...။
    ကျနော်ပန်းချီပြန်ဆွဲတာ သိပ်မကြာသေးပါဘူး...
    ဘာကြောင့်လည်းဆိုတော့ ....ကျနော် ပြောမပြသေးတဲ့ 
    အနုပညာသမားဘ၀လေးရယ်...ဘာကြောင့် မိဘတွေက
    မောင်နှမ ၇ ယောက်ထဲမှာ ကျနော့်ကိုမှ ဒီလို လုပ်တာလည်းဆိုတော့ (.....) တစ်ယောက်ဖြစ်ဘို့ ဆန်းကြယ်တဲ့ အပြောင်းအလဲတွေ ဖြစ်ကို ဖြစ်ပေးရလိမ့်မယ် ဆိုတာ သဘောပေါက်လာတော့..
    မိဘတွေမှာ အပြစ်မရှိဘဲ ပါရမီ ဖြည့်သူတွေလို့ အမြင်ပြောင်းခဲ့ တာလေးတွေကို ရေးပါဦးမယ်..။
    ဂျစ်တူးတို့ လည်း နားလည်သွားပါလိမ့်မယ်...။
    တခါတခါ ကံကြမ္မာ ဟာ စနစ်တကျ အကွက်ချပြီးသားဆိုတာ လက်ခံ ရပါလိမ့်မယ်...
    ...အားလုံးသော ညီအကို မောင်နှမတွေကို ကျေူဇူးတင်ပါတယ်..။

    ReplyDelete
  8. ဘုရားဘုရားးးးး
    တော်ရုံဇွဲမဟုတ်ဘူးးး
    ထူးဆန်းတဲ့ ဖခင်ကို ပိုင်ထားခဲ့တာပဲ..။

    တခါမှ မကြားခဲ့ဘူးဘူး

    ReplyDelete
  9. ကိုသစ်နက်ဆူးရေ
    အဆန်းပဲ။ အမလဲ အံ့သြတယ်။ အဖေကိုရော..သားကိုရော။ အားလုံး အစွန်းရောက်နေကြတာ များလား။ ဒါပေမဲ့ အနုပညာဗီဇကြောင့်သာ လူကောင်းတယောက်အဖြစ် ရပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ သာမန်လူဆို တလွဲဆံပင်ကောင်း သွားလောက်ပြီ။

    ReplyDelete
  10. ကိုဆူး
    ကွန်မန့်ထပ်တက်နေတာတွေ့လို့ ဖတ်ကြည့်မှ မရှင်းရှင်း ရေးထားတာ တွေ့မိတယ်။ တစ်ဖက်တစ်လမ်းက အားပေးနေတာတဲ့။ ကျွန်တော်တွေသွားတယ်။ အဲဒီလို ဘာကြောင့် မစဉ်းစားဖြစ်ခဲ့လဲမသိဘူး။ မခံချင်စိတ်ရဲ့ စေ့ဆော်မှုက ဖြစ်လာတဲ့ တွန်းအားဟာ ပိုပြင်းတယ် ဆိုတာတော့ ကျွန်တော် ယုံကြည်တယ်။ ဒါပေမယ့် ပုစ္ဆာက ကျွန်တော့်အတွက် အဖြေမထွက်သေးဘူး။
    ကိုဆူးပို့စ်တွေဟာ ကျွန်တော့်အဖို့တော့ ပျင်းစရာလည်းမကောင်းသလို စိတ်ပျက်စရာလည်း မကောင်းပါဘူး။ (ကိုဆူးရဲ့ဖခင်ကို ကျွန်တော်ခန့်မှန်းမိတာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်မပြောသေးဘူး။)

    မေတ္တာဖြင့်

    ReplyDelete
  11. ကိုသစ်နက်ဆူး… အဲဒီလို ခပ်ဆင်ဆင် အတွေ့ အကြုံမျိုး ကျွန်မမှာလဲ ရှိတယ်… ကျွန်မ အဖေက စိတ်ဓါတ်ပြင်းတယ်… ဒါပေမယ့်ကိုသစ်နက်ဆူးအဖေလောက်တော့ အစွန်းမရောက်ဘူး… ကျွန်မက ခေါင်းမာတယ်… ကိုယ်မှန်တယ်ထင်တာကို လုပ်လို့ အဖေက ရိုက်ရင် ဘယ်တော့မှ မျက်ရည်မကျဘူး… အဖေကလည်း မငိုမချင်းရိုက် တံမြက်စည်းတချောင်းသာ ကုန်ရော ကျွန်မကလဲ မငိုဘူး… ခုတော့ ကျွန်မ အဖေ့နေရာက ကိုယ်ချင်းစာတတ်သွားပြီ… ကျွန်မနဲ့ ခေါင်းမာတာ အတော်တူတဲ့ သားလေး တယောက်မွေးပြီးမှပေါ့… အဖေဘယ်လောက်ရိုက်ရိုက် အဖေက ကျွန်မကို အချစ်ဆုံးဆိုတာ တော့ ယုံကြည်တယ်… ကိုသစ်နက်ဆူးရဲ့ ဒီပို့ စ်ထဲမှာ ထူးခြားတာ တခုတွေ့ တယ်… အမေကို မာမီလို့ ခေါ်တာပဲ… ကျွန်မ ဆက်ဖတ်မယ်… စိတ်ဝင်စားစရာ ဘလော့ဂ်တယောက်ရဲ့ ဘ၀ဇာတ်ကြောင်းကိုပေါ့…

    ReplyDelete