Saturday, November 15, 2008
“ ပေါင်ချိန်ဆူး ”
မဒမ်ဆူးတို့ ရွာလေးကတော့ ကျနော့်အတွက်ကြုံသမျှ ချစ်စရာလေးတွေက များတယ်...။
မဒမ်ဆူးကိုချစ်ရသလို ဒီရွာလေးကိုလဲ ချစ်တာဘဲ...။ ဒီရွာလေးကလဲ ချစ်တယ်...သူတို့ ချစ်တာ လမ်းသလားပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေလို့ မဟုတ်ပါဘူး....။ ပေါင်ချိန်ဆူးက အရှေ့ ခုနှစ်အိမ် အနောက်ခုနှစ်အိမ်တောင်သိတာမဟုတ်ဘူး...။
ကိုယ့်အိမ်မှာ ကိုယ်နေတာ...မိုးလင်းတာနဲ့ ရောက်လာကြတာဘဲ....။
မနက်နေ့ လည်၊ ညနေ၊ ည လူမပြတ်ပါဘူး....။ ပေါင်ချိန်ဆူးက လိုင်းစုံတယ်..ကိုယ့်တာဝန်ကျလာတယ်လို့ ယူဆပြီး ကိုယ်ကူညီနိုင်မယ်ထင်လို့ ကတော့ ဘွာမခတ်တမ်းဘဲ...။
ဆိုတော့ကာ...ဆေးလဲကုတယ်..အဲ...အပ်ပုန်းရမ်းကု မဟုတ်ပါဘူး...၀ိဥာဉ် လောက နာမ်လောကကိုပြောတာ...။
ကိုယ်ကတော့ စိတ်ထားဖြူအောင်နေရတာပေါ့...။
ညဆိုလူများတယ်...၇ ရက်သားသမီးအကြိုက် ပုဇွန်လုံးတွေ ဂဏန်းလုံးတွေကလဲ ရော့ဟဲ့.၂လုံး...ရော့ဟဲ့၃လုံး...ဒိန်းကနဲဒိုင်းကနဲဘဲ...။ကိုယ်က ကူညီဘို့ အချိန်ကျလာပြီဆိုမှဖြင့် ရှောင်လို့ တောင်မရ...။
အစပိုင်းက ကိုယ်တိုင် ကလန်သေးတာ ...ဒါတွေ မယုံချင်စိတ်နဲ့ ...၆လုံး ချပြပြီး ညနေ ရေဒီယိုက ကျေညာမှ ပေါင်ချိန်ဆူးလန့် ပြီး ကူညီမယ်ဆို ဆရာတွေကို ကတိပေးခဲ့ တာပါ..။ အခု မလုပ်တော့ဘူးနော်...မတောင်းနဲ့ ။
လူစုံလာတဲ့အထဲမှာ တစ်ရက်တော့ ပုံတူထိုင်ဆွဲနေတုန်း ဆူညံဆူညံနဲ့ အိမ်ရှေ့ မှာ ဆိုက္ကားနဲ့ လူတစ်အုပ်၊ ငိုဟယ်ရီဟယ် ရောက်လာတာ...။ လာပြီ...သွားပြီ...ရပ်ပေတော့ ပုံတူ..။
ဘာဖြစ်တာလဲ မေးပါဦးလို့ မဒမ်ဆူးကို ပြောတော့ အိမ်ရှေ့ ကိုထွက်ပြီး မေးတာပေါ့...။
ပြီးတော့ မဒမ်ဆူးက အေးဆေးဘဲ...
“ အပေါင်ဆေးရုံက လက်မခံတော့လို့ ဒီကို ခေါ်လာတာ” တဲ့..။ ဟမ်မလေးဗျာ...ကျနော့်ကို အထူးကုထင်နေလားမသိပါဘူး...။
“ ဟ...ကိုယ်က ဆရာဝန်မှ မဟုတ်တာ...”
“ သြော်..ကိုယ်ရယ် ကုသိုလ်ရပါတယ်...ဆရာဝန်တွေဘဲ လွှတ်ပေးတာလို့ ပြောနေတယ်”
ကြည့်လိုက်တော့ ဆိုက္ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက်စန့် စန့် ကြီး...ပါးစပ်ကလည်း အမြှုပ်တွေ ထွက်လို့ ..။
ကိုယ့်မှာလည်း...ဘုရားစင်ဘေးနားက ကိုယ့် ကျေးဇူးရှင် အဘတို့ ကို ကြည့်ပြီး ငြင်းလဲ မငြင်းရဲ။ ကိုယ်ကလဲ အစကတည်းက ငွေကြေးအသပြာမယူ၊ လာသမျှဝေဒနာရှင်မှန်သမျှ လက်ခံပါ့မယ် ကတိပေးထားတော့...ခေါင်းသာ ကုတ်နေမိတာ..။
တော်ရုံက ကိစ္စမရှိပေမယ့် ဆေးရုံက လက်မခံတာမျိုးကျ စိတ်က လန့် တယ်...။
ဒါပေမယ့် အခြေအနေကြည့်လိုက်တော့ ၊ ဟုတ်တယ် သိပ္ပံ ဆေးနဲ့ ကုလို့ မရတဲ့ ပုံ။
ကိုယ်ကလဲ “ဒါဆို အပေါ်သာ တင်ခဲ့ တော့” လို့ ပြောရတာပေါ့...။
သူ့ (လူနာ) ယောကျာင်္းနဲ့ သားသမီးတွေပါပါတာ..။
ဘုရားစင်မှာ သစ္စာဆိုပြီး...ခေါ်ယူလိုက်တာနဲ့ ပညာရှင်က ကြမ်းကြမ်းတမ်းတမ်းကို လာတာပါဘဲဗျာ...။
“ ဘာဖြစ်လို့  သူများကို ဒုက္ခပေးတာလဲ...ဘယ်ကလဲ”
“ ကတိမတည်လို့  မကျေနပ်လို့ လုပ်တာ ၊ ရွာတောင်ပိုင်းက...သူတို့ အိမ်နားကဘဲ..သူတို့ သိတယ်..”
“ ဘာကိုမကျေနပ်တာလဲ...ပြော”
“ ပိုက်ဆံ ၅၀၀၀ ချေးယူထားပြီး သူတို့ ပြန်မဆပ်လို့ ”
“ အော်...ပိုက်ဆံ ချေးယူတာတွေ ရွာက ရ၀က ရုံးမှာ သွားရှင်းကြလေ...ကျနော်နဲ့ ဘာဆိုင်လို့ တုန်း”
“ ဥက္ကဌကို သူတို့ မကြောက်ကြဘူး....”
“ ဒီတော့ ကျနော်က ဘာလုပ်ပေးရမှာလဲ..”
“ ဆရာ့ ဆီမှာသစ္စာရေ သောက်ခိုင်းချင်လို့  ရအောင်လုပ်ပြီး ခေါ်လာတာ...”
ဖြစ်မှ ဖြစ်ရပလေဗျာ...။
“ နေဦး...ကျနော် မေးကြည့်မယ်...ခဏနေဦး...ဟတ်လား”
“ မေးပါဆရာ...”
“ကဲ..ဦးတို့ သူပြောတယ်...သူ့ ဆီက ပိုက်ဆံ ၅၀၀၀ ချေးထားတယ်..ဆို”
“ဟုတ်တယ်...ဆရာ ချေးထားတာမှန်ပါတယ်...အဆင်မပြေသေးလို့ ပါ”
“ ဘာ.......ဘာအဆင်မပြေတာလဲ၊ နင်တို့ ရွှေ ၀ယ်ထားတာငါသိတယ်ဟဲ့”
“ အော်....နေပါဦး...ကျနော်မေးနေတယ်...ဟုတ်လားဦး”
“ ဒီလိုပါဆရာ ..မျိုးစပါးတွေလဲ ၀ယ်ရလို့ ပါ...ရွှေကြိုး ၀ယ်တာကလဲ..သမီးငယ် စာမေးပွဲအောင်လို့ ဝယ်ပေးမယ်ဆိုပြီး ကတိပေးထားလို့ ပါ”
“ အမ်း....ဒါဆို ညှိပေးမယ်....သူတို့ ပြောတာကြားတယ်ဟုတ်”
“ ကြားပါတယ်...ကျမမှာလဲ အခက်အခဲရှိတယ်...လင်ကလဲ မရှိ ကလေး၃ယောက်နဲ့ ...သူတို့ လိုတယ်ဆိုလို့ ကူညီခဲ့တာ”
ဒါလဲဟုတ်တာဘဲ..၊ သူ့ ဘာသာ ပညာသည်က တစ်ကဏ္ဏ..။ မုဆိုးမတစ်ယောက်ရဲ့  အခက်အခဲကိုလဲ ကြည့်ရမှာပေါ့..။
“ ဒါဆိုဒီလိုလုပ်...သူတို့ ကလဲ မျိုးစပါးဝယ်ရတာဆိုတော့ ၁လ စောင့်မလား”
“ ၁ လတော့ မလုပ်နဲ့ ဆရာ ၅လ ကျော်နေပြီ...၁၅ ရက်လုပ်ပါ...ကျမ အခက်အခဲ ရှိလို့ ပါ...ကလေးတွေလဲ ကျောင်းအပ်ရတော့မှာ”
“ ကဲ...ဦးတို့ လဲကြားတယ်နော်...ကိုယ် လိုအပ်လို့ ယူခဲ့ သလို သူ့ အခက်အခဲကိုလဲ ကိုယ်ချင်းစာပေးရမယ်...ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ၁၅ ရက်အတွင်းမှာ ပြန်ဆပ်ပေးပါ...ကျနော်ပြောတာ လက်ခံလား”
အဲဒီကျမှ လူနာရှင်သား အကြီးက ၀င်ပြောလာတာ...။
“ ကျနော် ကတိပေးပါတယ် ဆရာ ..ပြန်ဆပ်ပါ့မယ်...ကျနော့်အမေကိုတော့ ဒီလိုမျိုးကြီး လုပ်မထားပါနဲ့ ...ဆရာပြောပေးပါ”
“ ငါက လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူး...ဆရာ့ဆီေ၇ာက်အောင် လုပ်တာ...သစ္စာရေ သောက်ပြီးရင် ငါကျေနပ်တယ်”
“ ကဲ...ညီိလေး ရောဂါကို ဘာမှ မပူနဲ့ ကိုယ်ရှင်းပေးမယ်...သူက သစ္စာရေဘဲ သောက်စေချင်တာ...ကတိလိုချင်တာ...
ကိုယ်တိုက်တဲ့ သစ္စာရေ မိသားစုအကုန်သောက်ရမှာ နော်...သောက်ပြီးလို့ ကတိမတည်ရင်...ကိုယ်တာဝန်မယူဘူး...ကိုယ်ဖြစ်ကိုယ်ခံ၊
နောက်ပြီး အဒေါ့် ကိုလဲ ပြောချင်တယ်...ဒီပညာတွေက လူတွေကို ထိခိုက်စေတယ်၊ မကောင်းဘူး...လူဆိုတာ ဒေါသမကင်းဘူး၊ ဒေါသစိတ်ဖြစ်လာတာနဲ့ ပညာ အားကိုးနဲ့ တစ်ပါးသူကို လုပ်မိရော...ကြမ်းတမ်းတဲ့ ဆရာနဲ့ တွေ့ ရင် အရိုက်ကလဲ ခံရဦးမယ်...၊
နောက် သေလွန်ပြီးရင်တောင် ကိုယ်သွားရမယ့်ဘုံက ကောင်းသောဘုံဘ၀ မဟုတ်ဘူး...စဉ်းစားပါ..ဒီပညာကို လှုလိုက်ပါ”
“ ကျမသိပါတယ်...ဒါပေမယ့် ပိုက်ဆံ ပြန်ရပြီးမှ ဆရာ့ဆီကိုဘဲ လာလှုပါမယ်...”
“ ကဲ....အားလုံး ကတိတည်ပစေ...ကျနော်ကအစ သစ္စာရေ သောက်မယ်...ဘုရားကို အာရုဏ်ပြု”
ကျနော်က ဘာအားကိုးနဲ့ ၊ ဘယ်ဂိုဏ်းတွေမှ မဟုတ်ဘူး...ဘုရားရှင်ထံမှာဘဲ သစ္စာ အားကိုးနဲ့ ဒါတွေ လုပ်နေတာပါ...။
သူတို့ ရှေ့ မှာဘဲ သစ္စာဆိုပြီး အားလုံးကို တိုက်တာပါ...အဓိက စကားကတော့ ၁၅ ရက်အတွင်း ပိုက်ဆံ ၅၀၀၀ ကို ပြန်ပေးဘို့ ပါ...။
သစ္စာရေ တိုက်ပြီးတာနဲ့  တုန်တုန်ရင်ရင်နဲ့ ပညာရှင်လဲ ထွက်သွားတာပါဘဲ...။
ကိုယ်လဲ အဲဒီကျမ သက်ပြင်း ချရင်း စိတ်ကို လျှော့လိုက်ရတာ..။
ဝေးနာရှင် အဒေါ်ကြီးကလဲ အခုမှ ပြန်သတိဝင်လာပြီ...
“ ဟယ်...ငါဘာဖြစ်တာလဲ..ဘယ်ရောက်နေတာလဲ နဲ့ သတိပြန်ရတာ...။သူ့ မိသားစုတွေလဲ ၀မ်းသာတာပေါ့ဗျာ...။
ခြံထဲမှာလဲ လူတွေ တစ်ရုန်းရုန်းပေါ့...။
အားလုံး ပုံမှန်ဖြစ်နေကာမှ အဒေါ်ကြီးက တစ်ဒိုင်းဒိုင်း ပူးတုန်လာတော့...ကိုယ်လဲ အံ့သြပြီး မေးရတာပေါ့...
“ ဘာဖြစ်ပြန်ပြီတုန်း...ဘယ်သူတုန်း...”
“ ကျမ နောက်တစ်ခေါက်ပြန်လာတာ...အရေးတကြီး ပြောစရာလေး မေ့ ကျန်နေလို့ ”
လူတွေကလဲ နောက်တစ်ကြိမ်ပြန်လာတာဆိုတော့ ထူးထူးဆန်းဆန်း အာရုံစိုက်နေတာပေါ့...။
အင်း....ဒီပညာသည်နောက်ဆုံးပြောတဲ့စကားကြားမှဘဲ အိမ်ဦိးခန်းမှာ ခန့် ခန့် ကြီး ထိုင်နေတဲ့ ဆရာဆူး တစ်ယောက်....
ခွီး...ကနဲ ရီမိတယ်...
“ ဆရာ...အတိုးက ၁၀ တိုးနော်...မမေ့နဲ့ ” တဲ့..။
ကြံကြံဖန်ဖန် တော်တော် သတိကောင်းတာဘဲ...သူပြောချင်တာပြောပြီးတာနဲ့ တစ်ဒိုင်းဒိုင်းတုန်ပြီး ထွက်သွားတာ..။
ပြီးတာနဲ့ လူနာလဲ အကောင်းဘဲပြန်ဖြစ်သွားရော...။
လာကြည့်သူတွေက ရီချင်ပေမယ့် မရီရဲဘူး.....နော်တစ်ခေါက်ပြန်လာမှာလဲ...ကြောက်နေလို့ ..။
ဘယ်လိုသတင်းရသွားလဲ မသိပါဘူး...ဒီအကြောင်း ဥက္ကဌ ကြားတော့ ပြောသေးတယ်...
“ အေး...သူရှိတာ ဟန်ကျတယ်ကွ...ငါလဲ စုန်းမဆို ကြောက်တယ်တဲ့..။
.........
၁၅ ရက်ပြည့် တဲ့ ညဘက်မှာ လူနာရှင်ရဲ့ သားအကြီး လာတယ်...ပိုက်ဆံပြန်ဆပ်လိုက်တဲ့ အကြောင်း အတိုးလဲ ပေးလိုက်တဲ့ အကြောင်းပေါ့....ကျနော့်အတွက်တော့ လန်ဒန် တစ်ဗူး ကန်တော့ပါတယ်..။
နောက် ၄...၅ရက်ကြာမှ ကလေး ငယ်တစ်ယောက် လ္ဘက်ရည် ပါဆယ် တစ်ထုပ်နဲ့ ကွမ်းယာ၃ယာနဲ့ေ၇ာက်လာတယ်...
ကျနော်မှ မသိတော့ မေးတာပေါ့
“ ကလေးသားလေး...မင်းကို ဘယ်သူပို့ ခိုင်းလဲ”
“ ကျနော်တို့ အမေ ပို့ ခိုင်းတာ...ပိုက်ဆံ တွေ ပြန်ရပြီတဲ့ ...ဒီကွမ်းယာနဲ့ အတူ အမေ့ ပညာတွေပါ လှုလိုက်တယ်တဲ့...အမေကရှက်လို့ မလာရဲဘူးတဲ့“
“ အေး..အေး...ပေးပေး...ဦးယူထားလိုက်တယ်လို့ အမေ့ ကို ပြောလိုက်...ဟုတ်လား”
“ ဟုတ်“
..... ကျနော်က အဲလိုလ္ဘက်ရည်မျိုးဆို ပိုကြိုက်တာ...အရသာ တစ်မျိုး ထူးနေတာလေ...။
မဒမ်ဆူးကို ကွမ်းယာစားမလားလို့ မေးတော့....
“ အမလေး...မစားရဲပါဘူး...ကိုယ့်ဘာသာဘဲ စားပါ...ပေါင်ချိန်ရယ်” တဲ့ ...။
......။........
မဒမ်ဆူးက ချစ်စရာကောင်းသလို သူတို့ ရွာလေးက ချစ်စရာ ကောင်းတယ်..။ တစ်ကယ်။
ကျနော့်ကိုယ်တွေ့ လေး တစ်ခုကို မျှဝေခြင်းသာ....။
လေးစား လျှက်
ပေါင်ချိန်ဆူး
21 comments:
  1. အကို..
    အတိုးကျန်လို့ပြန်ဝင်တဲ့ အချိန်ရောက်တော့ ညီမလဲခွိကနဲပဲ အဟီး
    အဲလိုဇာတ်လမ်းမျိုးဆို သိပ်ကိုကြိုက်
    ငယ်ငယ်တုန်းကဆို ဒါမျိုးတွေ အရမ်းနားထောင် စာအုပ်တွေရှာဖတ်နဲ့ ..
    အကို ကလေးသားလေးတဲ့... အဟား အဲဒီဖက်က အဲလိုပဲပြောကြတယ်နော်..။
    အကို မေးပါရစေတခုလောက်..
    လွန်ခဲ့တဲ့ ၇နှစ်ကျော်လောက်က ညီမလေ အကြားအမြင်သွားတွက်ဖူးသေးတယ်။ အဲဒီမှာ ညီမက ကယ့်အလှည့်မရောက်သေးခင် လွယ်ထားတဲ့ အိတ်မှာ ပိုက်ဆံထုတ်ဖို့ ကြည့်လိုက်မိချိန်မှာ အိတ်ထဲမှာလေ ပုရွက်ဆိတ်တွေ အများကြီးပဲတွေ့တယ်။ စိတ်ထဲမှာ တမျိုးကြီးဖြစ်ပေမဲ့ အဲဒီအချိန်ထိ ကိုယ်တွေးတာက ငါ မိန်းကလေးဖြစ်ပီး တော်တော် ညစ်ပတ်တာပဲ အိမ်ရောက်မှ အိတ်လျှော်ရမယ်လို့တွေးတာ။ ဟိုက ဘာတွေ ဟောလဲတော့ မမှတ်မိတော့ဘူး..။
    ဒါပေမဲ့.. အိမ်လည်းပြန်ရောက်ရော အိတ်လျှော်မလို့ ကြည့်လိုက်တာ အဲဒီပုရွက်ဆိတ်တွေ မရှိတော့ဘူးးးး.
    အဲဒါ ဘာဖြစ်တာလဲဟင် အကိုသိလား.. စိတ်ထဲမှာ ကိုယ့်ကို စောင့်နေတဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူးလို့ထင်မိတယ်..။
    အဲလိုမျိုးက တကယ်ပဲလားးး ကိုယ်တိုင်ဖြစ်ခဲ့တာဆိုတော့ .. အိမ်ကိုပြောပြတော့ နောက်မသွားဖို့တားတယ်။ အမှန်ကနောက်တကြိမ် သွားထပ်စမ်းချင်သေးတာ..
    ReplyDelete
  2. မြတ်နိုး...ပုရွက်ဆိတ်တွေက ကိုယ့်ဘက်က မဟုတ်ဘူး...သူ့ ဘက်က...။
    ReplyDelete
  3. ဟီးဟီး ရီ၇တယ်။ လှေပွဲမနိုင်လို. စိတ်ညစ်နေတာ၊ အစ်ကိုရေးတာဖတ်ပြီး ပျော်သွားဘီ။
    ReplyDelete
  4. ဖြစ်ရမယ် ကိုသစ်ရေ့ ....
    ဘုံဘ၀မှာ ကြုံရပါ-ဆိုတာ အဲတာမှ အစစ်ပဲဗျ....
    ထပ်ရေးပါဦးဗျို့.....
    ReplyDelete
  5. ကိုသစ်နက်ဆူးရေ---
    သိပ္ပံပညာဘယ်လောက်ပဲတိုးတက်ပါစေ---
    လောကီကိစ္စတွေက ထူးဆန်းတယ်---
    သစ္စာတရားကလည်းအံ့သြဖွယ်ပါ---
    ကျမထင်ပါတယ်---ကိုသစ်နက်ဆူးဟာ--
    သစ္စာတရားကိုလက်ကိုင်ထားပြီး--
    စေတနာသန့်သန့်နဲ့ လူတွေအပေါ် ဆောင်ရွက်
    နေပုံရပါတယ်---သာဓုခေါ်ပါတယ်ရှင်----
    ReplyDelete
  6. သုံးဆယ့်တစ်ဘုံဝေနေယျလောကကြီးမှာ ကိုယ်မသိနိုင်တာတွေအများကြီးရှိတယ်ဆိုတာ အမှန်ပါပဲနော်..။ သိပ္ပံနည်းနဲ့ကုသလို့မရနိုင်တာတွေဟာ ဝိဇ္ဖာနည်းတွေနဲ့ပျောက်ကင်းခဲ့တာတွေအများကြီး တွေဘူးခဲ့၊ ဖတ်ခဲ့ရဖူးတယ်။ ကျမကိုယ်တိုင် ပုဂ္ဂလပညတ်ကျမ်းကို နည်းနည်းလေ့လာခဲ့ဖူးတယ်..။ ဂျာနယ်ကျော်မမလေးရဲ့ ခက်ခဲ့တဲ့ရောဂါတွေကို ပုဂ္ဂလပညတ်နည်းနဲ့ ကုသနိုင်ခဲ့တာတွေကိုလည်း ဖတ်ခဲ့ရဖူးတော့ ထူးဆန်းတဲ့ ဝိဇ္ဖာနည်းတွေနဲ့ လူတွေကိုကုသပေးနိုင်တာကို စိတ်ဝင်စားတယ်..။
    ReplyDelete
  7. စာဖတ်သွားတယ်ဗျာ။
    ReplyDelete
  8. ပုံရိပ် / Pon YateNovember 15, 2008 at 6:11 PM
    ကိုဆူး ပြောသလိုပဲ ရယ်ရခက်ခက်။ ဒါပေမယ့် ရယ်မိမှာပေါ့။
    ReplyDelete
  9. ထီပေါက်ချင်လို့ ဂဏာန်းလေး ၇လုံးလောက်ပေးပါလား...
    ပေါက်ရင် တဝက်ပေးမယ်လေ... :P
    ReplyDelete
  10. ကိုဆူးရေ
    ဒါမျိုးတွေ ကြားပဲ ကြားဖူးခဲ့တာ။ မကြုံဖူး၊ မမြင်ဖူး ခဲ့ဘူး။ ကိုဆူးရေးမှ ဒါမျိုးတွေ ရှိတယ်ဆိုတာ ကိုဆူးကို ယုံကြည်တဲ့အတွက် ယုံပါတယ်။
    တခါတလေတော့လဲ ကိုယ်တိုင် မြင်ဖူးချင်သား။ (ကိုယ့်ကိုယ်ထဲကို ၀င်ပူးတာ မဟုတ်ဘူးနော်။ ပရိသတ်အနေနဲ့ ကြုံဖူးချင်တာ ပြောတာ။ :)
    ReplyDelete
  11. အင်း အမချိုသင်းပြောသလို သိပ္ပံနည်းအရ ဖြေရှင်းမရတဲ့ဟာမျိုးကို ကိုယ်တိုင်တော့ ဘေးက မြင်ဖူးချင်ရဲ့ ။ ကိုယ်တိုင်တော့ မကြုံဖူးချင်ပါဖူး အဟီး ။
    ကိုဆူးက တကယ့်လိုင်းစုံပဲကိုး :)
    ReplyDelete
  12. ထူးဆန်းတဲ့အဖြစ်တွေကို လာဖတ်သွားတယ် ကိုဆူး။ စိတ်ဝင်စားစရာ ကောင်းတယ်။
    ReplyDelete
  13. ဒီလိုဆိုတော.လည်းမင်းသားကဘလော.ဂ်ဂါ
    နောက်ထပ်အတွေ.အကြုံလေးတွေလည်းမျှးပါ
ှုဦး။
    ReplyDelete
  14. ကိုဆူးေ၇းတာအရမ်းပီပြင်တယ်
    ReplyDelete
  15. ဒီလိုတွေရှိတတ်တယ်ဆိုတာတော့ သိခဲ့ပါတယ်ခင်ဗျာ။ ကိုဆူးခင်ဗျာ အဲဒီလိုလူတွေက နေရာတိုင်းမှာ ပေါပေါများများရှိလား၊ တချို့အဖြစ်တွေက စိတ်စွဲလို့ဖြစ်တယ်လို့ထင်လို့ပါခင်ဗျာ။ ကျွန်တော်က ဒီမှာ တောင်ကျော်အလုပ်သမားတွေနဲ့ ထိတွေ့နေတာဆိုတော့ တချို့ကိစ္စတွေမှာ သူတို့က တအားအယူသည်းနေကြတာတွေ့ရပါတယ်ခင်ဗျာ။ ရိုးရာကိုင်တာတို့၊ ပြုစားတာတို့ စသည်ဖြင့်ပေါ့။ ကျွန်တော်က သူတို့ရှိတာယုံပါတယ်။ ဒါပေမဲ့ လူတွေယုံကြည်နေကြသလို ထစ်ကနဲရှိ ရိုးရာ၊ပြုစား အဲလိုထင်နေကြတာကို ဘ၀င်မကျတာပါခင်ဗျာ။ ကိုဆူးက နယ်ပယ်စုံကို ထဲထဲဝင်ဝင် သိလို့ မေးကြည့်တာပါခင်ဗျာ။
    လေးစားလျက်
    မောင်ကျည်ပွေ့
    ReplyDelete
  16. c box မှာမရေးချင်လို့..ဒီလောလောဆယ် post မှာရေးသွားပါတယ်..နံမည်ကိုတော့တွေ့ဘူးပါတယ်..တခါတခါရောက်တတ်တဲ့ blog တွေမှာ..ဒါပေမဲ့..ဒီblog ကို..အခုညမှစရောက်ပြီးစဖတ်ဘူးတာ..နေ့လည်က..သူငယ်ချင်း Dr. ကပြောလို့လေ..တကယ်ကို..စာရေးကောင်းပါတယ်..တကယ်တော့..ဘဝရဲ့အတွ့အကြုံတွေကြောင့်လို့ထင်တယ်..အနှစ်တွေအများကြီးတွေ့ရတယ်..စိတ်ဓါတ်ကိုလဲလေးစားလျှက်ပါ..ဒီနေ့တော့..november post တွေကုန်အောင်ဖတ်သွားပါတယ်..နောက်ရက်တွေ..မှာကျန်တာတွေလာဖတ်မယ်..မပြန်ခင်တော့.. post တိုင်း လာဖတ်ပါ့မယ်..ချီးကျုးပါတယ်နော်...ဒီနေရာကဘဲ..november post တွေအားလုံးအတွက်comment ရေးခဲ့ပါရစေ..အစစအရာရာအောင်မြင်ပါစေလို့ဆုတောင်းပါတယ်.
    ReplyDelete
  17. မင်းသားကြီး ဒူကဘာ အမြဲရောက်ဖြစ်တယ် အနုပညာမှော်အောင်တဲ့ ခင်ဗျားကို ပြောစရာဘာမှ မရှိလို့ကို ဘာမှမပြောပဲ ဖတ်ပြီးပြန်ပြန်သွားတာ အကြိမ်ကြိမ်ပါပဲ၊ ပြီးပြည့်စုံတယ်ပေါ့ဗျာ ခင်ဗျားပို့(စ်)တွေ ဖတ်ယင် ရွာကိုလွမ်း လွန်လွန်းလှ သဗျာ......စာပေ ရောင်းရင်းကြီး - ဒူကဘာ။
    ReplyDelete
  18. အကိုရေ..
    ဘယ်လိုသူ့ဖက်ကလဲ ရှင်းပြပေးပါလား
    တကယ်သိချင်တာ။ ပြောပြပေးပါလား ။
    မေးလ်လေးနဲ့။ မြတ်နိုးမေးလ်က ဘလော့လိပ်စာအတိုင်းပါ။
    လွန်ခဲ့တဲ့ ၄နှစ်လောက်ကလဲ ကိုယ်အယင်ဘ၀က ဘယ်ဘ၀က လာလဲဆိုတာ ကို ညီမတယောက်ကဝင်ပီး
    စမ်းချောင်းက ဦးသီလဆိုတဲ့ ပုဂ္ဂိုလ်ဆီမှာ သွားမေးဖူးသေးတယ်။
    တခါမှ မျက်ဝါးထင်ထင်လဲ မမြင်ဖူးသလို ယုံလဲမယုံပေမဲ့..
    တကယ်ဝင်လာတော့ အံ့တွေသြပီး ကျက်သေသေသွားတယ်။ ဘာတွေမေးရမှန်းလဲသိဘူး။ ၀င်ပေးတဲ့သူက ကိုယ့်ညီမဝမ်းကွဲဆိုတော့.. ဟီး သူ့ကြည့်ပီး ကိုယ့်မှာ ရီနေမိတာ..။
    ယုံရမလို မယုံရမလိုနဲ့.. ရေးရင်းနဲ့တောင် ရီချင်တယ်။ အဟီး
    ReplyDelete
  19. ကိုသစ်နက်ဆူးရေ..
    လောကကြီးမှာဒါမျိုးတွေလည်းရှိတာပဲနော့...
    မှတ်သားရတာပေါ့
    ReplyDelete
  20. လာဖတ်သွားပါတယ်...။
    ဒီနေ့မှ လင့်ခ်ကို ရတာပါ..။ သေချာ ပြန်ဖတ်သွားပါ့မယ်...။
    ReplyDelete
  21. လာဖတ်သွားပါတယ်ဗျာ တကယ်လားဗျာ ကောင်းကင်ပြာကြီးရဲ့ အောက်မှာ မဖြစ်နိုင်တာဆိုတာ မရှိပေမဲ့
    မြန်မာ လူမျိုးတွေရဲ့ ယုံကြည်မှု့တွေထဲမှာ ဒါမျိုးတွေများနေတော့ ကျနော်တို့ တိုးတက်မှု့ရှာတဲ့ နေရာမှာ နှောင့်နှေးနေမှာ စိုးရိမ်တယ်ဗျာ
    http://shwezinu.blogspot.com
    ReplyDelete