Monday, September 8, 2008

တစ်သက်လုံး စားမကုန်နိုင်တဲ့ ပြောင်းဖူးလေး



ကိုယ်ပိုင် ဘလော့ဂ်လေး မရှိခင်ကတော့ မြန်မာဘလော့ဂ်တကာ လှည့်ပြီး စာဖတ် ၊ ကဗျာဖတ်၊ ရယ်မော စိတ်ရှုပ်...ဒါပေမယ့် ဘလော့ဂ်တိုင်းနီးပါးတော့ သဘောကျခဲ့သည်....။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ဘလော့ဂ်လေးတစ်ခု လိုချင်ခဲ့ မိပြီး..
ဟိုဆရာ ကယ်ပါ...ဒီဆရာကူပါနှင့်...ဘလော့ဂ်လေးဖြစ်လာခဲ့ သည်....၊ ဘလော့ဂါတဦး၏ စကားကိုယူသုံးရမယ်ဆိုရင်တော့...
“ ဘလော့ဂ် ပိုး တော်တော်ထနေသည်”..။
ကိုယ်ပိုင်ဘလော့ဂ်ရလို့ ကတော့ ရေးလိုက်မဟဲ့ လို့ စိတ်ကူးခဲ့တာဘဲ၊
ဟော..တစ်ကယ်တမ်းလည်း ကိုယ်ပိုင်ဘလော့ဂ် ရလာရော...ဘာရေးရမှန်းမသိ..။ လက်ကြောင်နေသည်....။
ကိုယ်ပိုင်စကားနဲ့ ဆို ဘလော့ဂ်ကြောင်” ကြောင်နေသည်..
ဘလော့ဂ်ရပြီးရော...ဆိုပြီး အကျိုးမရှိတာလည်း..မရေးချင်။
လာလည်ပြီး စာမြည်းသူတွေကို အားနာသည်။ ပန်းချီအကြောင်းလေးတွေ ရေးမယ်စိတ်ကူးပြီး သက်ငြိမ်ပုံလေးတွေ စတင်သည်...။
မတတ်တစ်တတ်နှင့်ပုံတင်နေတုန်းမှာဘဲ ကွန်မန့် တစ်ခု ၀င်နေပြီ....ကြည့်လိုက်တော့ ပန်ဒိုရာ.....
ကိုယ်ကလည်းတင်နေဆဲမို့  နောက်တစ်ပုံ ထပ်တင်သည်.....။
နောက်ကွန်မန့် တစ်ခုထပ်ဝင်လာပြန်သည်....ပန်ဒိုရာ၊
ကျနော်စဉ်းစားတယ်....အင်း ပန်ဒိုရာတော့ ငါ့ဆူးခြုံနဲ့ ငြိပြီး..အားနာနာနဲ့ အထွက်ခက်နေပြီထင်တယ်လို့ ဆုံးဖြတ်ပြီး ပုံတင်တာ ရပ်လိုက်တယ်...နောက်မို့ ဆို ကိုယ်ကပုံတင်လိုက် ပန်ဒိုရာက မြှောက်ပေးလိုက်နဲ့ ပုံတွေ တင်လို့ ဆုံးမှာကို မဟုတ်တော့ဘူး..။
အခုရေးတဲ့ “ တစ်သက်လုံးစားမကုန်တဲ့ ပြောင်းဖူးလေး” က အဲဒီ သက်ငြိမ် ပုံလေးတွေ နဲ့ ပါတ်သက်ပြီး အတွေးဝင်လာတာပါ...
လောလောဆယ် ကျနော့်ဆီမှာ ပန်းချီလာသင်နေတဲ့ ဝါသနာရှင် ၂ယောက်ရှိပါတယ်...သူတို့ ကို သက်ငြိမ်ကနေ စတင်လေ့ကျင့်ပေးနေတာပါ.....ရှေ့ မှာချပေးတဲ့ ပစ္စည်းလေးတွေက လွယ်တယ်ထင်ရင် ကိုယ်တော်လေးတွေ မျက်နှာက ပြုံးပြုံးပြုံးပြုံး
နဲ့....နဲနဲ ခက်တာချပေးရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးလေး ပေကလပ်ပေကလပ်၊....
မျက်စိမျက်နှာပျက်နေလိုက်တာများ...သူတို့ မျက်နှာကို နာဂစ်ဝင်ဆောင့်တာ ကြနေတာဘဲ။
ကျနော်က ပြောင်းဖူးပုံဆွဲခိုင်းဘို့  စကားစလိုက်တာကိုး...။
အဲဒီ ပြောင်းဖူးဆိုတဲ့ စကားလုံးလေးကြောင့် ဒီပို့ စ်လေး ရေးဖြစ်တာပါ..။ ကြာတော့ကြာခဲ့ပါပြီ.....
ဇာတ်သဘင်အဖွဲ့ ကြီး တစ်ခုမှာ ပင်တိုင်ပန်းချီ သမားအဇြစ် လိုက်တုန်းကပေါ့...။ တောင်ကြီး တန်ဆောင်တိုင်ပွဲကို ၁၃ည ကပြပြီး နမ့်ဆန်
မှာကတော့....ပွဲကြည့် ပရိတ်သတ်ကလည်း များမှများ..။တိုင်းရင်းသားတွေလေ..ရှမ်း၊ပအို့ တောင်သူတွေပေါ့...။
ဒါနဲ့ ပြဇာတ်ပြီး နှစ်ပါးခွင်ကနေတုန်း ဇာတ်ဆရာက ပြောပါတယ်...ပန်းချီဆရာ...ရုံဝင်ပေါက်ကိုသွားပြီး မန်နေဂျာ ဂျော်နီ ကိုပြောပေးပါ..
လူပါးနေရင် ရုံဖွင့်လိုက်တော့ပေါ့...ဒါနဲ့ သွားပြောတာပေါ့...ကိုယ့်ဆရာက ဖွင့်လိုက်ပြီလို့ ဇာတ်ဆရာကို သတင်းပေးပြီး၊ရုံမဖွင့်ဘဲ...
အောက်ဆိုက် ရှာနေတုန်း...ရတဲ့ ငွေ သူ့ အတွက်ပေါ့..။ ကျနော့်ကိုတောင် ခဏစောင့်ပေးပါ..ပါဆင့်နစ်ပေးမယ်..ငါအပေါ့အပါးသွားမလို့ ဆိုပြီး ထွက်သွားပါလေရောဗျာ....။
ချမ်းတာကလည်း အတော်ချမ်းတာ...အဲလို စောင့်ပေးနေတုန်းမှာ ရုံအ၀င်ဝကို တောင်းလေးတွေ ဗန်းလေးတွေနဲ့ ရောက်လာတာ...
တိုင်းရင်းသူ အဖွားကြီးတွေရော ခလေးတွေရော ၁၅ယောက်ကျော်မယ်...
ခလေးမလေးတွေက ဆံပင်ညိုလဲ့လဲ့..ဆံပင်ဖွာဖွာ..ပါးလေးတွေကလည်း ရဲနေတာဘဲ...။မျက်လုံးတွေက အညိုလိုလို အပြာလိုလိုပါ....
ကျနော်သိလိုက်တာက....သူတို့ မျက်နှာလေးတွေ အရမ်းရိုးသားတာကိုပါ...။
ကျနော်ကြည့်နေတုန်းဘဲ အုပ်စုလိုက်ကြီး အနားကပ်လာတယ်...ပြီးတော့ ကျနော့်ကိုလည်း စကားတွေပြောတယ်..
ကိုယ်ကလဲ နားမလည်..ဘာပြောရမှန်းလည်း မသိ.
သူတို့ ကလည်း ခြေဟန်လက်ဟန်တွေနဲ့ ပြောပေါ့... ဂျော်နီ ကလည်း မလာသေး..လာလည်း သူလဲနားလည်မှာမဟုတ်ပါဘူး..
ပြောနေတာ ...၅ မိနစ်လောက်ကြာမယ်...နောက်မှ သူတို့ မျက်နှာလေးတွေ ကို ကြည့်ပြီး အတွေးတစ်ခု ၀င်လာတာ...
ပွဲများဝင်ကြည့်ချင်လို့ လားပေါ့...။ ကျနော်အမေကရှမ်းမို့ ရှမ်းသွေးတစ်ဝက်ပါပေမယ့် .ရှမ်းစကားကလည်း တစ်လုံးမှမတတ်တော့..
ပွဲကြည့်ချင်လို့ လားလို့ မေးဘို့ အရေး ၊ ခေါင်းခါခါလည်ခါခါနဲ့  ကိုယ့်ကိုကိုယ် လေသင်တုန်းဆွဲနေသလားတောင်ထင်ရတယ်..။
(အမူအယာကို မျက်စေ့ထဲမှာသာ ပုံဖေါ်ကြည့်ပေတော့)....
အမူအယာ သင်္ကေတ မှန်သွားတယ်ဗျ...သူတို့ ပွဲကြည့်ချင်နေတာ.......။
ကိုယ်ကလည်း လက်ညိုးလေးနဲ့ လက်မလေး ၀ိုင်းပြတော့...အားလုံးခေါင်းခါကြတယ်...
တစ်ချို့ ကလည်း ပါသလောက်ထုတ်ပြပါတယ်....ဒါပေမယ့် အားလုံးပေါင်းရင်တောင် ၁၅ ယောက်စာ မပြောနဲ့  ၃ ယောက်စာတောင် မပြည့်ပါဘူး....ကျနော် တော်တော်စိတ်မကောင်းဖြစ်သွားတာပေါ့...ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း...
ဇာတ်ဆရာ ပြောတာ သတိရသွားတယ်... အခြေအနေ ကြည့်ပြီး ရုံကို ဖွင့်လိုက်တော့ ဆိုတာ...ဒါနဲ့ ကဲ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီ...
“ လာ..လာ..၀င်ကြ” ဆိုပြီး...အကုန်လုံး ရုံထဲ သွင်းပစ်လိုက်တာပေါ့.....။
ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆို “ သွေးက စကားပြောတာပေါ့” လေ..။
...........
သွေးကစကားပြောပြီး မကြာပါဘူး....မန်နေဂျာ စကားပြောတော့တာဘဲ...။
“ ခုန က လူ၁၅ ယောက်ကျော် မင်း သွင်းလိုက်တာ ငါမြင်လိုက်တယ်....ဘယ်လောက်ရလဲ” တဲ့ .
တစ်ပြားမှ မယူလိုက်ဘူးဆိုတော့ သူ့ ဂွ့င်ပျက်သွားလို့ မွှန်သွားတယ်....ပြသနာကဒီလောက်နဲ့ မပြီးပါဘူးဗျာ....
ရွှေကိုယ်တော်က ဇာတ်ဆရာဆီသွားပြီး လိုတိုးပိုလျှော့နဲ့  လုပ်ကြံချဲ့ ကားပြီး ပြောနေလိုက်တာ....ဇာတ်စင်မှာငိုချင်းချနေတဲ့
နောက်ပိုင်းမင်းသားတောင် သြချလောက်တယ်....ပြောကြရှင်းကြယင်းနဲ့ ဘဲ......
ဇာတ်တော်ပေါင်းလိုက်တော့ ကျနော်ရပိုင်ခွင့်ငွေထဲက ၁၆ ယောက်စာ ဖြတ်တယ်ပေါ့ဗျာ....။
ကျနော်တော်တော်အီသွားတယ်....ဘာမှတော့ပြောမနေတော့ပါဘူး......။
မပြောနိုင်ဆို မိုးလင်းရင်ထုတ်ပေးနေကြ အသုံးငွေတောင် ထုတ်မပေးတော့..ရေသောက်ဗိုက်မှောက်အိပ်ပေါ့..။
.............
ညနေဘက်ကြ ဇာတ်ရုံဘေးမှာထိုင်ပြီး တောင်တန်းတွေကို ငေးနေတာပေါ့...။
အဲဒီမှာဘဲ ၁၁နှစ်အရွယ်လောက်ရှိမယ့် ခလေးမလေးတစ်ယောက် ပြောင်းဖူးလေး၂ဖူးကိုင်ပြီး ရောက်လာတယ်..စကားပြောတော့
ဘယ်နားလည်မှာလဲ..။ ကျနော့်စိတ်ထဲမှာ ပြောင်းဖူးလာရောင်းတယ်ထင်တာပေါ့....ကျနော်ခေါင်းရမ်းပြလဲ၊ မသွားဘူး.....
ငွေမရှိဘူးလို့ လက်ဟန်ခြေဟန်ပြလည်း မရဘူး....ကျနော့်ကိုဘဲစိုက်ကြည့်နေတာ.....။
နောက် မပြောမဆို ငိုပြီးထွက်သွားရော...
ကိုယ့်မှာလည်းဘာမှန်းမသိ ညာမှန်းမသိ...မစဉ်းစားတတ်ဘူး....။
ခဏနေတော့ ခုနက ခလေးမရယ်၊ အဘွားအိုတစ်ယောက်ရယ်..ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ရယ်ပြန်ရောက်လာတယ်.
အဲဒီလူကိုတော့ ကျနော်သိတယ် ။ဇာတ်ရုံရှေ့ မှာ အရက်ရောင်းတဲ့ လူ...ဗမာစကားနည်းနည်းတတ်တယ်...
ကိုယ်လည်း ပြသနာဝင်ပြီထင်တာပေါ့....
ကိုယ်ကဘဲ အရင်ပြောပြလိုက်တယ်...ကျနော်ညီမငယ်ကို ဘာမှမလုပ်ဘူး သူငိုသွားတာလို့ ပြောတာပေါ့...။
နောက်မှ အဲဒိလူကပြန်ရှင်းပြတာ...
ဒီခလေးမြေးအဘွားကို ညက ခင်ဗျား ရုံထဲမှာ ပွဲပေးကြည့်တယ်တဲ့....သူရုံထဲရောက်တော့ ၀င်ဝင်ချင်း ဘာမှမမြင်လို့ အပေါက်နားမှာရပ်နေတုန်း သူတို့ ကို ပွဲပေးမကြည့်တဲ့ အယင်လူနဲ့ ခင်ဗျား စကားများနေတာတော့ သူမြင်တယ်တဲ့ ...သူစကားနားမလည်ပေမယ့် သိတယ်တဲ့ .....။သူတို့ မှာလဲပိုက်ဆံပေးစရာ မရှိဘူတဲ့ ....
ဒါကြောင့် ခင်ဗျားကို သူ့ ခြံကထွက်တဲ့  ပြောင်းဖူးလေး ကျွေးချင်တယ်တဲ့ ...။ ။
ဟာ.....ကျနော်ဗျာ ဘယ်လို ဖြစ်သွားမှန်း မသိဘူး....
မယူပါရစေနဲ့ လို့ ပြောတော့ ခလေးမရော သူ့ အဖွားပါ မျက်ရည်တွေကျနေတာ...။သူတို့ ဘာသာစကားတွေလည်း ဟိုလူကို ပြောရင်းပေါ့.......နောက်တော့ ဘာသာပြန်ပေးတဲ့ လူက ပြောတယ်..
“ ခင်ဗျား သူတို့ ကို သနားရင် ယူလိုက်ပါဗျာ” ဆိုတော့ ကျနော်လည်း မငြင်းရက်တော့ပါဘူး....ယူထားလိုက်ပါတယ်။
သူတို့ ရှေ့ မှာဘဲ စားပြလိုက်ပါတယ်....
အို....ကမ္ဘာမှာ....အချိုဆုံး ပြောင်းဖူးလေးပါ...။
ကျနော်တစ်ထိုင်ထဲ စားလို့ မကုန်ပါဘူး....
ခုချိန်ထိ အဲဒီပြောင်းဖူးလေးဟာစားလို့ မကုန်သေးပါဘူး....
ကျနော်စိတ်ထဲမှာ ယုံကြည်တာ တစ်ခုရှိနေပါတယ်..သိနေတာပါ..
လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာက လက်ခံခဲ့ တဲ့လက်ဆောင်လေးက
“ တစ်သက်လုံး စားမကုန်တဲ့ ပြောင်းဖူးလေး” ပါ။

သစ်နက်ဆူး

9 comments:

  1. ကိုသစ်နက်ဆူး…. မနေ့ က နဲနဲလာမြည်းကြည့်ထဲက ဒီဘလော့ဂ်လေးကို မောင်ကျန် တတို့ တို့ ဖြစ်တော့မှာပဲ ဆိုတာသိသွားတယ်… ဒီပို့ စ်လေးက ဖတ်သူကိုပါ စားမကုန်တဲ့ ပြောင်းဖူးလေးလို ခံစားရစေနိုင်တဲ့ အနုပညာပြောင်မြောက်တဲ့ ပို့ စ်လေးမို့  ကျွန်မလဲ ပြောင်းဖူးခိုးစားသွားတယ်ရှင်…

    ReplyDelete
  2. ဒါဖတ်ပီး တကယ်ပဲ မျက်ရည်ဝဲသွားတယ် ။ မေတ္တာရောင်ပြန်ဟပ်တဲ့ အရိပ်အောက်ပေါ့ ။

    ReplyDelete
  3. ခံစားရတယ်.. ဒီလိုပါပဲ လောကကြီးထဲမှာ ကိုယ့်အတွက် ဘာမှ မဟုတ်ဘူး ထင်တာတွေက တချို့အတွက်တော့ သေရေးရှင်ရေး ဖြစ်နေတတ်သေးတယ် မဟုတ်လား..

    ReplyDelete
  4. ကိုသစ်ပြောင်းဖူးလေးကိုတော့ မစားရက်ဘူး ရင်ထဲမှာပဲ သိမ်းသွားတယ်

    ReplyDelete
  5. ကောင်းလိုက်တဲ့ ပြောင်းဖူးလေး..။
    စားနေတဲ့သူကို မုဒိတာ ပွားသွားပါတယ်။

    ReplyDelete
  6. ပုံရိပ် / Pon YateSeptember 20, 2008 at 7:36 AM

    ကောင်းလိုက်တဲ့ တင်စားချက်ကလေး။

    ReplyDelete
  7. ပြောင်းဖူးက ချိုလိုက်တာဗျာ။

    ဒီပုံက သမီးငယ်ငယ်ကပုံမဟုတ်လား။

    ReplyDelete
  8. တစ်သက်လုံး တွေးရင်း ချိုမြိန်နေမယ့် ပြောင်းဖူးလေးပါပဲ

    ReplyDelete
  9. ကောင်းလိုက်တဲ့ စိတ်အဟာရလေး....

    ReplyDelete