Monday, November 3, 2008

“ ငါ...အိမ်ထောင်ဦးစီးဟေ့ ”



ငါ..အိမ်ထောင်ဦးစီးဟေ့ လို့ .....ကြွေးကြော်သံနဲ့ ချွန်းဖွင့်ထားတော့... သစ်နက်ဆူးက မဟာဖိုဝါဒ ဆုပ်ကိုင်ထားတဲ့သူ...
ငါ တစ်ကော ကောတယ်လို့ ထင်ရင်တော့ နည်းနည်းလွဲပြီ....။ ဒီလိုကြွေးကြော်တာ ကျနော် မဟုတ်ပါဘူး...။
ရခိုင်အကြောင်းရေးရင်း ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေကို သတိရသွားလို့  ရေးဖြစ်သွားတာ..။ ကျနော့် အကြောင်းလဲ ပါတာပေါ့...။ ကျနော် ပြောခဲ့ ပါတယ် ...မထင်မှတ်ဘဲ အချိန် ကျလာတော့ ၀ိဥာဉ်လောက ၊နာမ်လောက မှာ ၀င်ပါတ်သက်ခဲ့ ရတယ်လို့ ..။
မြန်မာနိုင်ငံမှာ မိရိုးဖလာ ယုံကြည်မှုတွေကတော့ နယ်တော်ရှင် ရွာတော်ရှင် နဲ့ သိုက်တွေပါဘဲ...။
ကျနော်လဲ ဘယ်ပါရမီပါလာလို့ လဲဆိုတာ စဉ်းစားရင် ခေါင်းတောင်လည်တယ်..။ အခုတော့ ဒီအလုပ်တွေ မလုပ်တော့ပါဘူး...
အမျိုးသမီးရဲ့ ရွာလေးမှာနေခဲ့ တုန်းကပါ...။
ဌက်ဖျားဖြတ်ချင်လဲ...ကျနော့်ဆီ.. အရိုးကျိုးရင်...ရွာသူကိုင်ထားရင်၊ သရဲ သဘက်ပူးရင်၊ နတ်ပူး သိုက်ပူး...ဘုရားထီးတော်တင် အနှောက်အယှက်..စုံနေတာဘဲ..။
ဇာတ်နားလို့ အိမ်ပြန်ရောက်လဲ အေးဆေး မနေရ။ ဇာတ်ခေါင်းပြုတ်ချိန်လဲ အေးဆေး မနေရ...။ လက်ခံထားတဲ့ ပုံတွေလဲ ဖြောင့်ဖြောင့်မဆွဲရ..။ နောက်ဆုံး ကလေး မျက်နှာမမြင်နိုင်တာက အဆုံး လာကြတာဘဲ..။ ကိုယ်က ဆရာနာမည်လဲ မခံချင်ဘူး...
ငွေကြေးလဲ မယူဘူး...အိပ်စိုက်။ အိပ်စိုက်နဲ့ ကူညီရတာ စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး...။
အဓိက..အချက်က ကျနော့်အတွက် အချိန်...နားချိန်..။ မရှိသလောက်..။ အားကိုးတစ်ကြီးလာတော့လဲ အားနာတာရယ် သနားတာရယ်..။
ရွာလေးရောက်ကာစက ကျနော် ဘယ်လောက်ဝေးလဲဆို... အိမ်ဘေးကနေ ကောက်စိုက်ဆင်းကြတာ လူတွေအများကြီးဘဲ...ကျနော်က ရောက်စလဲဖြစ်..အံ့သြတာပေါ့...သူတို့ ကောက်စိုက်သူတွေမှာ လူတိုင်း တစ်ယောက်တစ်ခုစီ ကိုင်သွားကြတာ..။
ဒီတော့ မိန်းမကို ပြောတာပေါ့....
“ မင်းတို့ မွန်ပြည်နယ်ကလူတွေ လယ်ထဲဆင်းတာ ဦးရှင်ကြီးနတ် တင်ရလား...လူတိုင်း ကျောင်းဆောင်လေးတွေ ကိုင်ပြီး လယ်ထဲဆင်းကြတယ်” ဆိုတော့ မဒမ်ဆူးက ထိတ်လန့် တကြီးနဲ့ ....
“ ကို...စကားကို အရမ်းမပြောနဲ့ ...အဲဒါ ကျောင်းဆောင်တွေမဟုတ်ဘူး....မျိုးဆောင့်ခုံ( စပါးပျိုးပင်လေးတွေ စုစည်းပြီးညီသွားအောင် ဒီခုံလေးပေါ် ဆောင့်ကြတာ) ” တဲ့ ...လွဲပြီဆို အဲဒီလို..။ တော်တော်တူတာကိုး..။ ထားပါတော့ ဒါက..။
ပြောချင်တာက ကျနော်နဲနဲ ကျပ်လိုက်တဲ့ ကိစ္စ......။
အိမ်မှာ တခါတလေ( ခဏခဏပါ) အိပ်ယာကတောင် မထရသေးဘူး...အိမ်ရှေ့ ခန်းမှာ ရောက်နေပါပြီ...တုန်နေပါပြီ... သိုက်ကတဲ့ ..။
သိုက်ဘဲ သိုက်နိုင်လွန်းတယ်ဗျာ...။ သူတို့ ရွာမှာ သိုက်ဆိုတာ ခရေဇီ ဘဲ.. ။ ဒီကောင်မလေးက သိုက်ထဲကလာတာတဲ့ ဆို...
ရွာမှာ ဇကာတင်စာရင်းပေါက်ပြီး ပေါ်ပြူလာဖြစ်ပြီ..။
တခါက ၁၀ ယောက်ကျော်တယ်...ပျိုပျိုအိုအို အကုန်လုံး တစ်ညီတည်း..လာပူးနေတာ..။
သိုက်ဆိုတာ စည်းကမ်းရှိပါတယ်...၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရတာမှ မဟုတ်တာဘဲ...။ မိဘတွေအသိုင်းအ၀ိုင်းတွေပါ အတူပါလာကြတာ...ဂုဏ်ယူသော မျက်နှာတွေနဲ့ ပေါ့...။
ကျနော်က နာမ်လောက မရှိဘူးလို့ မပြောပါဘူး...ဒါပေမယ့် စုံမှိတ်ယုံတာ...ကိုလက်မခံဘူး....သရဏဂုံ ပျက်မယ့် အပြုအမူ၊
အစွဲအလန်းတွေကို ပြုပြင်ချင်တာ...လမ်းတည့်ပေးချင်တာ..။
ဒီတော့ မေးတာပေါ့...“ ဘယ်သိုက်ကများ...လာခဲ့ ကြလဲ” ဆိုတော့...
မြန်မာပြည်အနှံ့ ဘဲ..ပြောကြတာ...။
အတိုင်းထက်အလွန် သိုက်ပြီးရင်းသိုက်နေတာ့ ကျနော်က ကျပ်ပြီ...။
“ အင်း...သိုက်ဆက်တွေ ဆိုတာ..နောက်ပွင့်မယ့် ဘုရားရှင်အတွက် ရည်မှန်းပြီး လှုဒါန်းကြဘို့ ရတနာပစ္စည်းကို စောင့်ရှောက်နေကြတယ်ဆိုတာတော့ ကောင်းပါတယ်...တစ်ကယ်တန်းဆိုတော့လဲ သိုက် ဆိုတာ ဘုတ် ပြိတ္တာ အနွယ်တွေ...စဉ်းစားကြ..
ကိုယ်က လူကြားမှာ ကျမက သိုက်ဆက်လေ...သိုက်ကလာတာ...သိုက်အနွယ်ဝင်လို့ ပြောတိုင်း...အနက်ကိုယူရင်တော့...
ကျမက ပြိတ္တာမကြီးပါ...ဘုတ်မကြီးပါ.တံထွေးနှပ်တို့ ကို မ၀ရေစာ ပင်ပန်းစွာ စားနေရတဲ့  ပြိတ္တာ အဆက် ပြိတ္တာ အနွယ်ပါလို့ ကိုယ့်ကိုကိုယ်ဖော်ပြနေတာ...ဟုတ်၇ဲ့ လားပြိတ္တာအပေါင်း ၊ဘုတ်မ အပေါင်းတို့ ...”
စကားဆုံးတာနဲ့ တုန်တာတွေ ရပ်ပြီး.အိမ်ကနေ သုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားလိုက်ကြတာ... နောက် သိုက်တွေ သိပ်မလာရဲတော့ဘူး...။
နောက် တစ်ခုက တောင်ပိုင်အဘိုး...တဲ့  ရွာ အပေါ်ဘက်က တောင်ကုန်းမြင့်လေးပေါ်က ဘုရားလေးမှာ ခဏခဏ လုပြီးကို
ဝင်ကြွကြတာ...အပြိုင်အဆိုင်ဘဲ...။
သူ့ မှာ ၀င်ကြွနေတာ...တောင်ပိုင်တဲ့ ... အို...ငါ့မှာ ကြွတာက တောင်ပိုင်အစစ်....။ အဲဒီတောင်ပိုင်က ကျနော့်ဘက်လှည့်လာတာ...။
ဝန်ကြီး တဦးရဲ့ အမက တောင်ပိုင်အဘိုးနန်းနဲ့ ရုပ်ထုလှုမယ်...အဘိုးရုပ်ထုကိုတော့ ကျနော်ထုလုပ်ပေးပါ..တဲ့။ ကျနော်လဲ ငြင်းလို့ မရပါဘူး...သားအမိလို ဖြစ်နေတော့ အလကားပဲတင်း ပညာဒါနပြုပါတယ်...မဒမ်ဆူးတို့ ရွာကိုး...။
ရုပ်ထုတောင်မပြီးသေးဘူး...ကြွချင် ၀င်ချင်လွန်းလို့ လယ်ထဲကွင်းထဲကတောင် လာချောင်းပြီး နံပါတ်စဉ် ဘွတ်ကင်ချိတ်ကြတာ...။
ကျနော်ရုပ်ထုထုရင်း ရုပ်ထုအတွင်းရင်ဘတ်နေရာ အတွင်းထဲမှာ သစ်ရွက်တစ်ရွက်ခူးပြီး ထည့်မြှုပ်ထားခဲ့တာ...။
ရုပ်ထုပြီးလို့  တောင်ပေါ်မှာ အလှုရှင်ရော၊ တောင်ပိုင် အဘိုး ပင့်မယ့်သူတွေရော အများကြီးဘဲ၊ စည်နေတာ ရွာသားတွေလဲ အများကြီး...။ ပထမ အလှုရှင် ထပြီး လှုဒါန်းတဲ့ အကြောင်းပြောတာပေါ့..။ နောက် ကျနော်ပြောရမယ့် အလှည့်....။ အဟမ်း.....
“ ကျနော်က ဒီရွာ ဇာတိမဟုတ်ပေမယ့်၊ ဒီရွာလေးကို ချစ်ပါတယ်..ဒီရွာကိုချစ်မှတော့ ဒီတောင်ပိုင်အဘိုးကိုလည်း ချစ်ပါတယ်...
ဒါကြောင့် ဒီအဘိုး ရုပ်ထုအတွက် ငွေကြေး တစ်ပြားမှ မယူဘဲ ပညာဒါနပြုတာပါ...ဒါပေမယ့် ကျနော်တို့ တောင်ပိုင်ကို သူများရွာက
တောင်ပိုင်တွေနဲ့ မတူအောင် အဘိုးကိုယ်ထဲမှာ သစ်ရွက်တစ်ရွက်ထည့်ထားပါတယ်...တစ်ကယ်လို့  အဘိုးဝင်ကြွလာရင် ကျနော်က အဘိုးကိုမေးမယ်...အဘိုးကိုယ်ထဲမှာကျနော်ထည့်တာ ဘာအရွက်လဲ....လို့ ၊ အဘိုးတောင်ပိုင်က နတ်ဆိုတော့ သိကိုသိမှာပါ..ကျနော်ထည့်တာ အမှန်အတိုင်းပြောနိုင်ရင် အဘိုးအစစ်ဘဲ၊ ဒါသေချာရင် အဘိုး ဘာခိုင်းခိုင်း ကျနော် ပညာဒါန ထပ်ပြုပါဦးမယ်...”
အကုန်လုံး တိတ်သွားတာဘဲ...။
ပွဲတာပြီးသွားတယ်..တောင်ပိုင်အဘိုး တစ်ယောက်မှ မကြွလာဘူး....။ နောက်လည်း တောင်ပိုင်းအဘိုးက အနေအထိုင်ဆင်ခြင်သွားတယ်... ဘုရားတောင်နဲ့ ကျနော့်အိမ်နဲ့ နီးတော့ အဘိုးတစ်ခါမှ ကို မကြွလာဘူး...။
ကျနော် ခရီးထွက်လို့ အိမ်မှာ မရှိမှ တောင်ပိုင်ကြွရဲတာ...။
အဲဒါက အသိအမြင်တွေ ကျယ်စေချင်လို့ ကျနော်ကျပ်ခဲ့ တဲ့ ကိစ္စ...။ ကျနော်က နဲနဲတော့ ရွတ်တယ်...။
အဲ...ကျနော့်ထက်ကိုရွတ်တာကို ရခိုင်မှာ တွေ့ ဘူး ကြားဘူးခဲ့တယ်...။
ရခိုင်ပြည်မှာတော့ ရွာတော်ရှင် အဘိုး ဆိုညောင်းထား...မလိုဘူး...လူရာမ၀င်နတ်ရာမ၀င်ဘူး....။ အင်္ဂလန် အဆက်တွေလားတော့မသိဘူး... သူတို့ ဆီမှာက ရွာရှင်မက စတားဘဲ...။
ဘာဘဲဖြစ်ဖြစ် ရွာအရှင်မ က၊ အခရာ...အဓိက.။ အားလုံးက ရွာရှင်မဆို အသေ ကြောက်တာ...။
လှေမှောက်လဲ ရွာရှင်မ၊ ရေနစ်လဲ ရွာရှင်မ၊ ငါးမရလဲ ရွာရှင်မ၊ ဓါးထိုးလဲ ရွာရှင်မ ၊ဇာတ်က မီးစက်ပျက်တာလဲ ရွာရှင်မ...။
မင်းသမီးလေးဗိုက်အောင့်တာလဲ ရွာရှင်မ ...။
ရွာတစ်ရွာမှာ ရွာရှင်မ တစ်ပါးရှိတယ်...ရွာအ၀င်တိုင်းမှာ ရွာရှင်မ သစ်ပင်နဲ့ ရွာရှင်မနန်းရှိတယ်...။
ရွာတစ်ရွာရဲ့ ရပ်ရေးရွာရေးကို ဆုံးဖြတ်နိုင်တာက ရွာရှင်မဘဲ...ရွာလူကြီး..ကောင်စီိလူကြီး.လား...သွား မြောင်းထဲကို။
အဲဒီလောက်ပွဲပြီးမီးသေတဲ့ ရွာရှင်မက တစ်နေ့ ကြွလာပြီး....အထူးအဆန်းပြောလာတယ်...။ ဒီတစ်ရွာလုံး ကပ်ဘေးမကြုံ အသေဆိုးနဲ့ မကြုံချင်ရင် ရွာတောင်ပိုင်းက လူကြီး( နာမည်မေ့) နဲ့ ရွာရှင်မ ပင်တိုင်ကြွသူနဲ့ လက်ထပ်မှ ရမယ်တဲ့..။
ရွာရှင်မ စကားအတိုင်း ရွာက လူကြီးသူမတွေ သွားပြောတာပေါ့....။
ဟိုက လက်မခံဘူး...အဓိပ္ပါယ် မရှိဘူး...ဘာညာပေါ့။ ဟိုလူကြိးက မုဆိုးဖို...ရွာစွန်မှာ ခြံစိုက်ပြီး အေးဆေးနေတာ။
၁ခေါက်မရ ၂ခေါက်မရ၊ ၃ခေါက်ညှိမရတော့ ရွာရှင်မက တစ်ရွာလုံးကို သတ်တော့မယ် ကြိမ်းဝါးရောဗျာ...။ တစ်ရွာလုံး ပြဿနာတက်
ပြီ...ရွာအရှင်မစကားနားမထောင်တဲ့  ဟိုလူကြီးကို ရွာကမောင်းထုတ်မယ်လုပ်ရော....။
ဟိုကလဲ သူ့ ဘာသာ နေလာတာ အခြေကျနေမှ ဒီလိုပြောလာတော့ စိတ်တိုတာပေါ့။ လက်မခံနိုင်ဘူး ပြောတော့ တစ်ခါတည်း မောင်းထုတ်မယ်လုပ်တာ...သူလဲ ခဏစဉ်းစားပြီး မှ ရွာရှင်မကို လက်ထပ်ပါမယ် လို့ ကတိပေးတော့တာ...။
ရွာရှင်မ ၀င်တဲ့ သူရော ရွာသားတေါရော ပျော်လိုက်ကြတာပေါ့ဗျာ...။ သူတို့ အပျော် ၃ရက်တောင်မခံပါဘူး....။
၂ရက်မြောက်ပြီး မိုးလင်းတော့ ရွာထိပ်က ရွာရှင်မ ပိုင်တဲ့ သစ်ပင် အကြီးကြီး မရှိတော့ဘူး....ကိုင်းဖျားကိုင်းနားမပြောနဲ့  အမြစ်တောင်မကျန်ဘူး....။ ဟိုလူကြီး ထင်းအဖြစ်ခုတ်ပြီး တပ်တောင်မြို့ က ထင်းဒိုင်မှာ သွားသွင်းလိုက်တာ..။
နောက်မှ ရွာသားတွေ စုံစမ်းတော့ အကြောင်းစုံသိပြီး ရွာလူကြီးနဲ့ ရွာသားတွေ ဓါးတွေ၊တုတ်တွေ လှံတွေနဲ့ ရွာရှင်မ ယောင်္ကျားဆီ သွားတာပေါ့..။
သတင်းအတိအကျရတဲ့ အတိုင်း ဘာလို့ လုပ်လဲ မေးတော့...နှီးဖြာ နေရာကနေ အေးဆေးဘဲ ပြန်မေးပါတယ်...
“ ငါနဲ့ ရွာရှင်မက ဘာလဲ”
“ ဦးလေးက ရွာရှင်မလင်...”
“ အေး....ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီးဘဲ...ငါ့မိန်းမ ပိုင်တဲ့ အပင် ငါခုတ်တာ ဘာလုပ်ချင်လဲ..ငါ့ မိန်းမနဲ့ တိုင်ပင်ပြီး ငါလုပ်တာ...
မယုံရင် ဒီမှာ ထိုင်နေတဲ့ ငါ့ မိန်းမကို ပင့်ခိုင်းပြီး ကြွလာရင် မေးကြည့်....ကောင်မ ရီးတီးယားတား မလုပ်နဲ့ နော်...
ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီး” တဲ့ ..။
ရွာရှင်မ လဲ မျက်လုံးလေးကလယ်ကလယ်နဲ့ ။
ရွာသားတွေလဲ တစ်ခွန်းမှ မဟ ရဲတော့ဘူး... နို့ ..ရွာရှင်မက တုတ်တုတ်မှ မလှုပ်တာ..။
ကဲ.....သူက ကျနော့်ထက်တောင် ရွတ်ပါတယ်ဆို...။

ထေရာဝါဒစစ်စစ် ဖြစ်စေချင်သော စေတနာနဲ့ ...။
သစ်နက်ဆူး

သြော်...မေ့လို့ ...အရှင်မနေတာက ကျောက်ဖြူမြို့ နဲ့ တပ်တောင်မြို့ ကြားက ရွာ...။
ကျနော် ထည့်ထားခဲ့တာက သရက်ရွက်...။

22 comments:

  1. ဟုတ်တယ်.. လူအများစု ကဘုရားရှင်ဟောကြားတဲ့ တရားတွေကို ပစ်ပယ်ပြီး အဲ့ဒီလိုတွေဘက်မှာ တအားယုံကြည်လာကြတာ.. ကျမတို့ဆီမှာနတ်ပွဲအမြဲတန်းရှိတယ်.. ကျမတို့က ကလေးဆိုတော့ ဆိုင်းသံကြားရင် သွားတာပဲ.. အဖေကမကြိုက်ပေမဲ့ နတ်ဆိုတာ လူတွေနားမကပ်တဲ့အပြင် နတ်သက်နဲ့ လူသက်ဟာလည်းဘုံစဉ်တွေအလိုက် အရမ်းကွာခြားတယ်ဆိုတာ ဘုရားဟောကြမ်းတွေနဲ့ ကိုးကားပြီးပြောပြဘူးတယ်..

    ReplyDelete
  2. ဟားဟားဟား
    အတော်ရွတ်တဲ့ လူပဲ။ ကောင်းပါလေ့။

    ReplyDelete
  3. မြတ်နိုးလဲ ရွတ်တယ်

    ကောင်းတယ်..။ မှတ်ကရော။
    ငါ အိမ်ထောင်ဦးစီးဟဲ့..ဟားဟား

    ရီရတယ်။ တခါတခါကျတော့လည်း မယုံအခက်ယုံအခက်နော်..။

    မြတ်နိုး အဒေါ်ဝမ်းကွဲ ကလေးမွေးတာရယ် မင်္ဂလာဆောင်တုန်းကရယ် ကရင်နတ်ကို သွားမပြလို့ ရူးတယ်လေ.. ဘာနဲ့ကုကု ရဘူး ။
    နောက်သွားပြန်ပြတော့မှ ပြန်ကောင်းသွားတယ်။
    ယုံရအခက်မယုံရအခက်ပဲ..။

    ReplyDelete
  4. ကိုသစ်ကိုတော့ တကယ် လေးစားသွားပြီဗျို့...
    ကိုသစ်လိုလူမျိုးတွေ များများရှိရင် ကောင်းမှာပဲဗျာ...

    ကျနော်တို့ ရပ်ကွက်ထဲမှာတော့
    နတ်ကနားဝိုင်းထဲ ခွေးရူးဝင်ကိုက်တာ
    ပူးနေတဲ့ နတ်တွေလည်း ထွက်ပြေးတာပဲဗျ...
    နတ်က ခွေးရူးတော့ ကြောက်ပုံရ၏-- ဟီးဟီး

    ReplyDelete
  5. ဟားဟားဟား...အကိုကတော်လိုက်တာ...
    ရှင်မင်းမှာအဒေါ်တစ်ယောက်ရှိတယ်... အိမ်ကလူတွေကို
    မကျေနပ်ရင်မူးလဲချင်ယောင်ဆောင်တာ.... ဟားဟား..
    သူ့ကို ကိုဆူးဆီလွတ်ရမယ်

    ReplyDelete
  6. ကောင်းတယ်.. အဲလိုမှ အယူမှားတဲ့လူတွေ မှတ်သွားမှာ...

    ReplyDelete
  7. အဟား .. ဖတ်ပီး သဘောကျလိုက်တာ ။

    ReplyDelete
  8. ရီရတယ်။ တော်လိုက်တဲ့လူ။ ကောင်းမှကောင်း

    ReplyDelete
  9. သိပ်ကောင်းတဲ့ ပို့စ်ပဲ ကိုသစ်နက်ဆူးရေ...
    ထေရဝါဒ ဗုဒ္ဓဘာသာမှာ... ဒီလို အယူမှား ဝါဒမှားတွေကြောင့်... လူများစုကို ထင်ယောင်မြင်ယောင်မှားစေတယ်... ဘာသာခြားတွေအလယ်မှာ မျက်နှာငယ်စေတယ်.... အမှားကြာတော့ အမှန်လိုလို ထင်ကုန်တာ သိပ်ခက်တာပဲ..

    ReplyDelete
  10. ကိုဆူးက လူရွတ်ကိုးဗျ။ဟားးးးးး ဟားးးးး မိုက်တယ်။
    အခုမှသတိရတယ်။ ကျွန်တော်လဲ ရုက္ခစိုးဝင်တယ်ဆိုတဲ့ တပည့်ကျော် မိန်းမကို ပြားပြားဝပ်သွားအောင် အပြတ်ချဲဖူးတယ်။ နောက်များ ပြောပြမယ်ဗျာ။

    ReplyDelete
  11. ဗဟုသုတတွေ ရသွားပါတယ်--
    စာရေးကောင်းတယ်--
    ရသတွေဖန်တီးနိုင်တယ်--
    အားပေးနေပါတယ်---
    ရွှင်လန်းချမ်းမြေ့ပါစေ--

    ReplyDelete
  12. နှစ်သက်တာမို့ ဒုတိယအကြိမ် ပြန်လာဖတ် ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပို့စ်လေးပါပဲ
    ခင်မင်လျက်
    http://winzaw-mdy.blogspot.com

    ReplyDelete
  13. ကိုသစ်နက်ဆူးရေ… အယူတိမ်းသူတွေကို ပညာပေးတာ တော်လိုက်တာ…
    ကျွန်မအဖေကို ဒီပို့ စ်လေးအကြောင်းပြောပြလိုက်ဦးမယ်… ကျွန်မအဖေကလဲ ကိုသစ်နက်ဆူးလို ဘုရားမှအပ ကိုးကွယ်ရာမရှိ…

    ReplyDelete
  14. ကိုဆူး...
    လာလည်သွားတာ...
    Comment ရေးသွားတာတွေကို ကျေးဇူး အများကြီးတင်ပါတယ်..။
    ကိုဆူးဆီကိုလဲ နေ့ တိုင်းလာဖတ်ပါတယ်...။ အချိန်မရလို့  Comment မရေးခဲ့နိုင်တာပါ။ Weekend မှ အေးအေးဆေးဆေး လာဖတ်ပါအုံးမယ်...။
    ကိုဆူး ဘလော့ဂ် ကို Link ထားပါရစေ...

    ReplyDelete
  15. တန်ဖိုးရှိသောပို့ စ်တစ်ခုပါ။ဗုဒ္ဒဘာသာထွန်းကားတယ် ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုးလူတွေများများလိုအပ်တယ်။

    ReplyDelete
  16. သိုက်ဆိုလို့ ကျွန်မလည်း သိုက်တခုနဲ့ တခါကြုံဖူးတယ်။
    အဲဒီအကြောင်းတောင် စာရေးရကောင်းမလား စဉ်းစားနေတာ။
    တယ်လဲ ဟုတ်တဲ့ ရွာရှင်မလင် .. နော် .. ဟဲဟဲ ရယ်ရတယ် .. ဒါမျိုးတွေလည်း ရှိဦးမှ။

    ReplyDelete
  17. မင်္ဂလာပါ ကိုဆူးပြတိုက်

    ဖတ်ရှု့သွားပါတယ်။ ကောင်းလိုက်တဲ့အတွေး၊ ကျွန်နော်လဲ တချို့ ရှေးထုံးတွေကို မယုံပါ။ အထူးသဖြင့် နတ်စိမ်းတွေနဲ့ ပတ်သက်ပြီးပေါ့။

    စကားမစပ် မွန်ပြည်နယ်ဖက်တော့မသိဘူး။ တနင်္သာရီတိုင်းဖက်ကတော့ ဦးရှင်ကြီးနတ်ကို ပင်လယ်ကို ပိုင်စားပေးထားတယ်။ တံငါသားတွေအတွက်ပေါ့။ ဒါလဲ အယူတခုပါ။ မယုံပါဘူး။ ဒါဗေမဲ့ ယုံတဲ့သူတွေ ဦးရှင်ကြီးကို ပသရင် နတ်ခေါ်တဲ့လူက ရွှေန်းကို ပြန်တော်.. လောက်ပဲ အော်ရသေးတယ်။ စားပွဲပေါ်မှာ တင်ထားတဲ့ မုန့်ပုဂံများကို လုတဲ့ ငယ်ဘ၀များကို သတိရတယ်။

    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  18. အရမ်းဖတ်လို့ကောင်းတဲ့ ပိုစ့်ပါပဲ..
    ဖတ်စေချင်တယ် လူတိုင်းကို..
    အစ်ကို့ရဲ့ စေတနာတွေကိုလဲ လေးစားပါတယ်

    ReplyDelete
  19. ဒီအိမ်မှာ ငါ အိမ်ထောင်ဦးစီး” တဲ့ ..။
    ရွာရှင်မ လဲ မျက်လုံးလေးကလယ်ကလယ်နဲ့ ။


    :) မျက်စိထဲ မြင်နေမိတယ်

    ReplyDelete
  20. ဟမ်...။
    မျက်လုံးလေး ကလယ်ကလယ်နဲ့ဆိုတော့ တစ်ကယ် ရွာရှင်မ ၀င်တဲ့ နတ်ဝင်သည်ကို ယူတာလား...။ ဒါမှမဟုတ် ရွာရှင်မ ရုပ်ထုကို ပြောချင်တာလား..။
    ခေါင်းစားသွားတယ်...။

    ReplyDelete